စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Monday, July 16, 2012
မြေမြိုသွားတဲ့ လမ်းမကြီး
          တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လမ်းမကြီးတစ်ခုမှာတော့ ရုတ်တရက် တွင်းကြီးတစ်ခုဖြစ်သွားပြီး မနက်စောစောမောင်းလာတဲ့ BMW ကားကို မြိုလိုက်ပါသတဲ့။  မီတာ ၃၀ ပတ်လည်လောက်ကျယ်တဲ့ အဆိုပါတွင်းကြီးထဲကို ကျသွားတဲ့ ကားပေါ်မှာ ခရီးသည် ၃ ယောက်ပါလာပြီးတော့ ၁ ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ဆိုပါတယ်။ ချန်ရှားမြို့ရဲ့ ရှန်ကျန်းအဝေးပြေးလမ်းမကြီးမှာ ဒီလိုမျိုးကြီးမတဲ့ အပေါက်ကြီး မနက်စောစောပိုင်းမှ ဖြစ်လာတယ်လို့ ဆိုပါတယ်။  ယန်ဇီမြစ်ကမ်းဘေးမှာ ရှိတဲ့ အဆိုပါလမ်းမကြီးဟာ ဘာအတွက်ကြောင့် ဒီလိုမျိုး အပေါက်ကြီး ဖြစ်သွားရတယ်ဆိုတာကိုတော့ စုံစမ်းဆဲ ဖြစ်ပါသတဲ့။  ဒီလိုမျိုး ကမ္ဘာ့မြေမျက်နှာပြင်မှာ အပေါက်ကြီးတွေ ဖြစ်ပေါ်တတ်တာကတော့ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  အရွယ်အစားကလည်း ၁ မီတာကနေ ၆၀၀ မီတာအထိ ကျယ်နိုင်သလို၊ နက်လည်း နက်နိုင်ပါတယ်။  မြေအောက် မြေသားလွှာတွေ ရေတိုက်စားသွားတဲ့အခါမျိုး၊ မြေသားပျော့တဲ့နေရာတွေကို ရေတိုက်စားသွားတဲ့အခါမျိုးမှာတော့ ဒီလိုမျိုး အပေါက်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။  ကဲ.. ကားစီးရင်း ဘုရားစာလေး ဘာလေး ရွတ်ကြစို့ရယ်..
Sunday, July 15, 2012
ဒုတိယံပိ နန်တုန်
                 ဒုတိယံပိ ရောက်တော့လည်း လွမ်းသလိုလို။ ဘာကိုတော့ လွမ်းမှန်းမသိ။  အဲ့.. တစ်မျိုးတော့ မထင်ပါနဲ့ နန်တုန်မှာ သံယောဇဉ်တွယ်ရမယ့်လူ မရှိပါဘူး။  ဒါပေမယ့် ၁ နှစ်လောက် ကျင်လည်ခဲ့တဲ့ မြို့ကလေးကို ပြန်တွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးလေးပေါ့လေ။  ထူးခြားတာက တိုက် အလုံး ၆၀ လောက် ၇ လအတွင်း ထိုးထိုးထောင်ထောင်နဲ့ ပြီးသွားတော့ မျက်စိပွတ်ကြည့်ရတယ်။  နောင်ငါးနှစ်မှ နန်တုန်ကို ပြန်ရောက်ရင် မှတ်မိပါ့မလားတောင် မသိ။  မြို့သစ်ဘက်ခြမ်းကတော့ တိုက်အသစ်တွေ ဟောတစ်လုံး ဟောတလုံးပဲ။  မြို့ဟောင်းဘက်မှာတော့ Renovation တွေ တစ်အုံတစ်မကြီး လုပ်နေကြလေရဲ့။  နန်တုန်မြို့က ရှန်ဟိုင်းလိုမဟုတ်ဘူး။  ရှုပ်ရှုပ်၊ ရှုပ်ရှုပ်နဲ့ ရှန်ဟိုင်းက ကျွန်တော်နဲ့တော့် ဘယ်လိုမှ သဟဇာတကို မဖြစ်။  နန်တုန်ကို ဘာလို့ကြိုက်လဲ အခုတော့ နဲနဲလေး သဘောပေါက်လာပြီ။  စိမ်းလို့ ဖြစ်သည်။  နန်တုန် တစ်မြို့လုံး စိမ်းနေသည်။  အပင်လေးတွေက လမ်းတိုင်းမှာရှိသည်။  ကျွန်တော့် အတွက်ကတော့ ပုသိမ်မြို့နဲ့ ဆင်တူသည်။  ပုသိမ်မှာ ကန်သုံးဆင့် ကန်ကြီးရှိသလို နန်တုန်မှာလည်း ဟောင်းဟိုမြစ်က မြို့ကို ပတ်ပြီးတော့ စီးနေသည်။  
Saturday, July 14, 2012
ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း
ဒီအလှူလေးဖြစ်မြောက်ဖို့ ကျွန်တော် AH လည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ချင်လို့ ဒီပိုစ့်လေးကို ထပ်ဆင့်မျှဝေလိုက်ပါတယ် ခင်ဗျာ။  ဘလော့ဂ်ကြွလာ မိတ်သဟာများ၊ ကျွန်တော့် သူငယ်ချင်းများ၊ 465 ရပ်ဝန်းမှ ဘော်ဘော်များ ဒီပိုစ့်လေး ဖတ်ဖြစ်လို့ သဒ္ဒါတရားများ ထက်သန်လာခဲ့ရင် ပါဝင်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။
အောက်မှာတော့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ မူရင်းပိုစ့်လေးကို ဖော်ပြပေးလိုက်ပါတယ်။
အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။
ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့ မြန်မာ့ရေနံရက်ကွပ်မှာရှိတဲ့ သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းလေးနဲ့ ဦးစွာ မိတ်ဆက်ပေး ပါရစေ..။
Friday, July 13, 2012
ခရီးလွန်လို့ မျက်လုံးထဲဝင်သွားတဲ့ သန်ကောင်
          “သန်ကောင်တစ်ကောင်က လူတစ်ယောက်ရဲ့ မျက်လုံးထဲကို ၀င်တယ်ဆိုရင် ယုံမှာလား?  အန္ဒိယနိုင်ငံမှာတော့ ၁၃ စင်တီမီတာရှိတဲ့ သန်ကောင်တစ်ကောင်ဟာ မျက်လုံးထဲကို ၀င်နေလို့ ခွဲထုတ်လိုက်ရပါသတဲ့။  မူလန်ပြည်နယ်က ကရစ်စနားမွတ်သီး ဆိုတဲ့ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အဖိုးအိုဟာ သူ့ညာဖက်မျက်လုံးတွေ အောင့်လို့ဆေးခန်းကိုသွားပြခဲ့ပါသတဲ့။  ပထမတော့ မျက်စေ့ဆရာဝန်တွေဟာ သူ့ကို မျက်စဉ်းဆေးရည်ပေးပေမယ့် မသက်သာခဲ့ပါဘူး။
          “ကျွန်တော်တို့ တစ်သက်မှာတော့ သန်ကောင်တစ်ကောင်ဟာ ဒီလောက်အထိ လျှောက်သွားနိုင်တာမျိုးမတွေ့ဘူးသေးပါဘူး” လို့ အဘိုးအို ကရစ်စနားမွတ်သီးကို ခွဲစိတ်ပေးတဲ့ ဆရာဝန်တွေက ပြောပါတယ်။ 
“ဆရာဝန်က ကျွန်တော့်မျက်လုံးထဲမှာ သန်ကောင်တစ်ကောင်ဝင်နေတယ်။  အဲ့ဒါကို ခွဲထုတ်ရမယ်ပြောတော့” ကျွန်တော် အံအားသင့်လွန်းလို့ ဘာမှတောင် ပြန်မပြောနိုင်ပါဘူးလို့ ခရစ်စနားက ဆိုပါတယ်။  ဒီသန်ကောင်ဟာ မျက်လုံးကို သွားတဲ့ အာရုံကြောတွေကဆင့် ဦးနှောက်နဲ့၊ မျက်လုံးအတွင်းပိုင်းကို ၀င်ရောက်ခဲ့ရင်တော့ ဒါဟာ သေစေနိုင်လောက်တဲ့အထိ အန္တရာယ်များတယ်လို့ ဆိုပါတယ်။ 
Thursday, July 12, 2012
ကျွန်တော်နှင့် အရှုပ်ထုတ်
          ဘေးကပုံက ဘာမှ မဟုတ်ဘူး… ကွကိုယ်ဟန်းဖုန်းနဲ့ ရိုက်ထားတဲ့ပုံကို သဘောကျလို့ ပြန်တင်ထားတာ။  ဒီပိုစ့်နဲ့ လားလားမျှ မသက်ဆိုင်။  “ရှင်းနေတာတွေကို ရှုပ်အောင်လုပ်။ အဲ.. ပြီးရင် ရှုပ်နေတာတွေကို ပြန်ရှင်း။  အဲ့ဒီလို ပြန်ရှင်းတဲ့ဟာက အရင်ရှင်းတာထက် ပိုရှင်းတယ်” ဆိုတာ ပုတီးကုန်းမောင်စိန်ဝင်း ၀တ္တုထဲမှာလား မသိဘူး ဖတ်ဖူးတယ်။  အခု အတော့်ကို စဉ်းစားရခက်နေတဲ့ ပြဿနာကြီးကို အောင်မြင်စွာဖြေရှင်းလိုက်နိုင်ပြီ။  ရှု့မငြီး  ဒီကိုပြန်လာရင် နှာခေါင်းပိတ်စရာကို မလိုတော့ဘူး။  ဘာပြဿနာလည်းဆိုတော့ ခြေအိတ် ပြဿနာ။  ဒီ ခြေအိတ်ကိစ္စက လူကို တော်တော် ဦးနှောက်စားစေတာ ကလား။  ယုံချင်ယုံ မယုံချင်နေ စီလုတ်ပြည်ကြီးမှာ ခြေအိတ် ၈ စုံကို စင်ကျားပေါ ဒေါ်လာ ၂ ကျပ် (တရုတ်ငွေ ၁၀ ယွမ်)သာ ကျသဗျား။  ဟိုတယ်မှာ ခြေအိတ် တစ်စုံကို လျှောရင် ၄ ယွမ် ယူသဗျား။  အဲ့ဒီတော့ ဒိုဘီပေးပြီး လျှော်မလား၊ ၀ယ်မလား ဆိုတဲ့ ကိစ္စက တော်တော့်ကို စဉ်းစားစရာ ပြဿနာဖြစ်နေသပေါ့။
          ခြေအိတ်ကို လျှော်ဖို့ ဒိုဘီ ပေးလိုက်ရင် တစ်စုံကို ၄ယွမ်လောက် ငါ့ကုမ္ပဏီကြီး နစ်နာသွားမှာပေါ့လေ။  ငါ့ရဲ့ တောင်လိုယာလိုပုံနေတဲ့ ခြေအိတ်ပုံကြီးသာ ဒိုဘီ အပ်လိုက်မယ်ဆိုရင် ယွမ် ၄၀၀ လောက် ငါ့ကုမ္ပဏီကြီး အလဟသ နစ်နာသွားပေမပေါ့လို့ စိတ်ကောင်းလေးက ၀င်ပြန်ရော။  ၈ စုံကို ၀ယ်လိုက်ရင်တော့ ၁၀ ယွမ်သာ ကျပေလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ တစ်ပတ်ကို ၁၀ယွမ်ဖိုး ၀ယ်ဝယ်ပြီး ခြေအိတ်တွေ သုံးနေတာ အခုတော့ တဖြည်းဖြည်းနဲ့များလာလေတော့ လေသင့်ရင်ဖြင့် နှာခေါင်းပိတ်ထားရတဲ့ အဖြစ်ကို ရောက်ရော။  
Wednesday, July 11, 2012
Man with hole in head
          တရုတ်နိုင်ငံက ဒီလူကတော့ ခေါင်းမှာ အပေါက်ကြီးဖြစ်နေတာတောင် အသက်ရှင်လျှက် နေထိုင်နိုင်ပါသတဲ့။  ၂၀၀၆ ခုနှစ်မှာ မတော်တဆ ထိခိုက်မှု့ကြောင့် ဒီလိုမျိုး ခေါင်းမှာ အပေါက်ကြီးဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 
Tuesday, July 10, 2012
မမလေးကိုနော်ဗျာ.. ဒီမောင်ကခိုးမယ်လို့
          မမလေးကိုနော်ဗျာ.. ဒီမောင်က ခိုးမယ်လို့.. လူဆိုးတွေနဲ့ မောင်တိုင်ပင်.. (လူဆိုးတွေနဲ့မောင်တိုင်ပင်)။   သီချင်းလေးကတော့ ဘယ်တော့မှ မရိုးတဲ့ သီချင်းလေးပါ။  အဲ့.. ဒီထက်ဆန်းချင်သေးရင်တော့ ဖင်လန်နိုင်ငံက ဆိုကာဂျာဗီကိုသာသွားလို့ ညွှန်းပါရစေ။  အဲ့ဒီမှာတော့ မိန်းမခိုးတဲ့ ပွဲတော်ရှိပါသတဲ့။  အဲ့မိန်းမခိုးတဲ့ပွဲတော်ဆိုတာက ကိုယ့်မိန်းမကို ကုန်းပိုးပြီးတော့ မီတာ ၂၅၀ မနားတမ်း ပြေးရတဲ့ပွဲတော်ပါ။  ဒီနှစ်တော့ အသင်းပေါင်း ၃၄ သင်းပါဝင်ယှဉ်ပြိုင်ကြပါသတဲ့။  ၁၉၉၂ ခုနှစ်ကထည်းက ကျင်းပလာခဲ့တဲ့ ဖင်လန်က မိန်းမကုန်းပိုးပြီး ပြေးတဲ့ပွဲတော်ဟာ ခုချိန်ထိကျင်းပနေဆဲပါပဲ။  အဲ့ ကုန်းပိုးပြီး ပြေးတဲ့နေရာမှာ ရိုးရိုးပြေးယုံတင်မဟုတ်ဘူးဗျား… အခက်အခဲအတားအဆီးတွေ အများကြီးကို ကျော်ဖြတ်ပြီး မြန်နိုင်သမျှ မြန်အောင် ပြေးရပါသတဲ့။  တကယ်လို့ ပြေးနေတုန်းမှာ မိန်းမပြုတ်ကျ ကျန်ခဲ့ရင် ၁၅ စက္ကန့် မပြေးပဲ ခဏရပ်ပေးရပါတယ်။  ကဲ.. မိန်းမခိုးဖို့ ပြင်နေသူများ ထွေထွေထူးထူး လုပ်မနေနဲ့ အဲ့ဒီလိုသာ လေ့ကျင့်လို့ကတော့ သေချာပေါက် မိန်းမခိုးနိုင်မှာ။
Monday, July 9, 2012
ဟာသတိုလေးများ ၉
အားတော့ ပေးတယ်၊ ဒါပေမယ့် မဆာသေးဘူး
               လူလေးယောက် သဲကန္တာရထဲမှာ အစာငတ်နေကြတယ်.. ၁ ယောက်လဲကျပြီးတော့ သေသွားတယ်။  ကျန်တဲ့ ၃ ယောက်က သူတို့ အသက်ဆက်ပြီး ဒီ သဲကန္တာရကြီးကို ကျော်ဖြတ်ဖို့ သေသွားတဲ့ တစ်ယောက်ကို စားဖို့ ဆုံးဖြတ်လိုက်တယ်…
ပထမလူကပြောတယ် - “ကျုပ်က လီဗာပူးကို အားပေးတာ.. အဲ့ဒီတော့ အင်္ဂလိပ်လို လီဗာလို့ခေါ်တဲ့ အသည်းကို စားမယ်”
ဒုတိယလူကပြောတယ် - “ကျုပ်ကတော့ မန်ချက်စတာ ပရိတ်သတ်.. အဲ့ဒီတော့ အင်္ဂလိပ်လို ချက်စ်လို့ခေါ်တဲ့ ရင်ပုံပိုင်းကို စားမယ်”
တတိယတစ်ယောက် - “ကျုပ်ကတော့ အာဆင်နယ်ဖန်.. အမြှောက်တပ်သားစစ်စစ်… အဲ့ဒီတော့.. အင်း.. ဒါပေမယ်.. အင်း.. ခုလောလောဆယ် ဗိုက်သိပ်မဆာသေးဘူး”
မျိုးရိုး
          ဆိုးပေက သူ့ ဖေဖေကို မေးသည်
ဆိုးပေ။           ။ ဖေဖေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်…
အဖေ။            ။ သြော်… လူဆိုတာက မျောက်ကနေ ဆင်းသက်လာတာကွဲ့။  ဒီလိုနဲ့ တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲတိုးတက်လာပြီးတော့ ခုဖေဖေတို့၊ သားတို့လို လူတွေဖြစ်လာတော့ပေါ့
          ဆိုးပေ သူ့ မေမေထံ သွားပြန်သည်
ဆိုးပေ။           ။ မေမေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်..
အမေ။            ။သြော်.. သားရယ်.. ဘုရားသခင်က အာဒမ်နဲ့ ဧ၀ကို ဖန်ဆင်းခဲ့တယ်လေ။  အဲ့ဒီကနေပြီးတော့ လူသားမျိုးနွယ်တွေ ဆင်းသက်လာကြတာပေါ့။
ဆိုးပေ။           ။ဟင် မေမေကလည်း ဟုတ်လို့လား ဖေဖေကပြောတော့ လူဆိုက မျောက်ကဆင်းသက်လာတာတဲ့
အမေ။            ။ ဒီမှာသား နင့်အဖေက သူ့ဘက်က အမျိုးတွေအကြောင်းပြောတာ။  မေမေက မေမေ့ဘက်က အမျိုးတွေ အကြောင်းပြောတာ။
ကျောင်းနောက်ကျခြင်း အကြောင်း
ဆိုးပေ ကျောင်းနောက်ကျသည်။ ဆရာမက ဆိုးပေကိုမေးသည်
ဆရာမ။          ။ဆိုးပေ ဘာဖြစ်လို့ကျောင်းနောက်ကျရတာလဲ
ဆိုးပေ။           ။ ဆိုင်းဘုတ်ကြောင့်ပါ ဆရာမ
ဆရာမ။          ။ဘာဆိုင်းဘုတ်လဲ
ဆိုးပေ။           ။ ကျောင်းရှိသည် ဖြေးဖြေးဆိုတဲ့ ဆိုင်းဘုတ်ပါ။
Sunday, July 8, 2012
ဝက် အသုဘ
          ဒီဝက်ကြီးကတော့ ငယ်ငယ်ကထည်းက ဘုန်းတော်ကြီးတွေက မွေးစားခဲ့လို့ ၀က်သားဖြစ်မယ့်ဘေးက ဝေးလို့ အေးအေးချမ်းချမ်း ဘ၀ကို ဖြတ်သန်းနိုင်ခဲ့ပါသတဲ့။  “ဒီကောင်ကြီးက ချစ်ဖို့ကောင်းသလို နူးလည်း နူးညံပါတယ်၊ ပြီးတော့ သူ့ကို ဘယ်သူမှလည်း မနှောက်ယှက်ကြပါဘူး” လို့ သူ့ကို မွေးစားခဲ့တဲ့ လူတွေ ကဆိုပါသတဲ့။
          ရွာသားတွေဟာ အဆိုပါ ၀က်ကြီးရဲ့ ခန္ဓာကိုယ်ကို ၀က်ဘုရင်ကြီးအဖြစ် ကိုးကွယ်ဖို့ လိုချင်နေကြပါသတဲ့။  သူ့ကို မွေးမြူထားခဲ့သူကတော့ “ဒီ ၀က်ကြီးကို ရုပ်ထုအဖြစ် ထုလုပ်သင့်ပါတယ်။  ဒါမှ နောင်လားနောင်သားတွေလည်း ဒီဝက်ကြီးကို အမြဲတမ်း ရိုသေကိုင်းရှိုင်းနေအောင်ပေါ့” လို့ ဆိုသွားပါသတဲ့။
          သြော်… အံတော့ အံသြစရာပါပဲ.. သူ့ဓလေ့နဲ့သူ၊ သူ့ ကိုးကွယ်မှု့နဲ့ ပါတ်သတ်ပြီးတော့ ဘာမှ မပြောလိုတော့ပါဘူးလေ။  ယုံကြည်ရာကိုးကွယ်လို့ သူ့ဟာနဲ့သူ စိတ်ချမ်းသာပြီး သူများတွေကို ဒုက္ခမပေးရင် ကောင်းတာပါပဲလေ။
Source : (Link)
Saturday, July 7, 2012
သမီးလေး
            ဖ၀ါး လက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်ဆိုတာက ကျွန်တော့်အတွက်တော့ မဟုတ်ဘူး။  ကျွန်တော့်ရဲ့ သမီးငယ်လေးက မွေးဖွားရင် အူဝဲလို့မအော်တတ်ဘူး။  သူ့ကို လူတွေက နီရဲပူပြင်းလှတဲ့ မီးလျှံတွေနဲ့ ဖြတ်တောက်ကြတယ်။  ပြီးတော့ သူ့ကို တစ်ပိုင်းချင်း တစ်ပိုင်းချင်း၊ တစ်ခုချင်း တစ်ခုချင်း တွဲစပ်ကြတယ်။ ဒီလိုနဲ့ သမီးလေး တစ်ယောက်မွေးဖွားခဲ့တယ်။  ဒီလိုပဲ သမီးငယ်လေးများစွာ မွေးဖွားခဲ့တယ်။  အနာဂတ်မှာလည်း သမီးငယ်လေးများစွာ မွေးဖွားလိမ့်ဦးမယ်။  ကျွန်တော့်အလုပ်က ဒီသမီးငယ်လေးတွေကို ကြည်ရှု့စောင့်ရှောက်ပေးဖို့ပေါ့။ 
          သမီးလေးတွေဆိုတာက ကျွန်တော်ဆောက်နေတဲ့ သင်္ဘောတွေပေါ့။  သင်္ဘောတွေကို “She” လို့ သုံးနှုံးကြရင် ကျွန်တော်ဆောက်တဲ့ သင်္ဘောတွေဟာလည်း ကျွန်တော့ သမီးငယ်လေးတွေပဲပေါ့။   ကိုယ်ဝန်စရှိပြီ ဆိုကထည်းက မိခင်တွေဟာ အပူ၊ အစပ်၊ အခါး စတာတွေကို ရှောင်ပြီးတော့ စားချိန်တန်ရင်စား၊ အိပ်ချိန်တန်ရင်အိပ်ပြီးတော့ အနာဂါတ်ရဲ့ ရင်သွေးငယ်ကလေးတွေကို စောင့်ရှောက်ရသလိုပဲ… ကျွန်တော်တို့လည်း သင်္ဘောတစ်စီး စတင် မမွေးဖွားခင်ကထည်းက ဒီဇိုင်းအဆင့်မှာ ကျွန်တော်တို့ရဲ့ ရင်သွေးလေး ပင်လယ်ပြင်ကြီးပေါ်မှာ ရာသီဥတုဒဏ်ကို ကြံကြံခံနိုင်ဖို့ သင်္ဘောရဲ့ ဒီဇိုင်း ပြည့်စုံသည်ထက်ပြည့်စုံအောင်၊ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် တစ်ဆင့်ပြီး တစ်ဆင့် မွန်းမံကြရတာပေါ့။  သမီးလေးရဲ့ ခန္ဓာကိုယ် ကြံခိုင်သည်ထက်ကြံခိုင်လာအောင်၊ သမီးလေးရဲ့ စွမ်းရည်တိုးတက်သည်ထက်တိုးတက်လာအောင် အထပ်ထပ်အခါခါ အိပ်ရေးတွေပျက်လို့၊ အပင်ပန်းခံပြီးတော့ သမီးလေး ရုပ်လုံးပေါ်လာအောင် ကြိုးစားခဲ့ကြတယ်။
ကြယ်တွေစုံတဲ့ ချစ်သူများနေ့ (သို့) တာနာဗာတ ပွဲတော်
          ကောင်းကင်ဘုံမှာ ကျောက်စိမ်းဧကရာဇ်ကြီး စိုးစံတယ်ဆိုတာက တရုတ်တို့ရဲ့ တိုင်အို ဒဏ္ဍာရီလာ ယုံကြည့်မှု့ပေါ့လေ။  စွန်းဝူခုံး ဇာတ်လမ်းတွဲတွေထဲမှာလည်း ကျောက်စိမ်းဧကရာဇ်ကြီးကို မြင်ဖူးကြမှာပေါ့။  ဒီအယူအဆဟာ တရုတ်နိုင်ငံအပြင် ဂျပန် နဲ့ ကိုရီးယားတို့မှာလည်း လွှမ်းမိုးပါတယ်။  တာနာဗာတ ပွဲတော်ကတော့ ဂျပန်နိုင်ငံမှာ နှစ်စဉ် ကျင်းပတဲ့ ပွဲတော်လေးတစ်ခုပါ။  ဒီ ပွဲတော်လေးရဲ့ ရာဇ၀င်ကတော့ ကြေကွဲစရာ ဇာတ်ကြောင်းလေးပေါ်မှာ အခြေခံထားပါတယ်။
          ကျောက်စိမ်းဧကရာဇ်ကြီးမှာ အလွန်ချောမောလှပါတဲ့ သမီးတော်လေးရှိပါသတဲ့။  သမီးတော်လေးရဲ့ နာမည်က ကျီနွီ ပါတဲ့။  ကောင်းကင်ဘုံမှာတော့ နတ်သား နတ်သမီးတို့ဟာ လူ့ပြည်မှာလိုပဲ သူတို့ရဲ့ Profession အလုပ်တွေကို လုပ်ဆောင်နေကြတယ်ပေါ့။  ဒီလိုပဲ ကျောက်စိမ်းဧကရာဇ်ကြီးရဲ့ သမီးတော်လေးရဲ့ တာဝန်ကတော့ ကောင်းကင်ဘုံမှာ လှပတဲ့ ရောင်စုံ တိမ်တိုက်တွေကို ယက်လုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။  တစ်ချို့ပုံပြင်တွေမှာတော့ သမီးတော်လေး ကျီနွီနဲ့ သူ့မိခင်တို့ဟာ လှပတဲ့ ငွေရောင်မြစ်ကြီး (ကျွန်တော်တို့ သိတဲ့ နဂါးငွေ့တန်း ဂလက်စီ) ကို ယက်လုပ်ရပါသတဲ့။  ဒီလိုယက်လုပ်ပြီး နဂါးငွေ့တန်းကြီးဖြစ်ပေါ်လာတော့မှ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတို့မှာ အလင်းရောင်ဖြစ်ပေါ်လာရပါတယ်။
          နေ့စဉ် မင်းသမီးလေး ကျီနွီဟာ သူမရဲ့ တန်ခိုးရှိတဲ့ ကြိုးကလေးကို ယူလို့ ကမ္ဘာမြေပေါ်ကို ရေချိုးဖို့ ဆင်းလေ့ရှိပါသတဲ့။  တစ်နေ့တော့ နွားကျောင်းသားလေး နယိုလန် ဟာ မင်းသမီးလေး စမ်းချောင်းမှာ ရေချိုးနေတာကို တွေ့မြင်သွားလေသတဲ့။  မြင်မြင်ချင်း မင်းသမီးလေးကို ချစ်မိသွားတဲ့ နွားကျောင်းသားလေးဟာ မင်းသမီးလေးရဲ့ တန်ခိုးရှိတဲ့ ကြိုးကိုဝှက်ထားလိုက်ပါသတဲ့။  ကျီနွီ ရေချိုးပြီးပြန်တက်လာတော့ နွားကျောင်းသားလေးဟာ မင်းသမီးလေးကို သူ့အိမ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
          ကျောက်စိမ်းဧကရာဇ်ကြီးဟာ ဒီသတင်းကို ကြားရတော့ ဒေါသတွေ အရမ်းထွက်သပေါ့… ဒါပေမယ့် မင်းသမီးလေးကတော့ နွားကျောင်းသားလေးကို မေတ္တာသက်ဝင် ချစ်ခင်သွားပြီမို့ ကျောက်စိမ်းဧကရာဇ်ကြီးဟာ ဒီတိုင်းပဲ လက်ပိုက်ကြည့်နေရပါတော့တယ်။  ဒီလိုနဲ့ အချိန်တွေကုန်လွန်လာတော့ မင်းသမီးလေး ကျီနွီဟာ သူ့အိမ်ဖြစ်တဲ့ ကောင်ကင်ဘုံကို လွမ်းဆွတ်သတိရနေပါတယ်။  နောက်ပြီးတော့ သူမချစ်ရတဲ့ ဖခင်ကြီးကိုရောပေါ့။  တစ်နေ့တော့ ကျီနွီဟာ သူ့မရဲ့ ခင်ပွန် ၀ှက်ထားတဲ့ တန်ခိုးရှိတဲ့ ကြိုးကလေးကို သေတ္တာတစ်လုံးထဲမှာ တွေ့ရှိသွားပါတဲ့။  ဒါနဲ့ ကျီနွီဟာ ကောင်းကင်ဘုံကို ခဏပြန်ပြီးတော့ သူမရဲ့ ဖခင်ဆီကိုလည်း အလည်အပတ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။  သူမ ကောင်းကင်ဘုံကို ပြန်ရောက်တော့ ဖခင်ဖြစ်သူဟာ ကောင်းကင်ဘုံမှာ မြစ်တစ်ဆင်းကို ဖန်ဆင်းလိုက်ပါတော့တယ်။  ဒီမြစ်ဟာ ကျီနွီလေးကို သူမချစ်လှတဲ့ ခင်ပွန်းသည်ဆီ ပြန်လို့မရအောင် တားဆီးထားတဲ့ မြစ်ပေါ့။  ဒါပေမယ့် ကျောက်စိမ်းဧကရာဇ်ဟာ သနားဖွယ်ကောင်းလှတဲ့ ချစ်သူစုံတွဲကို တစ်နှစ်မှာတစ်ခါတော့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။  ဒါက နှစ်စဉ်နှစ်တိုင်း တရုတ်ပြက္ကဒိန်ရဲ့ ၇ လပိုင်းရဲ့ ၇ ရက်မြောက်နေ့ဖြစ်မှာဖြစ်ပါတယ်။           ဒါကြောင့် အဲ့ဒီနေ့ကောင်းကင်ယံမှာ နတ်သမီးလေး ကျီနွီက Viga ဆိုတဲ့ ကြယ်ပွင့်လေး အဖြစ်နဲ့ နဂါးငွေ့တန်းကြီးရဲ့ အရှေ့ဘက်ခြမ်းမှာ ထွန်းလင်းတောက်ပနေပါသတဲ့။  သနားစရာ နွားကျောင်းသားကလေးကတော့ Altair ဆိုတဲ့ ကြယ်ကလေးအဖြစ်နဲ့ နဂါးငွေ့တန်းကြီးနဲ့ အနောက်ဖက်မှာ ထွန်းလင်းတောက်ပရရှာပါတယ်။  အဲ့ဒီနေ့မှာ နဂါးငွေ့တန်းကြီးရဲ့ အလင်းရောင်ကတော့ သူတို့နှစ်ယောက်တွေ့ဆုံဖို့အတွက် မှေးမှိန်ပေးရတယ်လို့ ဆိုကြပါတယ်။  သနားစဖွယ် ချစ်သူစုံတွဲကတော့ အဲ့ဒီ ၇ ရက်မြောက်နေ့ကလေးမှာပဲ တွေ့ဆုံခွင့်ရပါသတဲ့။  ဒီနေ့ကို တရုတ်လိုတော့ ကျီရှီး ပွဲတော်လို့ ခေါ်ကြပြီး၊ ဂျပန်မှာတော့ တာနာဗာတ ပွဲတော်လို့ခေါ်ကြပါတယ်။  ကိုရီးယားမှာလည်း ချီလ်ဆုခ် ဆိုပြီးတော့ ပွဲတော်ကျင်းပလေ့ရှိပါတယ်။  မြန်မာလိုဆိုရရင်တော့ ကြယ်ပွဲတော်၊  အနောက်နိုင်ငံတွေမှာ ဗယ်လင်တိုင်းလို့ခေါ်တဲ့ ချစ်သူများနေ့ ကျင်ပသလိုမျိုးပေါ့။  တစ်ကယ်လို့ အဲ့ဒီနေ့မှာ မိုးရွာခဲ့ရင်တော့ ကျီနွီလေးဟာ သူမချစ်လှတဲ့ ခင်ပွန်းသည် နွားကျောင်းသားလေးကို တွေ့ရတော့ ၀မ်းသာလွန်းလို့ ဖြေမဆည်နိုင်ဖြစ်ကာ မျက်ရည်များကျရတယ်လို့ ဆိုကြပါသတဲ့။
Friday, July 6, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၀
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏   
ကြော်ငြာကောင်းချက်ကတော့ သရဲမတောင် အလွတ်မပေးဘူး...
Thursday, July 5, 2012
ဘာမြင်ရလဲ? - ၃
          ဒီနေ့ မနက် အိပ်ယာထတော့ အုန်းကလွဲနေတယ်။  အုန်းလွဲနေတော့ ဇက်က ခိုင်နေသပေါ့လေ။  ဒါပေမယ့် ဒီပိုစ့်လေး တင်ချင်တော့ ဒီဓာတ်ပုံတွေကို ထပ်ကြည့်မိတယ်။  အဲ့ဒီလို ကြည့်လိုက်တော့ လွဲနေတဲ့ ဇက်က ပိုပြီးတော့ နာသွားတယ်။  အဲ့ဒီမှာ ကောက်ချက်တစ်ခု သေသေချာချာ ချလိုက်မိတယ်.. အုန်းလွဲနေတဲ့လူတွေ ဒီဓာတ်ပုံတွေကို မကြည့်ပါနဲ့လို့ပေါ့။  အဲ့ နောက်တစ်ခုက မျက်မှန်သမားတွေလည်း မကြည့်ရင် ပိုကောင်းမယ်.. မဟုတ်ရင် ကြည့်ရင်း ကြည့်ရင်းနဲ့ မျက်မှန် ကျွတ်ထွက်သွားနိုင်သေးတာကိုး....  ကဲ ပုံလေးတွေ ကြည့်ဖို့ အသင့်ဖြစ်ရင်တော့ စကြည့်နိုင်ပါပြီ။  ပုံတွေကို မြင်ရချင်ရင်တော့ ခေါင်းကို တွင် တွင် ခါမှ မြင်နိုင်မှာပါ။
ကိုကာကိုလာကြိုက်တဲ့ ကုလားအုပ်
          ကုလားအုပ်တစ်ကောင်က ကိုကာကိုလာ အချိုရည်ကို ကြိုက်တယ်ဆိုရင်ယုံပါ့မလား။  နောက်ပြီးတော့ ဘယ်လိုလုပ်ပြီးတော့ ပုလင်းလိုက်မော့လိုက်မလဲ?  တူနီးရှားနိုင်ငံ Tozeur မြို့ရဲ့ တရိစ္ဆာန်ရုံက ကုလားအုပ်ကတော့ ကိုကာကိုလာ အချိုရည်ကို ကြိုက်မှကြိုက်ဆိုပဲ။  ဒီ ကုလားအုပ်ဟာ ကိုကာကိုလာ အချိုရည်ကို ပုလင်းလိုက် တစ်စက်မကျန် မော့သောက်နိုင်ပါသတဲ့။  သူ့ကို ကိုကာကိုလာ တိုက်ချိန်ဆိုရင်တော့ တရိစ္ဆာန်ရုံကို လာလည်တဲ့လူတွေ အပြည့် စောင့်ကြည်နေကြတယ်လို့ ဆိုပါတယ်။  ကဲ ကုလားအုပ် ဘယ်လို အချိုရည်သောက်သလဲ သိချင်ရင်တော့ အောက်က YouTube လင့်ကိုသာ သွားကြည့်ကြပါ။
Wednesday, July 4, 2012
ရှန်ဟိုင်းရဲ့ နွေ
ရွက်ဝါကြွေ မြေမှာခ
လေရူးတစ်သုတ်မှာဖြင့်
သံချိုချို ဥသြရယ်က
ပိုပိုသာ လွမ်းအောင်ကူလို့
ဒီနွေမှာ မောင်ရူးရချည့်…
          ရွက်ဝါကလေးတွေ ဖြိုက်ခနဲ့ကြွေ…. လေရူးက တစ်ဝေ့… ရိုးတံကြဲကြဲနဲ့ အပင်လေးတွေတွေက ငုပ်တုတ်.. အို.. လွမ်းစရာ့ နွေပန်းချီကားလို့ စိတ်ကူယဉ်ကောင်းသူများအတွက်ကတော့ ချယ်ချင်တိုင်းချယ်၊ မှုန်းချင်တိုင်းမှုန်းပေါ့။  ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ နွေဆို မုန်းတယ်။  အထူးသဖြင့် ရှန်ဟိုင်းရဲ့နွေပေါ့။ မြွေတွေဟာ တစ်နှစ်ကို တစ်ခါ အရေခွံလဲသလိုပဲ.. ကျွန်တော်လည်း တစ်နှစ်တစ်ခါ အရေခွံလဲရတယ်။  ဒီသောက် “နေ” နဲ့ သောက် “နွေ” က ဒီလောက်ပူမှတော့ တစ်ကိုယ်လုံးက အရည်ပြားတွေလဲ ခြောက်ပြီးတော့ ကွာပါထွက်ကရော။ မျက်နှာဆိုရင် ကိုမန်ဒို တပ်က စစ်သားတွေ အမဲရောင်လိုင်းတွေ ဆွဲထားသလိုပဲ… သဘာဝအတိုင်းကို မဲတဲ့နေရာကမဲ၊ ဖြူတဲ့နေရာကဖြူ။
နဖူးကချွေး ခြေမကျတယ် ဆိုတာ ရှန်ဟိုင်းရဲ့ နွေကိုပြောတာ။  နဖူးမှာတင်ချွေးထွက်တာမဟုတ်ဘူး၊ တစ်ကိုယ်လုံး လျှော်ပြီးသွားအ၀တ်ကို ရေညှစ်ထားသလိုပဲ။  ရွှဲရွှဲကိုစိုလို့။  အလုပ်များတဲ့နေ့ဆိုလို့ကတော့ ဘာပြောကောင်းမလဲ Dehydration ရလုရခင်ပဲ။  မျက်လုံးတွေပြာပြီးတော့ ညှောင်ညှောင်တောင် မမည်နိုင်ဘူး။  ခုလည်း အပူချိန်က ၃၈ နားကပ်လာပြီ။  နောက်လဆို ၄၀ ကျော်တော့မယ်။  အဲ့ဒီ နွေကို အသေမုန်း၏။
Monday, July 2, 2012
နဲနဲလေးတော့ လွဲနေတယ်... လွဲလွဲလေးလည်း ကောင်းပါတယ်..
လွဲပြီးရင်းလွဲနေတော့ လွဲမယ့်အတူတူ လွဲတာတွေပဲ ထိုင်ကြည့်တာကမှ ကောင်းသေး... ကဲ လွဲလိုက်ကြစို့ဗျာ...
ပျောက်ဆုံးခြင်း
ခပ်သောသောလေး ရယ်ရရင်တော့ ဒါဟာ ဟာသဇာတ်ပေါ့လေ
ခပ်အုပ်အုပ်လေး လူမသိအောင် ငိုတော့ ဒါဟာ အလွမ်းဇာတ်
ခပ်တည်တည်ကြီးနေတော့ ငါ့ကို ဘာပြောကြမလဲ
မရယ်တော့ဘူးလား၊ မငိုတော့ဘူးလား
ငါဟာ ငါဘာလည်းဆိုတာကို ငါကိုယ်တိုင်တောင် မသိဘူး
အမေရိကန် အိပ်မက်တွေ လူတိုင်းမက်ကြသပေါ့လေ
လုပ်သလောက် အကျိုးရှိမယ်၊ ယောက်ျားတံခွန်အောင်လံထူလို့
ဒါပေမယ့် ငါဘာလုပ်နေမှန်း ငါ့ကိုယ်ငါ မသိဘူးဖြစ်နေတာ
အင်း…  လုပ်တော့လုပ်နေတာပဲ…
ဒါပေမယ့် ပျောက်ဆုံးခြင်းတွေက အရိပ်လိုလိုက်လာတော့
သဲပြင်ပေါ်မှာရေးတဲ့ စာလုံးလိုပဲ လှိုင်းတစ်ချက်စာပဲရှိတယ်
ဘာမှ မလုပ်ဘဲ ထိုင်စားလို့ရတဲ့နေရာဟာ အမေ့အိမ်ပဲလို့
သိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ ဟိုးအဝေးကြီးကို
ရောက်ရှိနေခဲ့ပါပြီ ဆိုတာမျိုးကတော့ မဖြစ်ချင်လှ
အတောင်စုံတဲ့ ငှက်ဟာ မပျံရင် ငှက်ဘ၀ ဆုံးမယ်
ဒါပေမယ့် ဦးတည်ချက်မရှိ ပျံသန်းနေတော့ ခက်သား
ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်၊ တစ်မနက်ပြီး တစ်မနက်
ပျံလိုက် နားလိုက်၊ ဆောင်းခိုလိုက်ပေါ့
ဒါပေမယ့် ဦးတည်ချက်မှ မရှိလေတော့
ပျံလေတဲ့ ငှက်ခါး ဘယ်နား သွားနားရမှန်းကို မသိတာ။
ဒီလိုနဲ့ ငါဟာ ပျောက်ဆုံးလို့ ကောင်းနေတုန်း…….
The Champion
Euro 2008, World Cup 2010, now again Euro 2012.....  Congratulation Champion !
Sunday, July 1, 2012
ဖြတ်၊ ဖောက်၊ ချုပ်
          လောကကြီးကတော့ အတော့်ကို ဆန်းကြယ်လှပါတယ်။ ခေတ်သစ် ဆေးပညာတိုးတက်လာမှု့နဲ့အတူ လိင် ပြောင်းလဲမှု့ဆိုင်ရာ ဆေးပညာရပ်တွေလည်း တိုးတက်လာခဲ့တယ်။  ဟိုရက်ကတောင် နေပြည်တော်မှာ ဒွိလိင် ခလေးငယ်တစ်ယောက် မွေးဖွာတယ်လို့ ဖတ်လိုက်ရသေးတယ်။  ဒီနေ့ အင်တာနက်မှာ ဖတ်လိုက်ရတဲ့ သတင်းလေးကတော့် အတော်လေးထူးဆန်းတယ်။  ဒါကတော့ ရခဲလှတဲ့လူ့ဘ၀မှာ ဒွလိင်အဖြစ်နဲ့ မွေးဖွားလာတဲ့ တရုတ်နိုင်ငံက ၀ီလိုဆိုတဲ့ လူတစ်ယောက်အကြောင်းပါ။  သူဟာ မွေးဖွားလာတော့ မိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်။  လူအသိုင်းအ၀ိုင်းမှာ ယောကျာ်းလေး၊ မိန်းခလေးဆိုတဲ့ သတ်မှတ်ချက်တွေကြားထဲမှာ သူဟာ ပျောက်ဆုံးခဲ့ရတယ်။  သူ့ကိုယ်သူ ကျားလား၊ မလား ခွဲလို့မရတဲ့ ဘ၀မှာ သူဟာ ရုန်းကန်ခဲ့ရတယ်။
          ဒီလိုနဲ့ သူဟာ နောက်ဆုံးမှာ ယောက်ျားလေးဘ၀ကို ခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။  ဒါဟာ ခွဲစိတ်ဖို့ပါ။  သူ့တစ်သက်တာမှာ ကျား၊ မ မခွဲခြားနိုင်တဲ့ လူအဖြစ် နာကျင်ခံစားတွေရတဲ့ နေ့ရက်တွေကို ခွဲစိတ်ခန်းထဲမှာ နာရီပေါင်းအနည်းငယ်အတွင်း နာကျင်ခံစားရမယ့် ဝေဒနာနဲ့ လဲလှယ်ခဲ့တာပါ။  သူ ၁၀နှစ်အသက်အရွယ်မှာ ယောက်ျားလေးအဖြစ် ရွေးချယ်ပြီးတော့ ခွဲစိတ်ခံခဲ့ပါတယ်။  ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။  သူဟာ ယောက်ျားလေးတစ်ယောက်အဖြစ် မရပ်တည်နိုင်ခဲ့ပါဘူး။  ၆ နှစ်ကြာ လက်တွဲခဲ့တဲ့ သူ့ချစ်သူနဲ့လဲ ဘယ်လိုမှ ယောက်ျားလေးတစ်ယောက်လို ပြုမူနေထိုင်လို့ မရပါဘူး။ နောက်ဆုံးမှာတော့ သူဟာ မိန်းကလေး တစ်ယောက်လိုပဲ နေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ကမ္ဘာ့အမြန်ဆုံးများ
         ဘာရယ်မဟုတ်ပါဘူး.. ကမ္ဘာ့အမြန်ဆုံးများဆိုပြီး တွေ့လို့ တင်ပေးလိုက်တာပါ။
ကမ္ဘာ့အမြန်ဆုံး သေနတ်ပစ်သမား
ကမ္ဘာ့အမြန်ဆုံး ခွက်စီသူ
ကမ္ဘာ့အမြန်ဆုံး လက်ခုပ်တီးနိုင်သူ
ကမ္ဘာ့အမြန်ဆုံး မီတာ ၁၀၀ အပြေးသမား... ဒါ အူစိန်ဘော့ မတိုင်ခင်ကလို့ ထင်တာပဲ
ကမ္ဘာ့အမြန်ဆုံး အ၀တ်အစားချွတ်နိုင်သူ.. ဒါကတော့ ဘယ်နေရာမှာ သုံးလို့ရနိုင်တယ် မသိ..
ကမ္ဘာ့အမြန်ဆုံး ဂိုး
ကမ္ဘာ့အမြန်ဆုံး တံဆိပ်ခေါင်း ထုနိုင်သူ
ကမ္ဘာ့အမြန်ဆုံး ရောင်စုံတုံး စပ်နိုင်သူ
ကမ္ဘာ့အမြန်ဆုံး ပီဇာ မုန့်ဖုတ်သမား
ကမ္ဘာ့အမြန်ဆုံး သေနတ်ကျည်လဲနိုင်သူ
ကမ္ဘာ့အမြန်ဆုံး မိုင်းရှင်းဂိမ်းဆော့နိုင်သူ
ကဲ Youtube လေးကို ရှု့စားလိုက်ကြပါစို့...