အသက်ကြီးလာလေ
ကိုယ့်ကိုယ်ကို အသုံးမကျမှန်း ပိုပိုသိလာလေပဲ။
ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး ဘာ နည်းပညာ အသစ်မှ မလေ့လာခဲ့ဘူး။ အတွေ့အကြုံဆိုတာကလည်း အသစ် အသစ်မှတွေမှ အများကြီးမရလေတော့
တယောဟောင်းကြီး ပြန်ပြန်ထိုးရတာလည်း အချိန်ကုန်လာကလွဲလို့ တိုးတက်လာတာ ဘာမှမရှိဘူး။ ငွေနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့ အချိန်တွေက ပဲ့ပဲ့ပြီးတော့
ပါသွားပြန်ပြီ။ CV ထဲက အိတ်ပရီယန့်ဆိုတဲ့ အထဲမှာ
ဆောက်ခဲ့တဲ့ သင်္ဘောတွေ ချချရေးဖို့လောက်သာ သုံးလို့ရသည်။
ဒီနှစ်လည်း ဘလော့ဂ်လေးရေးလိုက်၊ ဖဘ လေးသုံးလိုက်နဲ့
တစ်ခါ တစ်ခါ ပြန်စဉ်းစားလိုက်တော့ အိပ်၊ စား၊ ကာမ ဆိုတဲ့ တိရိစ္ဆာန်ထက် ခပ်သာသာ ဘ၀ပဲ
ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်တွေ့တယ်။ ခုကြည့်
၂၀၁၂ အတွက် ၆ လကုန်သွားပြီ။ အလုပ်က မနက် ၆
နာရီခွဲ ဟိုတယ်ကထွက်လိုက်ရင် ည ၇ နာရီမှ ဟိုတယ်ပြန်ရောက်တယ်။ အလုပ်ထဲမှာ နေရတဲ့အချိန်က ၁၂ နာရီခွဲ (၁၂ နာရီခွဲလုံးတော့
အလုပ်လုပ်ရတာမဟုတ်) ပင်ပန်းတယ်မဆိုသာပေမယ့် ဒီသင်္ဘောတွေကိုပဲ၊ ဒီသံပြားတွေ၊ ဒီအင်ဂျင်တွေ၊
ဒီပန့်တွေ၊ ဒီမော်တာတွေ၊ ဒီပိုက်တွေ၊ ဒီလျှပ်စစ်ဘုတ်တွေ ဒါတွေကိုပဲ နိစ္စဒူဝ မြင်ရတော့
အတန်ငယ် ငြီးချင်လာတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်လုပ်နေရပေမယ့်
စနေ၊ တနင်္ဂနွေပါ မနားပဲလုပ်ရင် လူတွေ ကြောင်တောင်တောင် ဖြစ်လာတတ်တယ်ဆိုတာ ဟုတ်လားတော့မသိ။
မှန်သလိုလိုတော့ ရှိမယ်ထင်၏။
လူဆိုတာလည်း ပတ်ဝန်းကျင်တွင်နေထိုင်သည်။ သို့သော် ပတ်ဝန်းကျင်က ကိုယ့်ကို လူကောင်းဟု သတ်မှတ်သလား၊
လူဆိုးဟု သတ်မှတ်သလားတော့ မသိ။ ဆိုပါစို့ အကြမ်းဖက်သမားများကို
နှိမ်နင်းသည့် စစ်ဆင်ရေး… အကြမ်းဖက်သမားလို့ ဘာနဲ့ တိုင်းတာပြီး ခွဲခြားမလဲ… သေနတ်ကိုင်ထားတဲ့
လူတိုင်းကို အကြမ်းဖက်သမားလို့ ဆိုပြီးပစ်လိုက်၊
သေနတ်မကိုင်ပဲ ခေါင်းပေါ်လက်တင်ပြီး ဒူးတုပ်ထိုင်နေသူတွေကိုပါ ပစ်လိုက်။ နောက်နေ့ ဂျာနယ်တွေမှာတော့ အကြမ်းဖက်သမား ဘယ်နှစ်ယောက်ကို
နှိမ်နှင်းနိုင်လိုက်ကြောင်း၊ အပြစ်မဲ့ ပြည်သူ ဘယ်နှစ်ယောက်ဖြင့် သေသွားကြောင်း ဒါနဲ့
ပါတ်သတ်ပြီး ဖဘတို့၊ ဘာတို့ ဆိုရှယ်ဆိုဒ်တွေမှာ ကွန်မန့်တွေ တသီကြီး တက်လာပြန်ရော။ ဒါပေမယ့် အကြမ်းဖက်သမားဆိုတာ သေနတ်ကိုင်ရုံနဲ့ အကြမ်းဖက်သမားဖြစ်ရောလား..
ရော့ သူငယ်ချင်း ဒီသေနတ်လေး ခဏကိုင်ထားစွာဆိုပြီး ဘုမသိ ဘမသိ ကိုင်ထားတဲ့ ကောင်ကို
သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အခါ အပစ်ခံရတဲ့လူက အကြမ်းဖက်သမား အမည်ပေါက်ပြီးတော့ တစ်ကယ့်
အကြမ်းဖက်သမားက ခေါင်းပေါ်လက်တင်ပြီး ဒူးတုပ်နေရင်ရော.. အပြစ်မယ့် ပြည်သူဖြစ်ရောလား? တစ်ခါတစ်လေတော့ ဘာပေတံနဲ့ တိုင်းတာမှန်းတော့မသိ။ ဇစ်မြစ်ကိုလိုက်လို့ ဒါကတော့ဖြင့် ဒါကြောင့် ဒါဖြစ်တယ်လို့
အခြေခံကျကျ စဉ်းစားရင်တော့ တစ်မျိုး။
ဒါပေမယ့်
လူတွေသဘာဝကလည်း တစ်ခါတစ်လေတော့ ကွက်ကနဲမြင်တာလောက်ကို တန်းပြီး မှတ်ချက်ချလို့ ဒီကောင်ကတော့
လူဆိုး၊ ဒီကောင် ကတော့ လူကောင်းလို့ ဆိုတတ်ကြသကိုး။ ဥပုပ်စောင့်ရင်းတွေ့တဲ့ လူကို လူကောင်းလို့ ချီးကျူးမှာလား? နိုက်ကလပ်မှာ တွေ့တဲ့လူကို လူဆိုးလို့ ရှုပ်ချမှာလား…
တစ်ခါတွေ့ယုံနဲ့တော့ ဘာမှ မပြောနိုင်။ ဒီတော့ မိတ်ကပ်ကလည်း ခဏ ခဏလူးရသည်၊ မျောက်ကြီး သံပရာသီးငုံထားသလိုမျိုး မချိပြုံးလဲ
ပြုံးပြရသည်။ ဒါမှ လိုက်လျှောညီထွေရှိသည်။ ဒီအတွက် ပင်ပန်းရသည်။ မချစ်ပေမယ့် အောင့်နမ်းချင် နမ်းရသည်။ မဟုတ်ရင် လေနှင့် ပြိုင်ပြေးသော လီယာမင်းကြီး ပုံပြင်လိုဖြစ်သွားမည်။ သင်္ဘောတည်ဆောက်ရေးလောကမှာ ကိုယ်က ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။ ဧရာမ ခြေထောက်ကြီးတွေက ဥဒဟို နင်းနေကြသည်။ ထိုကြားထဲမှာ ကိုယ်တွေက မြုပ်ချီပေါ်ချီ။
ဒါပေမယ့် ကျွန်တော်ယုံကြည်တာက ထေရ၀ါရ ဗုဒ္ဓဘာသာ၊
ကံ ကံ၏ အကျိုးကို ယုံကြည်သည်။ ကံ ဆိုသည်မှာ
အလုပ်ဖြစ်သည်။ ကံကောင်းလိုလျှင် အလုပ်ကောင်းအောင်
ဦးစွာလုပ်ရမည်။ ထို့ကြောင့် ကောင်းတာတွေကိုတော့
တတ်နိုင်သလောက်လုပ်သည်။ ကောင်းတာဆိုတာက သူများကို
ဒုက္ခမပေးတာ၊ ကိုယ့်ကြောင့် သူများ ဒုက္ခမရောက်အောင် စောင့်ထိန်းသည်။ ကိုယ့်ဟာကိုယ်တော့ ကောင်းလားမကောင်းလား သေချာမသိ။ ကံငါးပါးကတော့ ၄ ပါးလောက်မြဲနိုင်သည်။ ညတိုင်း အလုပ်ကပြန်လာလို့ ဟိုတယ်မှာ ညစာစားလျှင်
သူရာမေရယကတော့ ကျိုးသည်။ ဘီယာစုပ်ရင်း ရောက်တတ်ရာရာပြောတတ်ကြ၍ဖြစ်သည်။
ဟိုရက်ကတောင် သင်္ဘောအတွက်ရောက်နေတဲ့ ဒက်ရှ်
စက်ချုပ်နဲ့ ပြောဖြစ်သေးသည်။ သူတို့နိုင်ငံတွင်
စီးပွားရေးကျနေသည်။ ကျမှပေါ့ လူတိုင်းမှ အလုပ်မလုပ်တာ။ အလုပ်မလုပ်တော့ ၀င်ငွေမရှိ၊ ၀င်ငွေမရှိတော့ သူတို့
အစိုးရက ထောက်ပံကြေးပေးရသည်။ ကြာတော့ အစိုးရလဲမွဲသည်။ ပိုက်ဆံရှိသော အစိုးရ၊ ပိုက်ဆံရှိသော တိုင်းပြည်မှာ
မွေးတဲ့ လူတွေများ ကောင်းလေစွ။ တစ်ခါတစ်လေတော့လည်း
ဒီမိုကရေစီထွန်းကားလွန်းတော့ လူတွေက ဒီမိုကရေစီဆိုတဲ့ ဟာကြီးကို ခုတုန်းလုပ်ပြီး လူ့အခွင့်အရေးကို
လိုတာထပ်ပိုယူကြပြန်ရော။ ထပ်ပြောသေးသည်၊ သူတို့ခေတ်ကဆိုလျှင်
အရွယ်ရောက်လို့ ကျောင်းလေးဘာလေးပြီးလျှင် အိမ်က ကန်ထုတ်သည်။ ကိုယ့်ဘ၀ကိုယ်ကျောင်းပေတော့။ ခုတော့ သူသားကြီး က အသက် ၃၀ မိဘလုပ်စာ လက်ဖြန့်တောင်းနေတုန်းရှိသည်ဟုဆိုသည်။ သူ့သမီးကတော့ ဖုန်းအသစ်မြင်တိုင်းဝယ်ချင်သည်၊ သို့သော်
ပိုက်ဆံကို ဘယ်လိုရှာရမှန်းမသိ ဟုဆိုသည်။ ခေတ်လူငယ်တွေအားလုံးက
မန်နေဂျာလုပ်ချင်ကြသည်။ ဘွဲ့ရလျှင် မန်နေဂျာတန်းဖြစ်သည်ဟု
ထင်ကြသည်ဟုဆိုသည်။ ကွန်ပျူတာရှေ့ ကချောက် ကချောက်လုပ်ကာ
အဲကွန်းခန်းထဲ ထိုင်ချင်ကြသည်ဟုဆိုသည်။ ပြီးလျှင်
မိုးမမြင် လေမမြင် အိပ်မက်တွေမက်လို့ မက်ဇူကာဘက်ဖြင့် အသက် ၂၀ ကျော်လေးမှာ ဘီလျှံနာဖြစ်သွားကြောင်း၊
စတိဂျော့ဘ်ကဖြင့် ဘယ်လိုဘယ်ပုံ အောင်မြင်သွားကြောင်း၊ ဘီလ်ဂိတ်ကဖြင့် ဘယ်လိုဘယ်ပုံတို့ကို
မစားရ ၀ခမန်း သူ့ရှေ့တွင် သူ့သားသမီးတွေက ပြောရင်း ထိုအိပ်မက်တွေဖြင့် ရူးနေသည်ဟုဆိုသည်။ ဟုတ်တော့လည်း ဟုတ်သည် ကမ္ဘာပေါ်တွင် စတိဂျော့ဘ်သည်
တစ်ယောက်သာရှိသည်။ ဖေ့စ်ဘွတ်က မက်ဇူကာဘက် လည်းတစ်ယောက်သာရှိသည်။ လေထဲတိုက်အိမ်ဆောက်လို့ သူတို့လို တစ်နေ့ဖြစ်လာမလာ
ဆိုတာ အပ်ချမတ်ချမပြောနိုင်ပေမယ့် နေ့တိုင်း ဆာသည်က ဒီဗိုက်၊ အချိန်တန်ရင် ရည်းစားကလိုချင်သေး၊
ထွက်သမျှ ပစ္စည်းလည်း အသစ်ဝယ်ချင်၊ ပိုက်ဆံရှာဖို့ကျတော့ ဟိုအလုပ်ကဖြင့် သူတို့ရတဲ့
ဘွဲ့နဲ့ မတန်သလိုလို၊ ဒီအလုပ်ကဖြင့် အလုပ်က သိမ်ငယ်သလိုလိုနဲ့ မိုးမျှောအိပ်မက်တွေ
မက်ရင်းနဲ့ အသက်တွေ ၃၀ ကျော်ကုန်ကြသည်ဟုဆိုသည်။
သူတို့ အသက် ၃၀ သာကျော်သွားတယ် မက်ဇူကာဘက်လိုလဲ ဖြစ်မလာ၊ စတိဂျော့ဘ်လဲ မဖြစ်၊
မနက်မိုးလင်းလျှင် သူ့ဆီက လက်ဖြန့်တောင်းသည်ဟုဆိုသည်။ ကောင်းလေစွ၊ သာယာလေစွ တကား။ ကိုယ်တွေမှာတော့ အိပ်မှုံစုံဝါးနှင့်ထ အလုပ်တွေ လုပ်တော့မှ
သူတို့ ဥရောပသားတွေရတဲ့ လစာရဲ့ တစ်ဝက်လောက်သာ ရရှာသည်။
အင်း တစ်ကယ်စဉ်းစားကြည့်ရင်တော့ မက်ဇူကာဘက်သည်သာ
ထိုအချိန်က ထိုလို လူမှု့ရေးကွန်ယက်လုပ်ခဲ့သည်မဟုတ်၊ သူ့လိုအရွယ် သူ့လိုအချိန်မှာ သူ့လိုလူပေါင်း သောင်းနှင့်ချီပြီး
ဒီလို ကွန်ယက်တွေ လုပ်ခဲ့သည်။ အောင်မြင်ခဲ့တော့
သူတစ်ယောက်သာ။ ဒါကို တစ်ချို့က မက်ဇူကာဘက်ကိုသာ
ကွက်မြင်သည်။ မင်းတို့ နိုင်ငံရောဟုမေးသော်အခါ
ဘာပြန်ဖြေရမှန်းမသိ။ စကားလမ်းကြောင်းသာ ပြောင်းပြီး
ဟိုဟိုဒီဒီ ပြောရတော့သည်။ ဟုတ်သည် ကျွန်တော်
တက္ကသိုလ်တက်တုန်းက ကျောင်းပြီးရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကို တက္ကသိုလ်ပြီးတဲ့အထိ
ဘာပြန်ဖြေရမှန်းမသိ။ ဖြစ်နိုင်ခြေတွေလိုက်စဉ်းစားသည်။ ငါဘာလုပ်ရမလဲ။
ဝန်ထမ်းလစာကို ပြန်တွက်ကြည့်သည်။ တက္ကသိုလ်စရိတ်ကို
ကျေဖို့ ၁၀နှစ်ကျော်ပြန် အလုပ်လုပ်ရမည့်ပုံပေါက်နေသည်။ ထိုအချိန်တွင် အသက် ၃၅ နှစ်တန်းရောက်သွားပြီ။ မိန်းမယူမယ်၊ ကလေးမွေးမယ်ဆိုရင် ၄၀ မကျော်ခင် ဒါတွေအားလုံး
လုပ်မှ အဆင်ပြေမည်။ ဒါတွေထားလို့ ဘယ်မှာ အလုပ်ရမလဲဆိုတာကလည်း
ပြသနာတစ်ခု။ ဒီတော့ လဘ်စားမှု့တိုက်ဖျက်ကြစို့ဆိုတာကို
ကျယ်ကျယ်လောင်လောင် အော်သံကြားတော့ ထီလက်မှတ် တစ်စောင်ထိုးပြီး သိန်း ၅၀၀ ဆုကြီးထိုင်စောင့်နေသလို၊
ဝန်ထမ်း လစာတိုးပြီး လဘ်စားမှု့ပပျောက်တဲ့ နေ့ကို ထိုင်စောင့်တာနဲ့ တူတူပဲ။
တရုတ်ပြည်ကိုရောက်တော့ ပါးစပ် အဟောင်းသားဖြစ်ရသည်။ တရုတ်နဲ့ အန္ဒိယကွာတာက Infrastructure။ တရုတ်ပြည်မှာ အကုန်ထုတ်သည်။ လူတိုင်း လူတိုင်း တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်တွေကစလို့၊
ဧရာမလုပ်ငန်းကြီးတွေ မှိုလိုပေါက်သည်။ ထိုကြောင့်
တက္ကသိုလ်ကျောင်းထွက်လူငယ်တစ်ယောက်အတွက်ကတော့ အလုပ်မရှားလှ။ ခုရောက်နေတဲ့ သင်္ဘောကျင်းတောင်မှ စင်္ကာပူက ကက်ပဲ ဖဲလ်ထက်
၂၅ ဆ၊ အဆ ၃၀ လောက်ပိုကြီးသည်။ ဒီသင်္ဘောကျင်းက
တကမ္ဘာလုံးရဲ့ ကွန်တိန်နာ ဆိပ်ကမ်းမှာ ကွန်တိန်နာ အတင်အချလုပ်တဲ့ ကရိန်းတွေရဲ့ ၇၀% နှုန်းကျော်ကို
ထုတ်ပေးသည်။ Facility နဲ့ Infrastructure
ကတော့ ကြောက်ခမန်းလိလိ။ သူ့ဆီမှာ တန် ၅၀၀၀
မလို့ရတဲ့ ကရိန်းတွေမှ အများကြီး။ ၂ တန်၊ ၃
တန် မတဲ့ ကရိန်းတွေကတော့ စက်ရုံတစ်ခုလုံး ဂဏန်း ၄ လုံးအထက်ရှိသည်။ ဆောက်ချင်သလောက် ကြီးကြီးဆောက်၊ ပြီးရင် အရုပ်ကလေးတွေ
သယ်သလိုမျိုး ဟိုမ ဒီမနှင့် ကရိန်းကြီးက ကရိန်းလေးတွေကို မနေသည်မှာ နေ့တိုင်းမြင်ရသည်။ သင်္ဘောကတော့ ဆိုဖွယ်ရမရှိ။ အစီးလိုက်မပြီး ရေထဲကို စွပ်ကနဲ ချချင်ရင် ချလို့ရသည်။ စီးပွားကပ်ပျက်မတိုင်ခင်က စက်ရုံရဲ့ ထုတ်လုပ်မှု့
စွမ်းအားက နှစ်အလိုက်တွက်ရင် တစ်ရက်ကို ကရိန်းတစ်စီးဖြစ်သတဲ့။ ပါးစပ်ကြီး ဟပြီးတော့ သြော်..ဟုသာ ပြောနိုင်သည်။ လုပ်သားပေါင်း ၅ သောင်းကျော်ရှိသည်။ ပေါပေစွ အလုပ်တွေ၊ ကွန်မြူနစ်စနစ် ဘာဖြစ်တယ် ညာဖြစ်တယ်ပြောမနေနဲ့
ပိုက်ဆံရှိရင် အမေရိကန်တောင် ပါးစပ်ပိတ်လို့ ဘယ်သူက ဘာဆန်ရှင်တွေ ဘာဆန်တိုတွေ လုပ်နေလို့လဲ။ တရုတ်ပြည်မှာ နိုင်ငံတိုင်းက ချစ်ချစ် မချစ်ချစ်
စီးပွားရေးကတော့ လာလုပ်နေကြတာပဲ။
မြန်မာနိုင်ငံမှာလည်း ဒါမျိုးတွေ တစ်နေ့
ဖြစ်လာစေချင်လှသည်။ လူငယ်တိုင်း၊ မျိုးဆက်သစ်တိုင်းမှာ
ငါတော့ တစ်နေ့ ဘာဖြစ်ရမယ်၊ ဘယ်လုပ်ငန်းမှာ အလုပ်လုပ်ချင်တာ။ ငါ့ သင်ယူခဲ့တဲ့ ဘာသာကို ဟောဒီလိုမျိုး အသုံးချချင်တာ
စတာတွေကို ကျောင်းသားဘ၀ထဲကနေပြီး အိပ်မက်မက်ပြီး စိတ်ကူးယဉ်နိုင်တဲ့ အချိန်လေး ရောက်မှာကို
မြင်ချင်လှသည်။ ဒါမျိုးဖြစ်လာဖို့ကလည်း နိုင်ငံတစ်ကာက
အကူအညီတောင်းနေရုံနဲ့ မပြီး။ နိုင်ငံတော်ကလည်း
အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားနိုင်ရမည်။
ကဲ ရင်းနှီးမြှုပ်နှံသူတွေလာပါပြီတဲ့.. နံပါတ်တစ်.. Facility ဘယ်မှာတုန်း လျှပ်စစ်မီး၊
ဘယ်မှာတုန်း ပစ္စည်းတွေကို လွယ်ကူစွာသယ်လို့ရတဲ့ အဝေးပြေးလမ်းမများ၊ ရေနက်ဆိပ်ကမ်းများ။ ဘယ်မှာတုန်း ခိုင်မာ သေချာ၊ ပွင့်လင်းမြင်သာပြီး
တိကျယုံကြည်မှု့ရှိနိုင်တဲ့ သွင်းကုန်၊ ထုတ်ကုန်စနစ်နဲ့ အကောက်ခွန်စနစ်၊ ဘယ်မှာလဲ နိုင်ငံခြား
ရင်းနှီမြှုပ်နှံသူများအတွက် တိကျခိုင်မာတဲ့ ဥပဒေ။
ရပ်ပါရစေ ခင်ဗျာ။ ဒီမှာပဲ ရပ်ပါရစေ… ပြောချင်တာတွေ ဗမာလို ပြောစရာလူမရှိတော့ ခုလိုမျိုးပဲ
ရေးချင်ရာကို ဗမာလို ချရေး မန့်ချင်သူများကလည်း ကြိုက်သလိုသာ မန့်တော်မူကြပါကုန်။ ပြောလို့ ၀သွားတော့ နေသာထိုင်သာတော့ ရှိသွားသား။
အသက်ကြီးလာလေ ကိုယ့်ကိုယ်ကို အသုံးမကျမှန်း ပိုပိုသိလာလေပဲ----
ReplyDeleteအဲဒီစကားက သူများတွေတော့မသိပါဘူးဂျက်အတွက်တော့အရမ်းမှန်ပါတယ်
စိတ်ရှည်ရှည်နဲ့ စဆုံးဖတ်ခဲ့ပါတယ်
ရေးသာရေးပါ အားရင်လာဖတ်ပါ့မယ်
ခေါင်းစဉ်လေး ဘာလေးြောင်း ပေး လိုက်ပါလား ဆရာ
ReplyDeleteမောင်သန့်
ဟုတ်တယ် နာလဲ ဒီလိုပဲ
Delete.....
ဟုတ်ပါရဲ့ တရုတ်ကလူတွေ အလုပ်လုပ်ပုံများတော့ သြောချရလောက်တယ်
ReplyDeleteအမျိုးသမီး တက္ကစီမောင်းတယ်။
သုံးဘီးနင်းတယ်။
မြန်မာပြည်မှာသာဆို မိန်းမတွေက အဲလို လုပ်ရပါ့မလားလို့ ပြောလိုက်ကြမဲ့ဖြစ်ချင်းလို့ တွေးမိတယ်။
တကယ်တော့ အလုပ်လုပ်တယ်ဆိုတာ ရှက်ဖို့မှ မဟုတ်တာနော်။ ဘယ်အလုပ်ဖြစ်ဖြစ် တနိုင်တပိုင်ကတော့ လုပ်သင့်ပါတယ်။
ဘာတွေ ဘယ်လိုပြောပြော တရုတ်ပြည်ရဲ့ကောင်းတဲ့အချက်ကတော့ လူတိုင်းအလုပ်လုပ်တာပါ။ သင်္ဘောကျင်းမှာ welding စက်ကိုင်၊ grinder ကိုင်ပြီး အမြင့်တွေတက် ယောက်ျားတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်နေတဲ့ မိန်းမသားတွေကို တရုတ်ပြည်သင်္ဘောကျင်းတိုင်းမှာမြင်ရတယ်။ ကရိန်းမောင်းမလား CNC ဖြတ်မလား ကောင်မလေးငယ်ငယ်ချောချောလေးတွေကအစ၊ ပင်စင်ယူကာနီးအမျိုးသမီးကြီးတွေအထိပါတယ်။ ငါတို့မြန်မာပြည်မှာ မိန်းမသားတွေလည်း အလုပ်လုပ်တယ်ဆိုတာ များသောအားဖြင့် အရိပ်အောက်မှာလုပ်ကြတာများပါတယ်။ ဈေးသည်၊ ကုန်သည်တွေတော့ မပါဘူးပေါ့။ အဒေါ်တွေ အလုပ်ကပြန်လာကြပြီဆိုရင် အိမ်ရောက်တာနဲ့ ခြေပြစ်လက်ပြစ်ပဲ။ ဒါတောင်သူတို့တွေက အရိပ်အောက်ထဲမှာ ပြန်တမ်းဝင်အဆင့်နဲ့ အလုပ်လုပ်နေကြတာ။ ဒါမျိုးကြည့်လိုက်တော့ ဒီတရုတ်ပြည်က အလုပ်လုပ်နေတဲ့ မိန်းမသားတွေကို အထင်ကြီးမိတယ်။ ရာသီဥတုကလည်း သိတဲ့အတိုင်း ပူရင်စွတ်ပူ၊ အေးရင် စွတ်အေးကြီးကို။ သူတို့အလုပ်လုပ်တာ ဘာဟုတ်သေးလဲ။ ငါအခုရောက်နေတဲ့ကျင်းမှာ အသက် ၇၀လောက် အဘိုးကြီး၊ အဘွားကြီးတွေလည်း အလုပ်ကြမ်းလုပ်နေတာ စိတ်မကောင်းခြင်းကြီးစွာ တွေ့ရတယ်။ လုပ်တာမှ Blasting shop မှာ။ ဒီလောက် သံပြားကြမ်းကြမ်းကြီးတွေက လွင့်လာတဲ့ အမှုန်တွေကို လိုက်သိမ်း၊ welding ပြန်ဆော်၊ Grinder ပြန်ထိုးနေတဲ့ အဘိုးအရွယ်၊ အဘွားအရွယ်တွေကို ကြည့်ရတာ စိတ်မကောင်းလိုက်တာ။ ကျင်းကလည်း ခပ်သေးသေးဆိုတော့ Safety ဆိုတာ ဂျိုနဲလားပေါ့။ Inspection သွားလို့ blasting quality ကို လက်မခံနိုင်ဘူးဆိုရင် ခါမယ့်ခေါင်းထဲမှာ သူတို့မျက်နှာတွေ အရင်ဆုံးပေါ်လာတတ်တယ်။ ကိုယ်ငြင်းလိုက်တာ ၅စက္ကန့် မကြာပေမယ့် Re-blasting ဆိုရင် အနည်းဆုံး 24နာရီလောက် သူတို့တွေ မရပ်မနားပြန်လုပ်ကြရမှာ။ ကြမ်းလိုက်တဲ့အလုပ်။ အရမ်းအားနာတတ်တဲ့ လူကြီးသူမကို ရိုသေတတ်တဲ့ ဗမာပြည်သား တစ်ယောက်အတွေးထဲမှာ ပုခုံးပေါ်ကတာဝန်နဲ့ ဂရုဏာ အပြင်းထန်ဆုံး အားပြိုင်ရတဲ့ အချိန်တွေပေါ့ကွာ။ များသောအားဖြင့်တော့ အနီးဆုံး QC တစ်ကောင်ကိုခေါ်ပြီး ဒီ block ကြီးကို နောက်တခါ အစအဆုံးပြန်စစ်၊ သံကြေးရှိနေတဲ့ နေရာတွေကို Grinder ပြန်ထိုးဖို့ သင်္ကေတတွေရေးနဲ့ ကိုယ်ပဲ နှစ်ခါအပင်ပန်းပြန်ခံရတာပေါ့။ မတတ်နိုင်တဲ့ အဆုံးတော့ Reject ဆိုတဲ့ စကားလုံးကို ပြောရတော့တာပေါ့။ ဖြစ်နိုင်ရင် အဘိုးအဘွားတွေကို အနားပေးပြီး လူငယ်တွေပဲ ပြန်လုပ်ကြလို့ ပြောချင်ပေမယ့် ကိုယ်ကအဲလို ဝင်စွက်လို့မှ မရတာ။ နောက်ပြီး ကိုရွှေတရုတ်တွေဆီမှာ အသက်ကြီးသူတွေကို အဲ့လောက်အလေးပေးတဲ့ ထုံးစံလဲသိပ်မရှိဘူးလေ။ တန်ရာတန်ကြေးဆိုတဲ့ စကားလုံးအောက်ကို ရောက်သွားကြတာပဲ။ ပြောရရင် ကိုယ်လည်း ဒီစကားလုံးအောက်က ရုန်းမထွက်နိုင်လို့ ကိုယ်ပျော်တဲ့နေရာကတွေ မိုင်တွေထောင်ချီဝေးတဲ့ ဒီအရပ်မှာ လာအလုပ်လုပ်နေရတာပဲ။ ခေတ်သစ်လူ့ဘောင်ရဲ့ ထိပ်တန်းအာဏာအရှိဆုံး "ငွေ"ကြောင့် မပျော်တဲ့နေရာမှာ ပျော်အောင်နေရတာ၊ မချစ်တဲ့လူကို အောင့်ပြီးနမ်းရတာ၊ မသွားချင်တဲ့ ထမင်းစားပွဲတွေကို ဖြစ်ညှစ်တက်ရတာ၊ မပြာချင်တဲ့ ခပ်ကြမ်းကြမ်းစကားတွေကို အသံမြှင့်ပြီးပြောနေရတာတွေကိုများ professional mood လို့ ပြောရမလားလို့တောင် ဖြစ်နေပါတယ် သူငယ်ချင်းရေ .....
ReplyDeleteတန်ငါးထောင်ကရိန်း...ဟုတ်လား ကိုအားထောင်...၊ကုန်းပေါ်မှာတော့ တန်ငါးရာဆိုရင်ကြီးလှဘီ ထင်နေတာရယ်.....:)။
ReplyDeleteဒီပို့စ်လေးကောင်းသဗျာ......၊အင်း...ကျုပ်တို့လည်း အိမ်မက်တွေမက်ရင်း.......အိမ်မက်တွေနောက်လိုက်ရင်း.........ဒီလိုနဲ့ပဲ......။
Cosco သဘောင်္ကျင်းလားဗျ...
ReplyDeleteဒီပိုစ့် လေးဖက်မှပဲ ကိုယ့် ကိုကိုယ်ပြန်မြင်မိတယ် ငါ့ဘ၀လဲ ဒီလိုပါလားလို့ သူများနိုင်ငံမှာ အလုပ်လုပ်၇င်းနဲ့ ကိုယ်နိုင်ငံအကြောင်းတွေးမိတော့လဲ အားမလို အားမ၇ဖြစ်လိုက်၇တာ ဖက်လို့ကောင်းပါတယ် အကိုေ၇.....
ReplyDelete