စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, July 9, 2012

ဟာသတိုလေးများ ၉


အားတော့ ပေးတယ်၊ ဒါပေမယ့် မဆာသေးဘူး
               လူလေးယောက် သဲကန္တာရထဲမှာ အစာငတ်နေကြတယ်.. ၁ ယောက်လဲကျပြီးတော့ သေသွားတယ်။  ကျန်တဲ့ ၃ ယောက်က သူတို့ အသက်ဆက်ပြီး ဒီ သဲကန္တာရကြီးကို ကျော်ဖြတ်ဖို့ သေသွားတဲ့ တစ်ယောက်ကို စားဖို့ ဆုံးဖြတ်လိုက်တယ်…
ပထမလူကပြောတယ် - “ကျုပ်က လီဗာပူးကို အားပေးတာ.. အဲ့ဒီတော့ အင်္ဂလိပ်လို လီဗာလို့ခေါ်တဲ့ အသည်းကို စားမယ်”
ဒုတိယလူကပြောတယ် - “ကျုပ်ကတော့ မန်ချက်စတာ ပရိတ်သတ်.. အဲ့ဒီတော့ အင်္ဂလိပ်လို ချက်စ်လို့ခေါ်တဲ့ ရင်ပုံပိုင်းကို စားမယ်”
တတိယတစ်ယောက် - “ကျုပ်ကတော့ အာဆင်နယ်ဖန်.. အမြှောက်တပ်သားစစ်စစ်… အဲ့ဒီတော့.. အင်း.. ဒါပေမယ်.. အင်း.. ခုလောလောဆယ် ဗိုက်သိပ်မဆာသေးဘူး”



မျိုးရိုး
          ဆိုးပေက သူ့ ဖေဖေကို မေးသည်
ဆိုးပေ။           ။ ဖေဖေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်…
အဖေ။            ။ သြော်… လူဆိုတာက မျောက်ကနေ ဆင်းသက်လာတာကွဲ့။  ဒီလိုနဲ့ တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲတိုးတက်လာပြီးတော့ ခုဖေဖေတို့၊ သားတို့လို လူတွေဖြစ်လာတော့ပေါ့
          ဆိုးပေ သူ့ မေမေထံ သွားပြန်သည်
ဆိုးပေ။           ။ မေမေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်..
အမေ။            ။သြော်.. သားရယ်.. ဘုရားသခင်က အာဒမ်နဲ့ ဧ၀ကို ဖန်ဆင်းခဲ့တယ်လေ။  အဲ့ဒီကနေပြီးတော့ လူသားမျိုးနွယ်တွေ ဆင်းသက်လာကြတာပေါ့။
ဆိုးပေ။           ။ဟင် မေမေကလည်း ဟုတ်လို့လား ဖေဖေကပြောတော့ လူဆိုက မျောက်ကဆင်းသက်လာတာတဲ့
အမေ။            ။ ဒီမှာသား နင့်အဖေက သူ့ဘက်က အမျိုးတွေအကြောင်းပြောတာ။  မေမေက မေမေ့ဘက်က အမျိုးတွေ အကြောင်းပြောတာ။


ကျောင်းနောက်ကျခြင်း အကြောင်း
ဆိုးပေ ကျောင်းနောက်ကျသည်။ ဆရာမက ဆိုးပေကိုမေးသည်
ဆရာမ။          ။ဆိုးပေ ဘာဖြစ်လို့ကျောင်းနောက်ကျရတာလဲ
ဆိုးပေ။           ။ ဆိုင်းဘုတ်ကြောင့်ပါ ဆရာမ
ဆရာမ။          ။ဘာဆိုင်းဘုတ်လဲ
ဆိုးပေ။           ။ ကျောင်းရှိသည် ဖြေးဖြေးဆိုတဲ့ ဆိုင်းဘုတ်ပါ။


လမ်းဖောက်တာပဲ ကောင်းပါတယ်လေ
          လူတစ်ယောက် လမ်းလျှောက်လာသည်။  ပုလင်းတစ်လုံးတွေ့သည်။ ဖွင့်ကြည့်လိုက်သည်.. အထဲမှာ ဂျင်းနီ နတ်သမီးထွက်လာသည်။  ကျေးဇူးတင်ပါတယ်သခင်။  သခင်တောင်းလိုရာ ဆုတစ်ခုတောင်ပါ။  လူငယ်စဉ်းစားသည်…
“ကျွန်တော်က ဟာဝိုင်အီကျွန်းကို တစ်ခါမှ မရောက်ဖူးဘူး။  လေယာဉ်ပျံစီးရမှာလဲ ကြောက်တယ်။  အဲ့.. သင်္ဘောစီးရင်လဲ လှိုင်းကမူးမယ်မလား။  အဲ့ဒီတော့ ဒီကနေ ဟာဝိုင်အီ ကျွန်းအထိကို လမ်းဖောက်ပေးပါ။”
ဂျင်းနီ တစ်မိနစ်ခန့် စဉ်းစားသည်
“လမ်းဖောက်ဖို့ဆိုရင် ပင်လယ်ရေအောက်ရောက်တဲ့အထိ တိုင်လုံးကြီးတွေစိုက်ရမယ်.. ပြီးရင် တိုင်လုံးကြီးတွေပေါ်မှာ လမ်းခင်းရဦးမှာဆိုတော့ အလုပ်တွေ အများကြီးလုပ်ရမှာရှင့်.. ဒီထက်လွယ်တာတစ်ခုခု တောင်းဆိုပါလားရှင်”
လူငယ်စဉ်းစားသွားသည်။
“အင်း.. ဒါဆို နောက်တစ်ခုပြောမယ်ဗျာ။  ကျွန်တော့်ဘ၀မှာ လိုချင်တာ နောက်တစ်ခုရှိတယ်။  ကျွန်တော့်ကောင်မလေးအကြောင်းကို ကျွန်တော်နားလည်ချင်တယ်။  တစ်ခါတစ်လေ စိတ်ကောက်တယ်၊ တစ်ခါတစ်လေကျတော ငိုတယ်၊ တစ်ခါတစ်လေကျတော့ ရယ်လို့မောလို့။  သူ့စိတ်မှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို ကျွန်တော်အမြဲသိချင်တယ်”
ဂျင်းနီ ၅ မိနစ်လောက် စဉ်းစားသွားသည်
“ကဲ.. ပြော ၄ လမ်းသွား လမ်းမလိုချင်လား၊ ၆ လမ်းသွား လမ်းမလိုချင်လား”


ငါးမျှားခြင်း
          ကိုဘမောင် ငါးမျှားချင်နေသည်။  ငါးမျှားတာမှ ရိုးရိုးမဟုတ် ရေခဲပြင်ကို အပေါက်ကလေးဖောက်ပြီး ငါးစာကိုချကာ ငါးမျှားခြင်းမျိုးဖြစ်သည်။  သို့သော် မည်သို့မျှားရမည်ကို ကိုဘမောင်မသိ။   ထို့ကြောင့် သူစာအုပ်ဆိုင်သွားသည်။ ရေခဲပြင်တွင် ငါးမျှာခြင်း နှင့်သတ်ဆိုင်သော စာအုပ်တွေ အများကြီးဝယ်သည်။  ၁လ လုံးလုံးဖတ်သည်။  ၁ လပြည့်သော် သူ့ကိုယ်သူ ငါးကောင်းကောင်းမျှားတတ်ပြီဟု ယုံကြည်သွားသည်။  ထို့ကြောင့် ငါမျှားတံ၊ ငါးမျှားစာ အားလုံး စုံစုံလင်လင်ဝယ်သည်။  ရေခဲပြင်ကြီးတွေ့သည်။ 
“ဟ ဟန်ကျပဟ” ဟုဆိုကာ ရေခဲပြင်တွင် စက်ဝိုင်းပုံလေး ဖောက်လိုက်သည်
ထိုစဉ် အသံကြီး တစ်သံ ဟိန်းထွက်လာသည်
“ဒီ ရေခဲပြင်အောက်မှာ ဘာငါးမှ မရှိဘူး”
ကိုဘမောင် အံသြသွားသည်။  ထို့ကြောင့် နေရာထပ်ရွှေ့သည် စက်ဝိုင်းလေး တစ်ပေါက်ထပ်ဖောက်သည်။  အသံကြီးထွက်လာပြန်သည်
“ဒီ ရေခဲပြင်အောက်မှ ဘာငါးမှမရှိဘူး”
ကိုဘမောင် နေရာထပ်ရွှေ့၊ စက်ဝိုင်းထပ်ဖောက်သည်၊ ထိုအသံကြီး ထပ်မံထွက်လာပြန်သည်။
“ခုလိုကျွန်တော့်ကို ပြောနေတာ ဘုရားသခင်လား ခင်ဗျား” ကိုဘမောင် အံသြစွာမေးလိုက်သည်။  ထိုအသံကြီးက ပြန်ဖြေသည်
“မဟုတ်ဘူး.. ရေခဲပြင် စကိတ်ကွင်း မန်နေဂျာ”


မိန်းမ တစ်ယောက်ရဲ့ ခံစားမှု့
          လေယာဉ်ပျံ ပျက်ကျသည်။ ခရီးသည်အားလုံး ထိန်လန့်နေသည်။  ထိုစဉ် ရှေ့ဆုံးခုံမှ မိန်းမတစ်ယောက် မတ်တပ်ထရပ်လိုက်သည်။
“ရှင်တို့ ယောက်ျားတွေထဲမှာ  ကျွန်မ မသေခင်အချိန်လေး ကျွန်မကို မိန်းမတစ်ယောက်ရဲ့ နောက်ဆုံး ခံစားမှု့မျိုး ဘယ်သူပေးနိုင်မလဲ”
၁၀ မိနစ်လောက် သူမ အဲ့ဒီအတိုင်း အော်နေသည်။
နောက်ဆုံး အမျိုးသာတစ်ယောက် ထရပ်လိုက်သည်။  သူ့ အင်္ကျီကို ချွတ်လိုက်သည်။  ထို့နောက် လှမ်းပြောလိုက်သည်။
“ရော့အမိ.. ဟောဒီ အင်္ကျီကို  မီးပူတိုက်”


ဖြစ်ချင်တယ်…
          ခုတော့ သူဘ၀မှာ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရပြီ။  ငယ်ငယ်တုန်းက သူဟာ ကြီးကျယ်တဲ့ စာရေးဆရာ ဖြစ်ချင်ခဲ့တယ်။  “ကြီးကျယ်တဲ့”ဆိုတဲ့ စကားလုံးကို သူက ဒီလို အဓိပ္ပာယ်ဖွင့်ခဲ့တယ်။ ငါရေးတဲ့ စာကို တကမ္ဘာလုံးက လူတွေ ဖတ်ရမယ်၊ ဒီလိုဖတ်တဲ့ အချိန်မှာ လူတွေရဲ့ စိတ်ဟာ ခံစားမှု့ပြင်းထန်စေရမယ်၊ ပြီးရင် သူတို့ဟာ ငါရေးတဲ့ စာတွေကို ဖတ်ပြီး ငိုချင်သလိုလို၊ အော်ချင်သလိုလို ခံစားစေရမယ်။ 
           ခုတော့ သူ့ရည်မှန်းချက်တွေ တစ်ကယ်ကို ပြည့်မြောက်ပြီ၊ သူဟာ မိုက်ခရိုဆော့ဖ်မှာ အလုပ်လုပ်နေတယ်လေ။  ၀င်းဒိုး ကြောင်သွားရင်၊ ဟန်းသွားရင် ပေါ်လာမယ့် စာတွေကို သူရေးနေတယ်။



         

5 comments:

  1. “ရော့အမိ.. ဟောဒီ အင်္ကျီကို မီးပူတိုက်”..အဟိ...ကောင်းလိုက်တာ...

    ReplyDelete
  2. မျိုးရိုး နဲ့ ကျောင်းရှိသည်ဖြေးဖြေး ကိုအရမ်းကြိုက်တယ်
    များများ တင်ပေးပါ အားလုံးရယ်ရပါတယ်

    ReplyDelete
  3. အတိုလေတွေဆို သိပ်ကြိုက်တာ....၊ဟာသအတိုလေးတွေကိုပြောပါတယ်...:D
    ရေခဲပြင်မှာ ငါးမျှားတာကိုသဘောအကျဆုံးပဲ....:)))

    ReplyDelete
  4. လာဖတ်ပြီး ရယ်မောသွာတယ် အစ်ကိုရေ ..

    ReplyDelete