စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, May 24, 2012

ဖိုးသူတော် ကျွန်တော်

          ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်တာနဲ့ အမေက ကျွန်တော့်ကို ဘာမပြော ညာမပြော ဖိုးသူတော် ၁ ပတ် ၃ ရက်လောက် အနည်းဆုံး ၀တ်ခိုင်းတာပဲ။  ဘာရယ်ကြောင့်လဲတော့မသိ၊  သိသည်က ဘုန်းကြီးကျောင်းသွား ဆံချ၊ ပြီးရင် ကျောင်းထိုင် တိုင်ပေးတာကို လိုက်ဆို၊ သင်ပိုင်းအဖြူလေးနဲ့ ဖိုးသူတော် ဖြစ်ရတာပါပဲ။  ဖိုးသူတော်ဝတ်ပြီးရင် ပြီးလားဆိုတော့ မပြီးသေးဘူး၊ ဘုန်းကြီးကျောင်းသွားပို့၊ ပရိတ်ကြီး ၁၁ သုတ် ကျက်ခိုင်းတော့တာပဲ။  အိမ်နားကလူတွေဆိုရင် ဟ ဒီကောင်လေး တစ်ခုခုတော့ တစ်ခုခုပဲ အားရင် ဖိုးသူတော်ဖြစ်ဖြစ်နေတာပဲလို့ ပြောတဲ့အထိကို နွေရောက်တိုင်း ဖိုးသူတော် အဖြစ်ရောက်ပါတယ်။
          ဖိုးသူတော်ဖြစ်ရင် စိတ်ညစ်တာက ညစာငတ်တာပါ။  ငယ်ငယ်တုန်းက ကလေးဆိုတော့ သူများတွေဆော့နေတဲ့အချိန်မှာ ကိုယ်က ဖိုးသူတော်ဝတ်ပြီး မေတ္တာသုတ်ကျက်ကျက်နေရတာ။  အဲ… နောက် နဲနဲကြီးလာတော့ ဖိုးသူတော်က တစ်ဆင့်တက်ပြီး ကိုရင်ဝတ်ရပါတယ်။  ကိုရင်ဝတ်လိုက်ရင်လည်း ဒီတိုင်းတော့ ပေးမထားဘူး ၇ ရက် တရားစခန်းကို ၀င်ရပါတယ်။  အမေ့ကို ကျေးဇူးတင်ရမယ်… တရားကို သဘောပေါက်လာတော့ လောကဓံကို တော်တော်ခံနိုင်ရည်ရှိလာတယ်။  ၁၀ တန်း စာမေးပွဲအောင်တော့လည်း ဘယ်လိုမှမနေဘူး၊ အောင်စာရင်းလည်း သွားမကြည့်ဖြစ်ဘူး။  ဘာကျောင်းမှ မတတ်ပဲ ယောင်ပေပေလုပ်နေလဲ စိတ်ထဲမှာ ဘယ်လိုမှမနေဘူး။ နောက်ဆုံး တက္ကသိုလ်ရောက်လို့ စာမေးပွဲ ဆက်ပလီ ထိလည်း ဘယ်လိုမှမနေဘူး။  ဖဲရှုံးလဲ ဘယ်လိုမှမနေဘူး။  မဟုတ်တဲ့နေရာမှာ ခံနိုင်ရည်ရှိပုံကို ပြောပါတယ်။
          ဆံပင်တွေကလည်း တစ်နှစ်တစ်ခါရိတ်လိုက်တာ ခုဆို ဘီးမတိုးတော့ဘူး။  ဆံပင်များရှည်လာလို့ကတော့ အင်္ဂလန်က ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းလို ခေါင်းပွကြီး။  တစ်ချို့ဆို ခြေသုတ်ဖုံကြီး ခေါင်းပေါ်တင်လာတာလားလို့တောင် မေးကြတယ်။  အဲ.. ဖိုးသူတော်ဝတ်ရင်းနဲ့ အမှတ်ရစရာလေးတစ်ခုတော့ရှိတယ်။  အဲ့ဒါကတော့ နွေရာသီ ဖိုးသူတော်ဝတ်ဖို့ ခေါင်းတုံးရိတ်ရင် မျက်ခုံးမွှေးပါရောပြီးတော့ ရိတ်တာဗျ။  စဉ်းစားကြည့်ပေါ့ဗျာ… ခေါင်းတုံးကပြောင်နေရတဲ့အထဲမှာ မျက်ခုံးမွှေးမရှိတော့ ဘယ်လောက် ပြောင်စပ်စပ်နိုင်မလဲလို့။  လမ်းတွေ့သမျှလူတိုင်းက လက်ကို တံတွေးဆွတ်ပြီး ထိပ်ကို ရိုက်ချင်စရာရုပ်။  အဲ့ဒီလို ပြောင်တိပြောင်ချော်ရုပ်ကိုထွက်ရော။  မျက်ခုံးမွှေးရိတ်ပြီးရင်လည်း ကွမ်းရိုးနဲ့ ဆွဲခိုင်းသေးသဗျ။  ဒါမှ မျက်ခုံးမွှေးတန်းအောင်တဲ့။  မျက်ခုံးမွှေးဆိုတာကလည်း ဆံပင်လို အရှည်မြန်တဲ့ အမျိုးမှမဟုတ်တာ၊ ကျောင်းပြန်ဖွင့်လို့ ကျောင်းတက်ခါစဆို မျက်ခုံးမွှေးက ခပ်ရေးရေးရှိသေးတာ။  ကျောင်းက အကြောင်မသိတဲ့ ဆရာမတွေဆို ဟဲ့ နင့်မျက်ခုံမွှေးတွေ ဘယ်ရောက်သွားတုန်းလို့ မေးတာ အမြဲခံရတယ်။
          ဒါပေမယ့်.. အဲ့ဒါက မျက်ခုံးမွှေးသန်ကြောင်းရဲ့ လျို့ဝှက်ချက်ဗျ။  ဟိုနေ့က မမြတ်ကြည်ရဲ့ ဆိုဒ်မှာ မျက်တောင်ကို ဘယ်လိုဂရုစိုက်မလဲဆိုပြီး ရေးထားတာတွေ့လိုက်ပါသေးတယ်။  ကျွန်တော်ကတော့ ယောက်ျားလေးဆိုတော့ မျက်တောင်ကို ဘယ်လို ဂရုစိုက်ရမလဲ မသိပါဘူး။  ဒါပေမယ့် မျက်ခုံးမွှေလှချင်တဲ့ မမများကတော့ ကျွန်တော်ပြောတာကို မယုံမရှိနဲ့ မျက်ခုံးမွှေးကို ပြောင်အောင်သာရိတ်၊ ပြီးရင် ကွမ်းရိုးနဲ့ဆွဲဆွဲပေး၊  အဲ့ဒါမှ အားမရရင် ကြက်သွန်နီအစိမ်းလေးနဲ့ ပွတ်ပွတ်ပေး။ အဲ့ဒီလိုဆိုရင် မျက်ခုံးမွှေးသန်သဗျ... ကိုယ်တွေ့ ကိုယ်တွေ့။  အိမ်က မိန်းမကိုလည်း ခဏ ခဏ ပြောရတယ် ဆံပင်ကျွတ်ရင် စိတ်မညစ်နဲ့ ခေါင်းတုံးရိတ်၊  မျက်ခုံးမွှေးသန်ချင်ရင် မျက်ခုံးမွှေးရိတ်ပါဆိုတာ အကြံပေးစကားကို ဟင့်အင်း ဟင်းအင်းဆိုပြီး လက်ခါခါ ခြေခါခါ နဲ့ ခါးခါးတူးတူးကို ငြင်းတော့တာ။  ဒီက ကိုယ်တွေ့မို့ အကောင်းနဲ့ အကြံပေးတာကို။
          ကျွန်တော်တို့ ငယ်ငယ်တုန်းက စွန်းဝူခုံးကားက တယ်ခေတ်ထတာကိုး။  ကလေးဘ၀ အသဲအမဲကြည့်ချင်တာ။  တစ်နှစ်နွေရာသီပေါ့… ထင်တာ ၃ တန်းကျောင်းသား လောက်ရှိဦးမယ်ထင်တယ်..  ဖိုးသူတော်ဝတ်ကြီးနဲ့ ခြံထဲမှာ ၀ါးလုံးတစ်လုံးလဲတွေ့ရော၊ ငါဟဲ စွန်းဝူခုံးဆို ယားခနဲ ကန်ထည့်လိုက်တာ သင်းပိုင်နဲ့ ခြေထောက်ချိတ်ပြီး ဂျွမ်းပစ်ကျ၊ ခေါင်းမှာ ဘုထွက်ပါလေရော။  ဂတုံး၊ မျက်ခုံးမွှေးကမရှိ၊ ခေါင်းမှာက ဘုတစ်လုံးနဲ့ဆိုတော့ သြော်.. လူတွေ လူတွေ ဖိုးသူတော်တွေ့တာကို ရိုရိုသေသေနဲ့ လက်အုပ်ချီမယ်မရှိဘူး.. လက်ညှိုးထိုးထိုးပြီး ရယ်လိုက်ကြတာ။

7 comments:

  1. ဟဟဟဟဟဟဟဟ လို့တောင်အော်မရီနိုင်တော့ပါဘူးကိုအားထောင်ရယ်
    ဂျာရစ်တောင်ဝူခုန်းအလုပ်ကောင်းလို့ သစ်ပင်ပေါ်ကကျွန်းပြန်ကျဖူးပါရဲ့း))

    ခင်မင်လျှက်

    ဂျာရစ်

    ReplyDelete
  2. ဂတုံး တုံးရင် ဆံပင်သန်တာတော့လက်ခံပါတယ်

    ReplyDelete
  3. ခေါင်းပေါ်က ခြေသုတ်ဖုံကြီးကို တွေးကြည့်တာနဲ့တင် ရယ်ချင်နေမိပြီ... :)))

    ReplyDelete
  4. ငယ်ငယ်က ဖြစ်ရပ်ကလေးပေါ့လေ....။ ဖိုးသူတော်ကိုတွေ့တာကို ရိုရိုသေသေနဲ့ လက်အုပ်ချီမယ်မရှိဘူး.. လက်ညှိုးထိုးထိုးပြီး ရယ်လိုက်ကြတာ။

    အင်း....ပေါ့ပါးသွားစေတဲ့ စာတစ်ပုဒ်ပါပဲလေ...

    ReplyDelete
  5. ကိုကိုမောင်(ပန်းရနံ့)May 24, 2012 at 4:55 PM

    ဖိုးသူတော်ဝတ်နဲ့ ချေးမနိုင် သေးမနိုင် ဖြစ်ခဲ့တာကိုဖြင့် ရှိုထားတယ်။ အဲဒါလေးပါ ထည့်ရေးလိုက်ပါလား မောင်အွတ်ထောင်။း)

    ဟာဟ။ စောစောစီးစီး ပြုံးသွားတယ်။ စာဖတ်ရင်း မောင်အွတ်ထောင် ပုံကို မြင်ယောင်လာလို့။ တကယ် တကယ် ပြောင်စပ်စပ်နဲ့။ ခွီးးးးးး

    ReplyDelete
  6. ဖိုးသူတော်တွေ ရေချိုးပျင်းတတ်လား သိပါရစေခင်ဗျ။

    ReplyDelete
  7. လက်ညှိုးထိုး ရယ်ချင်စရာပဲဂျ..ကိုယ်တို့ လည်း ငယ်ငယ်တုန်းက စွန်းဝူခုန်း ရူးတယ်ဂျ..

    ReplyDelete