စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, July 15, 2012

ဒုတိယံပိ နန်တုန်


                 ဒုတိယံပိ ရောက်တော့လည်း လွမ်းသလိုလို။ ဘာကိုတော့ လွမ်းမှန်းမသိ။  အဲ့.. တစ်မျိုးတော့ မထင်ပါနဲ့ နန်တုန်မှာ သံယောဇဉ်တွယ်ရမယ့်လူ မရှိပါဘူး။  ဒါပေမယ့် ၁ နှစ်လောက် ကျင်လည်ခဲ့တဲ့ မြို့ကလေးကို ပြန်တွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးလေးပေါ့လေ။  ထူးခြားတာက တိုက် အလုံး ၆၀ လောက် ၇ လအတွင်း ထိုးထိုးထောင်ထောင်နဲ့ ပြီးသွားတော့ မျက်စိပွတ်ကြည့်ရတယ်။  နောင်ငါးနှစ်မှ နန်တုန်ကို ပြန်ရောက်ရင် မှတ်မိပါ့မလားတောင် မသိ။  မြို့သစ်ဘက်ခြမ်းကတော့ တိုက်အသစ်တွေ ဟောတစ်လုံး ဟောတလုံးပဲ။  မြို့ဟောင်းဘက်မှာတော့ Renovation တွေ တစ်အုံတစ်မကြီး လုပ်နေကြလေရဲ့။  နန်တုန်မြို့က ရှန်ဟိုင်းလိုမဟုတ်ဘူး။  ရှုပ်ရှုပ်၊ ရှုပ်ရှုပ်နဲ့ ရှန်ဟိုင်းက ကျွန်တော်နဲ့တော့် ဘယ်လိုမှ သဟဇာတကို မဖြစ်။  နန်တုန်ကို ဘာလို့ကြိုက်လဲ အခုတော့ နဲနဲလေး သဘောပေါက်လာပြီ။  စိမ်းလို့ ဖြစ်သည်။  နန်တုန် တစ်မြို့လုံး စိမ်းနေသည်။  အပင်လေးတွေက လမ်းတိုင်းမှာရှိသည်။  ကျွန်တော့် အတွက်ကတော့ ပုသိမ်မြို့နဲ့ ဆင်တူသည်။  ပုသိမ်မှာ ကန်သုံးဆင့် ကန်ကြီးရှိသလို နန်တုန်မှာလည်း ဟောင်းဟိုမြစ်က မြို့ကို ပတ်ပြီးတော့ စီးနေသည်။  

မြို့သစ်ဖက်မှာတော့ တိုက်တန်းအသစ် အသစ်တွေ ပေါ်လာကြပြီ။

ဒါကတော့ နန်တုန်မြို့ရဲ့ ဒေသတွင်း လွှတ်တော်လို့ခေါ်ရမယ့် အဆော်ကအဦးပေါ့လေ။  ဒီမှာပဲ မြို့ရွာ၊ စီးပွားရေး၊ လူမှု့ရေး၊ ကျန်းမာရေး၊ ပညာရေး ဘယ်လိုလုပ်ကြမယ် ဘာ၊ညာ ဆိုတာကို ဆွေးနွေးကြမှာပေါ့။  ဘာတွေ ဆွေးနွေးလည်းတော့မသိဘူး.. နန်တုန်ကတော့ သူများ ပြည်နယ်တွေထက် အဆပေါင်းများစွာ တိုးတက်သဗျား။  သူတို့ လွှတ်တော်ထဲက ဒေသတွင်း လွှတ်တော်အမတ်များ အလုပ်ကောင်းကောင်း လုပ်ကြလို့နဲ့တူပါရဲ့။  အဲ့.. နန်တုန်မှာ ခရိုနီ မရှိဘူးလားလို့တော့ မမေးနဲ့၊ တရုတ်ပြည်မှာ ခရိုနီတွေမှ တစ်ပုံကြီးပေါ့။  အဲ့.. ဒါပေမယ့် ခရိုနီဆိုတာလည်း လူအမျိုးမျိုးရှိသေးသကိုး။  ကိုယ့်အိတ်ထဲ ၁၀၀% ထည့်ချင်တာတော့ လူတိုင်းဖြစ်ချင်ကြတာပေါ့လေ။  ဒါပေမယ့် အောက်ခြေက လူတန်းစားတွေ ထမင်းဝဖို့၊ အလယ်အလတ်တန်းလွှာတွေ လူတန်းစေ့နေနိုင်ဖို့ကိုလည်း ခရိုနီတွေ ခေါင်းထဲ ထည့်စဉ်းစားရမှာပေါ့။ ဒါမှ ခရိုနီးတို့ ထိုင်ခုံ မြဲမပေါ့။ဥပမာ- မြန်မာပြည်ဆိုလည်း ခု Infrastructure တွေအများကြီးလိုနေပြီ။  ဆောက်ရတော့မယ့် ရေနက်စီမံကိန်းတွေ၊ အဝေးပြေး လမ်းမကြီးတွေ၊ ဒီအတွက် လိုအပ်တဲ့ ဘိလပ်မြေ.. ဘယ်ကထုတ်သလဲ။  ပြည်တွင်းမှာရောထုတ်လို့မရဘူးလား။  ထုတ်မရအောင် မြန်မာပြည်သူတွေက ချီးစားပြီး နေကြတာမှ မဟုတ်တာ။  အားလုံး ထမင်းစားပြီး အားလုံး ကျပ်ပြည့်တဲ့လူတွေ ချည်းပဲ။  စက်ရုံတွေလည်း ရှိရဲ့။  စက်ရုံထပ်ဆောက်လို့မရတော့ဘူးလား?  လိုတဲ့ ဘိလပ်မြေတွေကို မြန်မာပြည်ကပဲ ထုတ်လို့မရတော့ဘူးလား.... ဘိလပ်မြေ ထုတ်တဲ့ အခြေခံပစ္စည်းတွေ(Resource) မြန်မာပြည်မှာ မရှိလို့လား မဖြစ်နိုင်ဘူးလို့ မပြောနဲ့ပေါ့လေ။  အားလုံး ဖြစ်နိုင်တာချည်းပဲ။  ဒါကို ထိုင်းက လှိမ့်ဝယ်၊ တရုတ်က လှိမ့်ဝယ်၊ ဒီအတွက် ဘိလပ်မြေ သွင်းကုန် Long Term စာချုပ်က ခရိုနီတွေလက်ထဲမှာ။  ဒီအစား စက်ရုံဆောက်လိုက်ရင် နံပါတ် ၁ အောက်ခြေ ပြည်သူလူထု အလုပ်တွေရမယ်၊ နံပါတ် ၂ နိုင်ငံတော်အတွက် တည်ဆောက်ရေးတွေဆောင်ရွက်တဲ့ နေရာမှာ ဘိလပ်မြေဆိုတဲ့ လိုအပ်ချက်အတွက် အဓိက ဆောက်လုပ်ရေးအတွက် ပံပိုးပေးမယ့် စက်ရုံတွေ ဖြစ်လာမယ်။  အဲ့.. ခရိုနီတွေကတော့ ဒီအတွက် ရေရှည်ကိုမျှော်ပြီး တစ်နပ်စားမဟုတ်ပဲနဲ့ ဖော်ပေးလိုက်ရင် အားလုံးလည်းပျော် ခင်ဗျားတို့လည်း သား၊စဉ်၊ မြေး၊ဆက် အိပ်ကပ်ထဲ ပိုက်ဆံဝင်မပေါ့လေ။  စလုံးက ဘဘကြီးလီလည်း ဒါမျိုးလမ်းစဉ်ပဲ လိုက်ခဲ့တာပဲ။  နည်းနည်းတော့ ပြည်သူအတွက် ကြည့်သင့်သပေါ့။  ထားပါတော့လေ.. လမ်းက ချော်သွားပြန်ပြီ။

လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က တရုတ်ပြည်မှာ BMW စီးပြီး မင်္ဂလာခန်းဝင်ပြန်တယ်ဆိုရင် လူတိုင်းက ဟား ဟား ဟား ဆိုပြီး ခွက်ထိုးခွက်လန်ရယ်ကြမှာ။  ခုတော့ အဟုတ်ဗျား။  တစ်လလစာ ယွမ် ၄၊ ၅ ထောင်လောက် ပုံမှန်ရှိတဲ့ တရုတ်နိုင်ငံသားတွေ ကား၊ အိမ်တွေကို အရစ်ကြ၀ယ်နိုင်သဗျား။  တရုတ် ပြည်တွင်းကားဈေးကတော့ ပေါမှပေါ့။  အဲ့.. ဈေးပေါလို့ မြန်မာပြည်ကို သွင်းမယ် မကြံနဲကမောင်... တရုတ်အစိုးရက သူတို့ ပြည်တွင်းကကားတွေကို ထုတ်တာနဲ့ အခွန်ကို သေအောင် ကောက်လိုက်တာ။  ဆိုလေတော့ တရုတ်ပြည်သူတို့အတွက် ဒီလို ဇိမ်ခံကားတွေဟာ သူတို့ အစိုးရရဲ့ ဖန်တီးနိုင်မှု့ကြောင့် ရလာသပေါ့လေ။  

ဘယ်မှာတည်းလဲဆိုတော့ Home Inn မှတည်းတယ်။  တရုတ်နိုင်ငံတစ်ဝှမ်း Home Inn မရှိတဲ့ မြို့ဆိုတာ တော်တော်ရှားနေပြီ။  ဈေးသက်သာတယ်၊ ၀န်ဆောင်မှု့ အတန်အသင့်ကောင်တယ်၊ အခန်းက သိပ်မဆိုးလှ၊  ဒီတော့ Home Inn အောင်မြင်တာ မဆန်းလှ။

တစ်နှစ်ကျော် နေခဲ့တဲ့ ကွန်ဒိုလေး ပြန်ကြည်တော့လည်း လွမ်းမိ သလိုလို.. ညနေ လေးနာရီလောက် နန်တုန်ကို ရောက်ဖြစ်သည်။  ညစာကတော့ ထုံစံအတိုင်း နာဂါဆာကတေး ဂျပန်ဆိုင်ပင်ဖြစ်သည်။  ဒီဆိုင်က အကင်ကောင်းသည်။  ထို့ကြောင့် စားဖြစ်သည်။

သြော်.. ဂျပန်တွေကတော့ တော်တော့်ကို ချီးကျူးစရာကောင်းသည်။  တရုတ်ပိုင်ရှင်ဖွင့်တဲ့ ဂျပန်ဆိုင်မှာတောင် ဂျပန်က လာတဲ့ ဘီယာကို ရအောင် ရောင်းဖို့ ဈေးကွက်ချဲ့နိုင်သောကြောင့်ပင်။  ဘီယာပြီးတော့ ဆာကေး၊ ဆာကေးကျတော့ ဓာတ်ပုံ မရိုက်ဖြစ်တော့ချေ။





ဝက်သားရယ်၊ အမဲသားရယ်က သူတို့အဆို အမေရိကန်မှ မှာရခြင်းဖြစ်သည်ဟုဆိုသည်။  ပြည်တွင်း အသားတွေက ကင်လိုက်လျှင် အရသာမတူဟု ဆိုသည်။  ဟုတ်မဟုတ်တော့ မသိ။  အကင်သည်၊ အကင်သာ ဖြစ်၏။  ညစာပြီးတော့ Park Bar သို့ သွားသည်။  တရုတ်ပြည်တွင် ထုံးစံမှာ ညစာစားပွဲနှင့် အရက် (ပိုင်ကျို လို့ခေါ်တဲ့ တရုတ် ဆန်အရက်) ယဉ်ကျေးမှု့ဖြစ်သည်။  တရုတ် တစ်ယောက်ကတော့ ပြောဖူးသည်။ မြန်မာလိုဆိုရင်တော့ အရက်မူးတော့ ကျွဲခိုးပေါ်.. ဆိုသလို လူတစ်ယောက်ဟာ မူးလာလျှင် စရိုက်အမှန်ထွက်သည် ဟူ၏။  ထို့ကြောင် စီးပွားရေးများလုပ်ပြီဆိုလျှင် တစ်ယောက်နှင့် တစ်ယောက် အရက်မူးအောင်၊ လဲအောင်၊ ကွဲအောင် တိုက်ပြီး စောင့်ကြည့်တတ်ကြသည်။  အမူးလွန်လျှင် ထိုသူ၏ မူရင်းစိတ်ဓာတ်ပေါ်လာသည်ဟု ဆိုကြသည်။  ဟုတ်မဟုတ်တော့မသိချေ။ 

 Park Bar မှာ နန်တုန်း စီးပွားရေးလုပ်သူများ၏ ဆုံရပ်ဖြစ်သည်။  ဆိုင်လေးက ခပ်သေးသေးလေး။  ဟောင်ဟို မြစ်ဘေးမှာဖြစ်သည်။  ထွေထွေထူးထူးတော့ ရှိလှသည်မဟုတ်။  စင်တင်တေးဂီတ ရှိမည်၊ ခုံလေးတွေ ခင်းထားသည်၊ မီးမှိန်မှိန်ထွန်းထားသည်။  သို့သော် မနက်ဖြန် စာချုပ်ထဲမှာ ထည့်သွင်းလိုသမျှကို ဒီကနေ့ည Park Bar မှာ သဘောတူညီမှု့ ယူကြသည်။  စီးပွားရေးလုပ်လိုသူများ Park Bar နှင့်အရောတ၀င်ရှိရန်လိုသည်။  အဲ့.. ထိုအထဲတွင် ကြင်ယာရှာလိုသော တရုတ်မလေးများလည်း ရှိသည်။  အချစ်ဆိုသည်မှာ တိုက်ကြီးကြီး၊ ကားကြီးကြီးနှင့် မော်စီတုန်း ယွမ် ၁၀၀ တန် အုပ်လိုက်များဖြစ်သည်။ သူတို့ကတော့ အမေပေးသော လယ်တစ်ကွက်ကို ကောင်းစွာ အသုံးချတတ်သော ပညာရပ်ကို တစ်ဖက်ကမ်းခပ် တက်မြောက်ကြလေ၏။



 နောက်ဆုံးတော့ လူသည် ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးဖြစ်သည်သာ တကား။  ချစ်လှပါချည့်၊ ကြိုက်လှပါ့ချည့်နဲ့ အစတုန်းကတော့ ပြောပြီးတော့ ဘယ်နှယ်ကြောင့် အိမ်ထောင်ရေး ဖောက်ပြန်မှု့တွေ ဖြစ်လာသလဲဆိုတာကို ကောက်ချက်ချလိုက်ရင် ကိုယ့်ကိုယ်ကို ချစ်သောကြောင့်သာဖြစ်သည်။  ကျွန်တော်သည်ကား ကျွန်တော့် အိမ်ထောင်စု တည်မြဲမှု့ကို အလိုရှိသည်၊ ကိုယ်တည်ဆောက်သော ဘ၀ကလေးကို ကိုယ်တိုင် ဖြိုခွဲဖို့ ကြံစည်ရန်အထိ သတ္တိမကောင်း (သို့) မနုံ သေးပေ။  ထို့ကြောင့် ထိုသို့သော ဟာမလေးများနှင့် ကင်းအောင် နေသည်။ အပုပ်နံဆိုတာမျိုးက လေသင့်ရင် လှိုင်တတ်သကိုး။  အဲ မိန်းမကို ချစ်သည်မှာတစ်ပိုင်းဖြစ်သည်။  သို့သော် ရှင့်ကိုဖြင့် ကျွန်မကိုယ် ကျွန်မချစ်တာထက် ပိုချစ်တယ် ဆိုသော စကားမျိုးကိုကား ဘယ်တော့မှမယုံပေ။  ဖြစ်လည်း မဖြစ်နိုင်။ လူတစ်ယောက်သည် ပုထုဇဉ်အနေဖြင့် မိမိကိုယ်ထက် မည်သူ့ကိုမှ ပိုမချစ်နိုင်ပေ။  အကယ်၍ သူသည် အ၀ိဇ္ဇာနှင့် တဏှာကို ကောင်းစွာ ခွဲခြားသိမြင်ပြီး ဒိဋ္ဌိနှင့် ၀ီစိကိစ္စကို ပယ်သတ်နိုင်မှသာ ထိုသို့သော ပိုချစ်ပါသည်ဟူသော စကားကို ပြောနိုင်ပြီး ထိုအချိန်တွင် သူမသည် ကျွန်တော့်ကို မလိုအပ်တော့ချေ။   သူ့ ဘ၀လားရာကို သူကိုယ်တိုင်သိမြင်သွားတော့ သူ့ကိုယ်သူ ချစ်လည်း အကြောင်းမထူးတော့ပေ။  ထို့ကြောင့် သူတပါးတွေ အပေါ်သူ့ကိုယ်သူထက်ပိုပြီးတော့ ချစ်လာနိုင် (မေတ္တာထားနိုင်လာသည်)။   ထို့ကြောင့် ထိုစကားသည် လောကကြီးတွင် ပုထုဇဉ်တို့အတွက် ဘယ်တော့မှ လက်တတွေ့ဖြစ်မလာနိုင်သော စကားပင်ဖြစ်သည်။  Park bar တွင် လူပေါင်းစုံနှင့် ရောက်တတ်ရာရာပြောကြသည်။  နောက်ဆုံး တစ်ခွက်ကို ၄ ခွက်လောက် မျက်စေ့ထဲမြင်လာတော့ ဒါဟာ အိမ်ပြန်ချိန်ဆိုတာကို သဘောပေါက်လိုက်သည်။

Big Pizza ကတော့ ဈေးချိုသည်.. ဘူဖေး အ၀စား ယွမ် ၅၀ ဖြစ်သည်။  ပီဇာအပြင် တရုတ်စာ များလည်း တစ်ဝ တစ်ပြဲစားလို့ရသည်။  နန်တုန်မှာ နေတုန်းကတော့ မကြာမကြာ သွားစားဖြစ်သည်။  မနက်ပိုင်း စောစောထတော့ ညက အရှိန်များနေတာနှင့် ခေါင်းက သိပ်မကြည်ချင်၊  မစားချင်၊ ထို့ကြောင့် မစားဖြစ်။


 လူတွေကတော့ ထုံးစံအတိုင်း စီးမျောကြလေ၏။ 

နန်တုန်တွင် မက်ဒေါ်နယ်ရှိသည်။

ကေအဖ်စီ ရှိသည်။ အာဂျိစံ ရာမန် ရှိသည်။

 ရုပ်ရှင်ရုံရှိသည်။ သရီးဒီ ကြည့်လျှင် စလုံး ၅ ကျပ်မျှသာ

စတားဘက်ရှိသည်။   အကုန်ရှိသည်။  ရှန်ဟိုင်းလို လူတွေ ရှုပ်ရှက်ခက်မနေ၊  ထို့ကြောင့် နန်တုန်ကို သဘောကျသည်။

စတားဘက်သာဆိုသည် စတားဘက်နှင့် တူတာ ဘာမျှမရှိ၊  ကက်ပချီနိုဟု ကင်ပွန်းတပ်ထားသော အရာကို သည်းခံပြီး မြိုချကြည့်သည်၊  ပေါင်မုန့်ကို ခပ်မြန်မြန် ပါးစပ်ထဲကောက်ထည့်ပြီး ထွက်လာခဲ့သည်။ 


 ဘက်စ်ကားတွေ ပိုကောင်းလာသည်၊ ပိုသန့်လာသည်၊ ဈေးကတော့ ၁ ယွမ်သာဖြစ်သည်။  အချို့ကားတွေကတော့ ၂ ယွမ် ဈေးတက်သွားပြီ။  ဘက်စ်ကားတွေကို လွမ်းသောကြောင့် တစ်မှတ်တိုင်စီးပြီး ၁ ယွမ်ပေးကာ စတိ စီးဖြစ်သည်။  ပြီးတော့ လမ်းဆက်လျှောက်သည်။

 နွေရာသည် အပင်တို့လည်း အရွက်တွေထွက်လို့၊ အပွင့်တို့လည်း ပွင့်ကြကုန်၏

 နန်တုန်ကို စက်မှု့မြို့၊ ချည်မျှင်နှင့် အထည်စက်ရုံမြို့ဖြစ်အောင် အသွင်ပြောင်းပေးခဲ့သူဖြစ်သည်။  သူ့ဘေးတွင် သူ့ခေတ် သူ့အခါက ထုတ်လုပ်ခဲ့သော စက်ကို နောင်လာနောင်သားတို့ ကြည့်နိုင်စေဖို့ ပြထားသည်။  သမိုင်းက ဘီးတစ်ပတ်လည်တတ်တယ်ဆိုပေမယ့် ကိုယ့်တွေ လုပ်နိုင်သလောက်တော့ လုပ်ခဲ့မှ နှောင်းလူတို့အတွက် ကျန်မည်ဖြစ်သည်။  မဟုတ်ရင် ဘီးတစ်ပတ်ပြီး တစ်ပတ်သာလည်တယ် တစ်နေ့ ထမင်းနှစ်နပ်စားပြီး မြေကြီးထဲဝင်သွားတာကလွဲလို့ ဒုံရင်းက ဒုံရင်းဆိုလျှင် သိပ်တော့ ဟန်မကျလှ။

ဟောင်းဟိုမြစ်ထဲမှာတော့ ကြာတွေ ပွင့်နေပြီ။


ဘက်စ်ကားမှတ်တိုင်တွေမှာ ထူးခြားလာတာက အမှိုက်ပုံးတွေ များလာခြင်းဖြစ်သည်။  လူတွေ စည်းကမ်းရှိဖို့ရာက စည်းကမ်းရှိချင်လာအောင် လုပ်ပေးဖို့ လိုသည်။

ဖုန်းရုံဖြစ်သည်။  အရင်လိုမျိုး မူးလာလျှင် ခဲနဲ့ထုတာတို့၊ တိုင်တွေ ရိုက်ချိုးတာတို့ကတော့ တရုတ်မှာ သိပ်မလုပ်ကြတော့ချေ။


နန်တုန်တွင် အားရစရာကောင်းသည်မှာ ကျောင်းများဖြစ်သည်။  သင်ရိုးကို ခဏထားလို့ ကျောင်းတွေရဲ့ အဆောက်အဦးတွေမှာ မူလတန်း၊ အထက်တန်းကျောင်းတွေပင် အတော့်ကို ကောင်းလှသည်။  ကိုယ်လက်လှုပ်ရှားမှု့အတွက် ကျောင်းတိုင်းတွင် မြက်ခင်းတု ဘောလုံးကွင်း၊ ဘောလုံးကွင်းကို ပတ်ထားသည့် ပြေးလမ်း... ကလေးလေးတွေ အားကစားလုပ်နေကြတာကို အတိုင်းသားမြင်ရတော့ အားကျမိသည်။  အနာဂတ်ကြီးကြီးလိုလျှင် အနာဂတ်လေးတွေကို ဂရုတစိုက် ပျိုးထောင် သွေးသစ်လောင်းမှ အနာဂတ် ကြီးကြီးရမည်ဖြစ်သည်။

နေ့လည်စာကတော့ Banana Leaf ထိုင်းဆိုင်ကို သွားဖြစ်သည်။

ဆိုင်ကတော့ ထိုင်းပုံစံလုံးဝ စစ်စစ်နည်းပါးဖြစ်အောင် ပြင်ဆင်ထားသည်။

ထိုင်းတွေလည်း ပလ္လင်သုံးခဲ့တာပဲပေါ့လေ.. တက်မထိုင်နဲ့ဆိုပြီး ရေးထားလို့ မထိုင်ပါဘူး၊  ထိုင်ပြီးရင်လည်း တော်ကြာ မဆင်းချင်ရင် ဒုက္ခက ရောက်ဦးမှာ။

မြတ်စွာဘုရားရဲ့ လက်တော်ကို အမိုးကနေ ကျနေတဲ့ ပုံစံလေး ဖော်ထားတာ အရမ်းသဘောကျတယ်..

အဲ့ဒီအောက်မှာတော့ မိကျောင်းရုပ်တွေ ဘာအဓိပ္ပာယ်မှန်းတော့မသိ

သို့ပေမယ့် ဆင်းတုတော်တွေကို Decoration လိုလုပ်ထားတာတော့ မကောင်းလှ၊

တံခါး လက်ကိုင်ကိုပါ ဒီလိုပုံစံလုပ်ထားတာ မသင့်တော်ဟု မြင်မိသည်. သို့သော် သူ့စီးပွားရေး သူလုပ်တာဆိုပြီး ပြောလျှင် ကိုယ်လည်း ပါးစပ်ပိတ်ရပေမည်။

အဲ.. မြတ်စွာဘုရားပုံကတော့ တရိုတသေ ဆိုင်အမြင့်မှာ ချိတ်ထားတော့ လက်အုပ်ချီမိသည်.. ဘေးက တရုပ်တွေက ပြူးကြောင်ကြောင်လှမ်းကြည့်သည်။



ဆိုင်ရဲ့ အတွင်းပိုင်း အပြင်အဆင်လေးကတော့ ချစ်စရာကောင်းသည်

 ဆိုင်တစ်ခုလုံးကို ပန်းခြံထဲရောက်နေသလို ဖြစ်နေအောင် ဖန်တီးထားသည်။


လေးမျက်နှာဘုရားကို ဆိုင်တွင်းမှာ ပူဇော်ထားသည်။

အုန်းသီးရှားသောနေရာတွင် အုန်းရည်ကို ၁၈ ယွမ်ပေးကာ သောက်လေ၏

ငါးဖယ်ကြော်ကတော့ အတော်လေး စားလို့ကောင်းသည်။

အကင်တွေ မှာပြီးတော့ ရင်ခံနေတာနဲ့ မကုန်တော့ပေ။  ညစာကတော့ ဟို ဂျပန်ဆိုင်သာ ပြန်သွားသည်။  ဤသို့နှင့် နန်တုန်မှ မနက်ဖြန် ပြန်ပေတော့မည်။

5 comments:

  1. နန်တုန်ကို ဓာတ်ပုံလေးတွေကြည့်ရင်း လေ့လာသွားတယ်
    မောင်အောင်ထွဋ်ရေ။ တစ်လကို တိုက်၉လုံးနှုန်းနီးပါး
    ဆောက်နိုင်ကြတာ အားကျစရာ။ ဂျပန်စီးပွားရေးထိုးဖောက်နိုင်တာလဲ အတုယူစရာကောင်းပါ့။ အစားအသောက်လေးတွေကလည်း ရှယ်ပဲး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အင်း---တကယ်လို့သများတို့တရုတ်ပြည်သွားရမယ်ဆိုရင်တောင်
    ရှန်ဟိုင်းကိုမသွားပဲ နန်တုန်ကိုသွားရမယ့်သဘောဖြစ်နေပါပြီ
    ပုံတွေကလဲလှ စာကလဲအရေးကောင်းမို့လေ
    အစားအသောက်လေးတွေကြည့်ပြီး ------?

    ReplyDelete
  3. ဗိုက်ဆာတယ်...:):) ချစ်စရာ မြို့လေး...လို့ ဆိုရမယ်။

    ReplyDelete
  4. အင်း .. ပုသိမ်နဲ.တူတယ်ဆိုလို. သဘောကျသဗျာ

    ReplyDelete
  5. စားလဲစားနိုင်တဲ့ဆရာသမားပါပဲဗျာ....

    ReplyDelete