စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, February 16, 2013

ကျွန်တော်နှင့် ဘေဂျင်းအပိုင်းအစများ ၎


          ဘေဂျင်းရောက်ရင်တော့ ပီကင်းဘဲကင်စားဖြစ်အောင် စားရမည်ဟုဆိုပြန်သည်။  ထို့ကြောင့် ပီကင်းဘဲကင်ဆိုင် ချီတက်ကြသည်။  ဆိုင်ရှေ့မှာ စားဖိုမှုး ဘဲရုပ်က လက်ယပ်ခေါ်နေသည်။  ဒီ ဘဲကင်ဆိုင်ကတော့ နာမည်အကြီးဆုံးပဲဟု တစ်ယောက်ကပြောသည်။  ဘာတွေ နာမည်ကြီးသည်တော့မသိ။  အထဲရောက်တော့ စင်မြင့်တစ်နေရာမှာ တစ်မျိုးပြီး တစ်မျိုး ပြနေကြသည်။  မျက်လှည့်လဲပါ၏၊  ရုပ်သေးလဲပါ၏၊  မျော့လိုမျိုး ခန္ဓာကိုယ် တွန့်လိမ်သော ပြကွက်လဲပါ၏။  လွတ်သွားသည်မှာ မျက်နှာဖုံး ပြောင်းသည့် show ပွဲဖြစ်သည်။  “သိုင်းမင်းသားနှင့် နတ်ကလျှာ”  ဇာတ်ကားထဲက နာမည်မမှတ်မိတော့သော ဂိုဏ်းချုပ်ကြီးလိုပင် မျက်နှာဖုံးများကို ရွှပ်ကနဲ ရွှပ်ကနဲ ဖလပ်၊ ဖလပ် နေအောင် ပြောင်းနိုင်သည်ဟုဆိုသည်။  ဘယ်လိုပြောင်းသည်တော့မသိ။  မြင်လဲ မမြင်ဖူး၊  ပွဲကလဲ လွတ်သွားသောကြောင့် သူများပြောသမျှ  သြော်…. ဟုပင် ဆိုနိုင်သည်။  သို့သော် ဘယ်လိုပြောင်းလဲက သိချင်သည်။  သိချင်သောကြောင့် နံရံမှာချိတ်ထားသော မျက်နှာဖုံးကို ယူတပ်ကြည့်သည်။  သစ်သားမျက်နှာဖုံးကြီးဖြစ်သည်။  ဒါကို ဘယ်လိုများ ဖလပ် ဖလပ်နေအောင် ပြောင်းနိုင်ပါသနည်း?  သူနည်း သူ့ဟန်တော့ ရှိမှာပေါ့။  သစ်သားလဲ သုံးချင်မှ သုံးလိမ့်မည်ထင်သည်။  




          ဘဲကင် နှစ်ကောင်မှာလိုက်သည်။  ပီကင်းဘဲကင် ဆိုသည်မှာ ဘဲကင်ကို အသားနှင့် ကြွပ်နေအောင် ကင်ထားသော ဘဲကို ညီညာသော အလွှာကလေးတွေဖြစ်အောင် ဖြတ်ပြီးတော့ ဆန်နှင့်လုပ်ထားသော ဖက်ထုပ်လွှာလိုမျိုး အပြားလေးပေါ်တွင်တင်… ပြီးတော့ ကြက်သွန်မိတ်နှင့် တို့စားစရာ ဆော့စ် တစ်မျိုးကိုရော၊ ထုပ်ပြီးတော့ ပါးစပ်ထဲထည့်၊ စား။  အင်း… ဒါပဲ။ 

          ဒါပေမယ့် အရသာကတော့ ကောင်းသည်။  ဘဲကင်ကို လှီးပေးသောသူများ ကျွမ်းကျင်ပါက ၅ မိနစ်အတွင်း အလွှာပေါင်း ၁၀၀ ကနေ ၁၂၀ လောက်အထိ လွှာနိုင်သည်ဟုဆိုသည်။  ကောင်းလေစွ။  စားပွဲထိုးကောင်မလေးက ဘယ်လိုစားသလဲဆိုတာကို ထုပ်ပြသည်။  ဓာတ်ပုံရိုက်၏။  

    ကျန်သော ဘဲအရိုးတွေကိုတော့ စွတ်ပြုတ်လုပ်ပေးသည်။  ဘဲကင်တစ်ကောင်အတွက် ကဒ်တစ်ခုပေးသည်။  ဘယ်နှစ်ခုနှစ်ကစပြီးတော့ ဒီဆိုင်ကို စဖွင့်ကြောင်းနှင့် အခုစားနေသော ဘဲကင်မှာ အကောင်ဘယ်နှစ်ကောင်မြောက်ဖြစ်ကြောင်း  ဘာညာ ရေးထားသော ကဒ်ဖြစ်သည်။  သြော်… ကြော်ငြာ၊ ကြော်ငြာ… တတ်လဲ တတ်နိုင်တဲ့လူတွေ။ 

    ပြီးတော့ ထုံးစံအတိုင်း တခြားဟင်းပွဲတွေကတော့ ဟိုတို့တိ၊ ဒီတို့တိနှင့် စားကြသည်။  ဘေဂျင်းကပြန်တော့ ရယ်ဒီမိတ် ဘေဂျင်း ဘဲကင် တစ်ကောင်ဝယ်လာသည်။  ဟိုတယ်ရောက်တော့ စားဖိုမှုးကိုပေးပြီးတော့ အပူပေးခိုင်းလိုက်သည်။  စားလို့ မကောင်း။
          နောက်တော့ လမ်းတစ်လျှောက်မှာရှိတဲ့ ဘားဆိုင်လေးတွေကို ကွင်းဆင်း လေ့လာရေးလုပ်သည်။  တစ်ဆိုင်ပြီး တစ်ဆိုင်သာပြောင်းထိုင်တယ် ဘီယာကတော့ ဒီ အရသာပဲ။  အဲ့ဒါက နဲနဲ ထူးဆန်းတယ်။  Paulanar ဆိုင်ထဲက စုံတွဲ Band ရဲ့ One Night In Beijing ဆိုတဲ့ သီချင်းကတော့ နားထောင်ကောင်းသည်။  One Night in Beijing ကလွဲပြီးတော့ ကျန်တာ နားမလည်။  သို့သော် နားထောင်လို့ကောင်း၏။ 






            ဒီလိုနှင့် ဟိုတယ်ကို ဘယ်လိုပြန်ရောက်သွားသည်မသိ။  မနက်နိုးတော့ Bird’s Nest နှင့် Water Cube သွားမည်ဟုဆိုသည်။  အဟား… ဘေဂျင်းမှာ ငှက်သိုက်တွေဘာတွေ ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။  ဇီဝဇိုးလိုအကောင်ကလေးတွေကလဲ ပင်လယ်နားနီးတဲ့ နေရာမှာ နေကြတယ် ကြားဖူးတာပဲ။  ငှက်သိုက်လေးဘာလေး နှိုက်လို့ရရင်တော့ အကောင်းသား၊  ငှက်အံဘတ်ဆိုတာက ဆေးဖက်ဝင်တယ် ကြားဖူးသကိုး။  ဒီလိုနဲ့ အိပ်ချင်မူးတူး ကားပေါ်တက်၊  ကားပေါ်မှာ ဆက်အိပ်လာခဲ့သည်။  ထို့နောက် Bird’s Nest ရောက်ပါသည်။  ကဲ.. ဆင်း… ရောက်ပြီဆိုတော့ ဆင်းကြည့်သည်။  ဟင်.. ငှက်တွေလဲ သိပ်မတွေ့သလိုပဲနော်ဆိုတော့… ဘေးက တရုတ်က “အင်း” ဟုဖြေသည်။  ဘယ်မှာလဲ ငှက်သိုက် လို့မေးတော့ ဟိုမှာတဲ့…..



          ဟင် ဒါ ငှက်သိုက်လားလို့မေးတော့ အင်းဟုတ်တယ်လေ.. ဒါငှက်သိုက်။  ဟမ်…  အဲ့သဟာက Stadium ကြီးလေ။ 

အင်းလေ ဘာဖြစ်လို့လဲ ဘေဂျင်း အိုလံပစ်တုန်းက ဆောက်ခဲ့တာ ငှက်သိုက်လိုမျိုး ဒီဇိုင်းလုပ်ထားလို့ Bird’s Nest လို့ခေါ်တာ…
အွမ်.. သြော်… အင်း… ဟုတ်ပေသားပဲ ဟိုမှာ စာရေးထားတာမှ Bird’s Nest တဲ့
ဒါဆို ငှက်သိုက်တွေ မရှိဘူးပေါ့။ 
အင်း…
ဒါဆို ငှက်သိုက် ရောင်းတဲ့ ဆိုင်ရောရှိလား…
ဟင့်အင်း မရှိဘူး….
သြော်….


          ဒီလိုနှင့် ငှက်သိုက် ဇာတ်လမ်းပြတ်လေ၏။  ထို့နောက် Water Cube သို့သွားမည်ဆိုပြန်သည်။  ဘာတုန်း Water Cube ရေခဲတုံးကြီးကို ထွင်းထားတာလား၊  ရေကိုပဲ မှန်ကန်ထဲထည့်ထားတာလား မေးတော့ ရောက်ရင်သိမှာပေါ့ဟု ဆိုပြန်သည်။  ရောက်သွားတော့ ဘာမှမဟုတ် လေးထောင့်တုန်း အဆောက်အအုံကြီးပင်ဖြစ်သည်။  သြော်.. ဒါ water cube ပေါ့ဆိုတော့ အင်းတဲ့။  ဘာမှ မပြောလိုတော့။ 

စားသောက်ဆိုင်ဟုဆိုသည်.... အောက်မှာစားလဲ ရတာပဲကို... အပေါ်မတက်တော့



          အိုလံပစ် ၀န်းအတွင်းမှာတော့ လမ်းဘေးဈေးသည်တွေမှ အများကြီး။  သိပ်ပြီး ထွေထွေ ထူးထူး ဆစ်နေစရာမလို။  ၂၀ ပြောတဲ့ဟာကို ၂ ကျပ်လို့ပြော၊  ရော့ ၅ ကျပ်နဲ့ယူ… ဟင့်အင်း ၃ ခု ၁၀ ထားဆိုပြီး ၃ ခွန်းလောက် up and down conversation လုပ်လိုက်လျှင် ပွဲပြီးသည်။  အဆိုပါ Bird’s Net နှင့် Water Cube ပုံစံငယ်လေးတွေ၊ အိုလံပစ် ရွှေတံဆိပ် ဆွဲပြားလေးတွေ၊ ပုကျိ ပုကျိလေးတွေ၊ စပို့ရှပ်လေးတွေ၊ အရုပ်ကလေးတွေ အများကြီး။  ဒီလိုနှင့် နဲနဲ ပါးပါးသာ ၀ယ်ပြီး ပြန်လာခဲ့သည်။

          ပြီးတော့ Fake Market သို့သွားကြသည်။  အိုး…. အတုတွေ၊ အတုတွေ…  ငါးထပ်လုံး အတုတွေ မှ အများကြီး အများကြီး။  အ၀တ်အစား Brand အစုံ။  နာရီ၊ ဖုန်း၊ ကွန်ပျူတာ ပစ္စည်းတွေ၊ ဖိနပ်၊ တွေ့ကရာ အစုံ အကုန်လုံး အတုတွေချည်းဖြစ်သည်။  ၀ယ်လဲ မ၀ယ်ချင်၊  ဈေးလဲ မစစ်တော့။  လျှောက်ကြည့်ဖြစ်သည်။  ကွာတာကတော့ နဲနဲစီကွာသည်။  အိုမီဂါနာရီဆိုလျှင် အရောင်လေး နဲနဲမျှကွာသည်။  ဒိုင်ခွက်ထဲက အသေးစိတ်စာလုံးလေးတွေ နဲနဲကွာသည်။  အလေးချိန် အတော်ကွာသည်။  တံဆိပ်ပေါင်းစုံရောင်းတဲ့ ဖိနပ်မျိုးဆိုင်ရောက်တော့ Nike ဖိနပ်တစ်ရံကိုင်ပြီး အလည်ကနေ ခေါက်ချိုးချိုးကြည့်လို့ရလားမေးတော့ ၀ယ်မယ်ဆိုရင် ချိုးကြည့်လေတဲ့။  ပုံပျက်သွားရင် မ၀ယ်ဘူးနော်… ဆိုတော့… အတုကတော့ အတုပဲဖြစ်မှာပေါ့တဲ့။  နောက်တစ်ဆိုင်ကတော့ ပိုက်ဆံအိတ်တွေ ရောင်သည်။  အတုသာဆိုတယ်၊ သားရေအစစ်နဲ့ လုပ်ထားတယ်ဟုဆိုပြန်သည်။  မီးခြစ်ထုတ်လိုက်တော့…. ဟိုးထားဆရာ… ဒါမျိုးတော့ အစမ်းမခံနိုင်ဘူးဆိုတော့ မစမ်းတော့ပေ။  ထိုအထဲတွင် အစစ်ဖြစ်သော KFC ဆိုင်တွင် ကြက်ကြော် ၂ တုန်းစားဖြစ်သည်။  ပြီးတော့ မောလေပြီဖြစ်သည်။  ကားပေါ်တွင် ပြန်အိပ်ပျော်လာကာ ဟိုတယ်သို့ပြန်ရောက်လေသော် ဗိုက်ပြန်ဆာပြီဖြစ်သည်။  ရှေ့နားကိုကြည့်လိုက်တော့ Subway ဆိုင်လေးတွေသည်။  တွေ့ကရာ လက်ညှိုးထိုး၊ ပေါင်မုန့်ကြားထဲ ညှပ်ခိုင်းပြီး ကိုကာကိုလာနှင့် မျှောချလိုက်သည်။  ပြီးတော့ အိပ်ခြင်းလုပ်ငန်းစဉ် စတင်လေသတည်း။  ဘေဂျင်းအပိုင်းအစများလဲ ဒီမှာတင် ဆုံးခန်းတိုင်ပါပြီ ခင်ဗျာ။

9 comments:

  1. ဘာပြောပြာ ဘဲကင်တော့တ၀ကြီးစားခဲ့ အဲလေ ကြည့်ခဲ့ရတယ်

    ReplyDelete
  2. ဘဲကင်ရယ် မြင်သာမြင် မကြင်ရတဲ့ ငါ့ဘ၀ပါလားကွယ် :(((

    ReplyDelete
  3. ကျေးဇူးဘဲ။ လိုက်လည်ရတာလည်းမောပြီ။ ဘဲကင်လေးဆွဲပြီးပြန်အုန်းမှ။း)
    အိုင်အိုရာ

    ReplyDelete
  4. ပို့စ် စစချင်း ဘဲကင်နဲ့ ဖွင့်လိုက်တာတော့ အင်မတန်မှ လျော်ကန်သင့်မြတ် လျှောက်ပတ်တဲ့ စိတ်ကူးပေပဲ ကိုအောင်ထွဋ်ရေ...အိုလံပစ်ကွင်းရောက်တော့တောင် သွားရည်သိမ်းလို့ မရသေးဘူး ဖြစ်ရော...စားခဲ့တဲ့ ဘဲကင်အကောင်ရေ နံပါတ်ကလေးရော မှတ်မထားလိုက်ဘူးလား...ရွှေပြည်ကြီးပြန်ရောက်ရင် ချဲလုပ်ထိုးရအောင်း)

    ငှက်သိုက်ကွင်းကြီးက ကပ်ကြည့်တော့လည်း သိပ်မလှပါလား...အိုလံပစ်တုန်းကတော့ ရင်သပ်ရှုမောကြီးပဲဗျ...

    နားထဲမှာ အိုလံပစ်တုန်းက ဆိုတဲ့ “ ဝေါ်အိုက် ဘေဂျင်း ” ဆိုတာကြီးပဲ ကြားကြားနေတယ်း)

    ReplyDelete
  5. ကိုအွတ်ထောင်.......kfc ကြက်ကြော်ကရော အစစ်ဆိုတာသေချာရဲ့လားဗျ..... :)))
    ပီကင်းဘဲကင်ကိုတော့ သွားရည်ကျသွားတယ်ဗျိုးးးးးးးးးးးးးးးးးးး

    ReplyDelete
  6. အားလုံးက ဘဲကင်ကိုမျက်စိကျနေတော့ တီတင့်အလျှော့ပေးလိုက်ပါ့မယ် :P
    စားသောက်ဆိုင်အပေါ်ဆုံးထပ်ကနေ ရှုခင်းတွေကြည့်ပြီး ဓာတ်ပုံရိုက်ချင်တယ်း)
    မြန်မာပြည်မှာ Fake Market ကနေစီးဝင်လာတဲ့ ပစ္စည်းတွေ အတော်များနေပြီ မောင်အောင်ထွဋ်ရေ။
    တစ်ခါတစ်လေ ပစ္စည်းအစစ်ကိုဝယ်ရင်တောင် စစ်ပါ့မလားလို့ သံသယ၀င်နေမိပြီ ခက်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. မရောက်တာတောင် အတော်ကြာပြီအစ်ကိုရာ.....
    ဘေဂျင်းမှာ kfc အစစ် ကိုစားရလို့တော်သေးတာပေါ့ဗျာ
    ရယ်စရာ နဲ့ ဗဟုသုတ တွေကို သယ်သွားတယ်ဗျို့။

    ReplyDelete
  8. ကျနော်လည်းရောက်ဖူးချင်တယ်ဗျာ

    ReplyDelete
  9. Bejing Khao ya zhen hao le..ငှက်သိုက်စတေဒီယမ်က တူတယ်..မိတ်ဒင်ချိုင်းနား နိုးကွာလတီ ဆိုပေမယ့် အားလုံးက မိတ်အင်ချိုင်းနား ဖြစ်နေတာ ခက်တယ်..

    ReplyDelete