စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, August 26, 2011

ဆိုးပေ - ၀န်ကြီးချုပ်


“ဘာလဲကွ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ လူတွေပြောပြောနေတာ” ဟု မောင်မောင်က သာဒွန်းဦးဖက်သို့ လှည်၍မေးလိုက်လေ၏။
ရဲဘော်အားလုံးတွင် သာဒွန်းဦးတစ်ယောက်သာလျှင် အသိအကြားများသူဖြစ်၍ သူ့အားမေးလိုက်ခြင်းဖြစ်ပေ၏။ သို့သော် သာဒွန်းဦးကား ထိုကိစ္စကို စိတ်ဝင်စားခြင်းမရှိ။ ထိုကိစ္စမှာ ရွာထဲ၌ သာမှု့ နာမှု့များတွင် ဘုရားစကား၊ တရားတစကား မပြောတတ်သူတို့ ပါးစပ်အငြိမ်မနေနိုင်၍ ပြောနေကြသည့် အကြောင်းအရာတစ်ရပ်ဟူ၍ ယူဆခဲ့၏။ သို့ဖြစ်လင်ကစား ထိုအကြောင်းကိုသာလျှင် လူတကာ အပြောများနေကြသည်ကို တွေ့ရသဖြင့် အဓိပ္ပာယ်ကို သိအောင် စုံစမ်းထားမိလေသည်။
သာဒွန်းဦးက “ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ လူရွေးတာကို ခေါ်တာ” ဟု ရှင်းလင်းပြလေ၏ ။
ဆိုးပေသည် သူတို့၏စကားကို နားထောင်နေရာက “တိုင်းပြည်ကို သမ္မတအုပ်ချုပ်ရတာပဲ မဟုတ်လားလို့၊ သူ့ကို ဘယ်သူက လာရွေးပေးရလို့လဲ” ဟု ၀င်၍ပြောလေ၏ ။
“သမ္မတအုပ်ချုပ်ရတာလည်း ဟုတ်တာပဲ၊ မအုပ်ချုပ်ရတာလည်း ဟုတ်တာပဲ”
“မင့်စကား ဘာလဲကွ။ အုပ်ချုပ်ရတယ်ဆိုတဲ့နောက် မအုပ်ချုပ်ရဘူးဆိုလို့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားကြည့်စမ်းပါဦး” ဟု ဆိုးပေက မကျေနပ်သည့် အမူအရာဖြင့် ပြောလေ၏။

“တိုင်းပြည်ကို ရှင်ဘုရင်အုပ်ချုပ်တဲ့နိုင်ငံလည်းရှိတယ်။ သမ္မတအုပ်ချုပ်တဲ့နိုင်ငံလည်းရှိတယ်။ ဒါပေမယ့် အဲ့ဒီ ရှင်ဘုရင်တို့ သမ္မတတို့အောက်မှာ လူတစ်ယောက်ရှိသေးတယ်။ သူ့ကို ရှင်ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံမှာ နန်းရင်းဝန်၊ သမ္မတတအုပ်ချုပ်တဲ့နိုင်ငံမှာ ၀န်ကြီးချုပ်လို့ခေါ်တယ်။ သူက အုပ်ချုပ်တဲ့နေရာ အကူအညီပေးရမယ်။”
“အာနာရှင်ဆိုတဲ့ ဟာမျိုးလား” ဟု မောင်မောင်က မေး၏။

“အာနာရှင်ဆိုတာက မိန့်ခွန်းစကားတွေ ပြောရလွန်းလို့ အာတွေ နာနေတာ။ ၀န်ကြီးချုပ်နဲ့ မဆိုင်ဘူး” ဟု အ၀ိန်က ၀င်၍ ရှင်းလေ၏။
“ငါသာ တိုင်းပြည်ကို အုပ်စိုးရရင် ငါ့ကိုယ်ငါ အာနာရှင်လည်း မခေါ်ဘူး။ ၀ံဂျီးချုပ်လည်း မခေါ်ဘူး။ အာနာရှင်ဆိုတာ အာနာခွာနာရောဂါ ရတဲ့လေသံပါပြီး ၀ံဂျီးဆိုတာလည်း မကောင်းဘူး။ ကေသရာဇာလို့ ငါ့ကိုယ်ငါခေါ်မယ်။ ဒီနာမည်မျိုးမှ ရှင်ဘုရင်သံလည်းပါတယ်။ ခံ့လည်း ခံ့ညားတယ်” ဟု ဆိုးပေက ပြောလေ၏။
“မင်းဥစ္စာမင်း လျှောက်ပြောမနေပါနဲ့ဦး။ ငါပြောတာလည်း နားထောင်စမ်းပါဦး။ ရွေးကောက်ပွဲဆိုတာ မြို့တိုင်း ရွာတိုင်းမှာ လုပ်ပြီး တစ်နေရာက တစ်ယောက်စီရွေးကောက်ပြီး တင်ရတယ်”
“ဒီလိုဆိုရင် ၀န်ကြီးချုပ်တွေ ပြည့်နေမှာပေါ့” ဟု မောင်မောင်က စောဒက ၀င်လေ၏။
“လူတွေ အများကြီး ရွေးတင်လိုက်ပေမယ့် ၀န်ကြီးချုပ်ဆိုတာ တစ်ယောက်ထဲပဲရှိတယ်”
“အရွေးချယ်ခံရတာခြင်းတူတူ ကျန်တဲ့လူတွေတော့ ၀န်ကြီးချုပ်မလုပ်ရဘူးဆိုရင် သူတို့က နွားတွေမို့လို့လား”
“မင်းတို့နားလည်းအောင် ငါပြောပြမယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ လူလေးမျိုးရှိတယ်။ ဒီလေးမျိုးစလုံးဟာ တိုင်းပြည်မှာ အားလုံးကောင်းအောင် လုပ်ချင်ကြတယ်။ ဒါပေမယ့် တစ်ယောက်လုပ်တာနဲ့ တစ်ယောက်လုပ်တာ မတူဘူး။ ပထမဦးဆုံး တစ်သီးပုဂ္ဂလဆိုတာရှိတယ်။ သူတို့ဟာ လူတွေကို ဒီအတိုင်းဘဲထားရင် တိုင်းပြည်ကြီး ပိုပြီးကောင်းလာမှာပဲဆိုပြီး ဒီအတိုင်းပဲ ထိုင်ကြည့်နေကြတယ်။ ဒုတိယကတော့ ဒီမိုကရက်တစ်လို့ ခေါ်တယ်။ သူတို့က တစ်သီးပုဂ္ဂလထက် ပိုပြီးကောင်းအောင်လုပ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ဘာလုပ်တယ်ဆိုတာ ဘယ်သူမှ သေသေချာချာ မတွေ့ရဘူး။ နောက်တစ်မျိုးကတော့ ဆိုရှယ်လစ်လို့ ခေါ်တယ်။ သူတို့က လူတွေကောင်းစားအောင်လို့ လူတွေရဲ့ အိတ်ထဲက ပိုက်ဆံကို အပိုင်ယူကြတယ်။ စတုတ္ထကတော့ ကွန်မြူနစ်လို့ ခေါ်တယ်။ သူတို့က တိုင်းပြည်ကောင်းစားအောင် သူတို့ကလွဲပြီး ကျန်တဲ့လူတွေကို အကုန်သတ်ပစ်ကြတယ်”
“မင်း ဘယ်သူပြောလဲ” ဟု မောင်မောင်က မေးလိုက်၏
“မင်းမသိတာကို ငါပြောနေရင် နားထောင်ရုံပဲ ရှိတယ်” ဟု သာဒွန်းဦးက ဟန့်တားလိုက်ပြီးလျှင် “အဲ့ဒီ လူလေးမျိုးဟာ သူတို့ကို တိုင်းပြည်အုပ်ချုပ်ဖို့ မဲပေးမယ့်လူတွေကု လိုက်ရှာပြီးလို့ မဲအများဆုံးရတဲ့ လူစုထဲက ဂေါင်သူကြီးလုပ်တဲ့သူကို ၀န်ကြီးချုပ်လို့ ခေါ်ရတယ်။ သူက သူ့အထက်က ရှင်ဘုရင်တို့၊ သမ္မတတို့ကို ဘာလုပ် ညာလုပ်နဲ့ သြဇာပေးတဲ့အလုပ်ကို လုပ်ရတယ်”
"အောင်မာ ငါသာရှင်ဘုရင်ဖြစ်ဖြစ်၊ သမ္မတဖြစ်ဖြစ် ဖြစ်ကြည်စမ်းပါလား၊ ဒီလို လာပြီးတော့များ သြဇာပေးရင် နရင်းပရင်းတီးလိုက်လို့ သွားချီးယိုးဒယား က သွားမယ် ဟင်း” ဟု ဆိုးပေက ဆိုလေ၏။
“ဟေ့ အခု တို့လေးယောက်ပဲရှိတယ်။ အီစွတ် တစ်ယောက်တော့ သူ့ဦးလေးဆီ အလည်သွားနေတာ တော်တော်နဲ့ ပြန်လာမှာ မဟုတ်သေးဘူး။ အဲ့ဒီတော့ တို့လေးယောက်ဟာ တစ်ယောက်ကို တစ်ပါတီလုပ်ပြီး အရွေးခံရင် မကောင်းဘူးလား” ဟု မောင်မောင်က အကြံပေး၏။
“ကောင်းသားပဲကွ။ ရွေးကောက်ပွဲ ဘယ်လိုလုပ်ရသလဲ” ဟု အ၀ိန်က မေးလေ၏။
“လူတွေကို ခေါ်ပြီးတော့ တရားဟောရတယ်။ နောက်ပြီးတော့ သူတို့ကို မဲထည့်ဖို့ စာရွက်ကလေးတွေ ပေးရတယ်။ မဲအများဆုံးရတဲ့လူ နိုင်တာပဲ” ဟု သာဒွန်းဦးက ရှင်းပြလေ၏ ။
“ဒါဖြစ်ရင် ဘယ်သူက ဘာလုပ်မလဲ၊ ငါတော့ လူတွေသတ်ရတဲ့ ပါတီကို ကြိုက်တယ်” ဟု အ၀ိန်က ပြောပြလေ၏။
“ဒါဆိုရင် မင်းက ကွန်မြူနစ်လုပ်။ ငါက ဒီမိုကရက်တစ်လုပ်မယ်” ဟု သာဒွန်းဦးက ပြောလေ၏။
ဆိုးပေကား မည့်သည့်ပါတီအဖြစ်ဖြင့် ရွေးကောက်ခံရမည်ကို မဆုံးဖြတ်တတ်သဖြင့် မောင်မောင်အား “မင်းကကော” ဟု မေးလိုက်၏ ။
“ငါက သူများ အိတ်ထဲက ပိုက်ဆံကို မောင်ပိုင်စီးရတယ်ဆိုတဲ့ ပါတီကို သဘောကျတယ်”
“ဒါဆိုရင် မင်းက ဆိုရှယ်လစ်ဖြစ်နေပြီ” ဟု သာဒွန်းဦးက ပြောပြလေ၏။
“အေးကောင်းတယ်။ ကျန်တဲ့ တစ်သီးပုဂ္ဂလကို ငါလုပ်မယ်။ ဒါမှ ငါလည်းကြိုက်တာ၊ တစ်သီးပုဂ္ဂလဆိုတာ သူများထက် ထူးတာကိုခေါ်တာ၊ ကိုယ်လုပ်ချင်တာလုပ်နိုင်တယ်”
“ကောင်းပြီ၊ မနက်ဖြန်ကျရင် ကျောင်းသားတွေကို ကြော်ညာပြီးတော့ ကျောင်းဆင်းတဲ့အချိန် ဂိုဒေါင်ထဲမှာ အစည်းအဝေးလုပ်ပြီး တရားဟောကြမယ်။ မနက်ဖြန် တို့များ ပြောဖို့စကားတွေကို အခုစဉ်းစားထားကြ” ဟု သာဒွန်းဦးက အကြံပေးသည်ကို အားလုံး သဘောတူလိုက်ကြလေ၏။
****
နောက်နေ့ညနေတွင် ဂိုဒေါင်၌ကျင်းပသည့် အစည်းအဝေးမှာ မျှော်လင့်သည်ထက်ပို၍ စည်ကားလှပေ၏ ။ ထိုသို့ စည်ကားရခြင်းမှာ ဆိုးပေတို့နှင့် ရွယ်တူကျောင်းသားကလေးများသည် နိုင်ငံရေး၌ စိတ်ဝင်စားကြခြင်းကြောင့် မဟုတ်ပဲ ဤသို့ စုစုဝေးဝေးလုပ်တိုင်း ပျော်စရာ ဖြစ်ကြရသဖြင့် အလွတ်မခံချင်ကြ၍ ဖြစ်ပေ၏။
ဆိုးပေနှင့် ရဲဘော်များသည် မှောက်ထားသော ထင်းရှုးသေတ္တများပေါ်၌ ထိုင်လျှက် ပရိတ်သတ်တို့ကား မြေပြင်ပေါ်တွင် ထိုင်၍ အာရုံစိုက်နေကြလေ၏။
ဆိုးပေကား ယှဉ်ပြိုင်အရွေးခံချင်းအတူတူဖြစ်သော်လည်း မိမိကိုယ်မိမိ သဘာပတိတင်မြှောက်ကာ အစည်းအဝေးဖွင့်ရန် ထလိုက်လေ၏။
“မြို့မိ မြိ့ဖ အပေါင်းတို့ ခင်ဗျား၊ မင်းတို့ကို အစည်းအဝေးခေါ်တာက ငါတို့ကို မဲပေးရလိမ့်မယ်။ ပထမဦးဆုံး ငါတို့ တစ်ယောက်စီက စကားပြောမယ်။ သာဒွန်းဦးက ဒီမိုကရက်တစ်ပါတီ၊ မောင်မောင်က ဆိုရှယ်လစ်၊ အ၀ိန်က ကွန်မြူနစ်၊ ငါက တစ်သီးပုဂ္ဂလ။ ငါတို့ ပြောပြီးတဲ့အခါ မင်းတို့က မေးခွန်းထုတ်နိုင်တယ်။ လေးယောက်စလုံး ပြောပြပြီးတဲ့နောက် ကြိုက်တဲ့လူကို မင်းတို့က မဲပေးပါ” ဟု ဆိုးပေက ရှင်းပြပြီးလျှင် မိမိအနေဖြင့် နောက်ဆုံးမှ စကားပြောရန် ဆုံးဖြတ်ကာ “မြို့မိမြို့ဖများ ခင်ဗျား၊ ယခု တရားပွဲ စပါတော့မယ်။ ဒါကြောင့် ငြိမ်ငြိမ်မနေတဲ့ အကောင်ကို ငါဆွဲထိုးရလိမ့်မယ်။ ကဲအခု သာဒွန်ဦးက ဒီမိုကရေစီအကြောင်း ဟောပါလိမ့်မယ်” ဟု ကြေညာလိုက်ပြီး သာဒွန်းဦးကို ထစေရန် အင်္ကျီဂုတ်ကိုဆွဲ၍ မလိုက်လေသည်။
ပရိတ်သတ်၏ စိတ်မပါ့တပါ တီးလိုက်သော လက်ခုပ်သံများ ကြားရပြီးနောက် သာဒွန်ဦးသည် စကားပြောရန် ဟန်ပြင်လိုက်လေ၏။
“မြို့မိမြို့ဖ အပေါင်းတို့ခင်ဗျား၊ အခု ငါဟောမှာက ဒီမိုကရက်တစ်အကြောင်းဖြစ်ပါတယ်။ ငါဟောတဲ့အတိုင်း မင်းတို့ငါ့လို ဒီမိုကရေစီ ဖြစ်ကြပါ။ ငါ့ကိုပဲ မဲပေးကြပါ။ ငါ့ကို မဲမပေးရင် မင်းတို့နဲ့ ငါမခေါ်တော့ဘူး။ တပို့တွဲလပြည့်နေ့ကျရင် တို့အိမ်မှာ ထမနဲထိုးတဲ့အခါ ငါ့ကိုမဲမပေးတဲ့လူတွေကို ခေါ်ပြီး မကျွေးဘူး။ ငါ့ကို မဲပေးတဲ့ အကောင်တွေ စားရမယ်။ ပြီးတော့ တို့အိမ်မှာ ကြည့်တူရွေးကလေး တစ်ကောင်နဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ အဲ့ဒါတွေလည်း ကြည့်ရမယ်။ အဲ့ဒါကြောင့် ဒီမိုကရေစီကို မဲပေးကြပါ”
သာဒွန်းဦးသည် ပရိတ်သတ်များအား ကိုယ်ကို ကိုင်ညွှတ်၍ အရိုအသေပေးပြီး ထိုင်လိုက်လေ၏ ။
ဆိုးပေက “ကဲ မင်းတို့ မေးချင်တာမေးနိုင်တယ်” ဟုဆိုလေ၏။
ရှေ့တန်းရှိ ကလေးတစ်ယောက်က “မင်းတို့ အိမ်က ကြက်တူရွေးဟာ နှုတ်သီးအနီလား၊ အမည်းလား” ဟုဆိုလေ၏ ။
သာဒွန်းဦးမှာ စင်စစ် သူ့အိမ်၌ ကြက်တူရွေးမရှိ။ သူရှိစေချင်သည့် အရာကို စိတ်မှန်းနှင့် ပြောလိုက်ခြင်းဖြစ်ရာ ကိုမေးခွန်းကို အဖြေပေးရန်စဉ်းစားပြီးနောက် “နှုတ်သီးအပေါ်ကနီပြီး အောက်ကမည်းတယ်” ဟု မလွတ်အောင် ဖြေလိုက်လေ၏။
“ဒီလိုဆိုရင် မင့်ကြက်တူရွေးဟာ စကားမပြောတတ်ဘူး”
“ဘာပြောတယ်။ ဘာကြေးလောင်းမလဲ။ မေရှင်ဆိုတဲ့ သီချင်းတောင် ဆိုတတ်သေးတယ်”
“မင်းလိမ်နေတာ မယုံဘူး။ ဒီမိုကရေစီကို မဲပေးရင် တို့ပါ လူလိမ်ဖြစ်သွားမယ်”
“ငါ မလိမ္ဘူး”
“လိမ်တယ်”
“မလိမ္ဘူး”
“လိမ်တယ်”
ဤတွင် သဘာပတိဆိုးပေက “ကဲ မင်းတို့ မေးခွန်းမေးဖို့ အချိန်ကုန်ပြီ။ နောက်တစ်ယောက် ပြောလိမ့်ဦးမယ်။ အခုပြောမှာက ဆိုရှယ်လစ်ဟာ ဘာလဲဆိုတာကို မောင်မောင်က ပြောလိမ့်မယ်” ဟု ကြေညာပြန်လေ၏။
မောင်မောင် ရှေ့သို့ ထွက်လာလေ၏။
“မြို့မိ မြို့ဖ အပေါင်းတို့ခင်ဗျား၊ ယခုမင်းတို့ကို ဆိုရှယ်လစ်အကြောင်း ငါပြောချင်တာဟာ ဆိုရှယ်လစ်ကို မဲပေးကြဖို့ ဖြစ်တယ်။ ဆိုရှယ်လစ်ဆိုတာ သူများပိုက်ဆံကို ယူရတယ်။ ဒါလို ပိုက်ဆံယူရင် ပိုက်ဆံတွေ အများကြီးရပြီး လူတိုင်းလူတိုင်း တစ်နေ့ကို ရေခဲချောင်း ငါးမူးဖိုး၊ ပီကေတစ်မူးဖိုး အနည်းဆုံး စားနိုင်မယ်”
“ဟေ့ လူများပိုက်ဆံကိုယူရင် အဲဒါ အဒါနဒါနိန်ဖြစ်ပြီး ငရဲကြီးတတ်တယ်” ဟု မင်္ဂလသုတ်သင်တန်း တက်နေသော ကျောင်းသားတစ်ဦးက ထ၍ ပြောလေ၏။
“သူများ ပိုက်ဆံကို အတင်းလုတာသာ ခိုးတာ။ ဥပဒေနဲ့ ယူရင် ခိုးတာမဟုတ်ဘူး။ ငါက ဥပဒေနဲ့ ယူမှာ”
အခြားတစ်ယောက်က ဖြတ်၍ “ဘယ်သူ့ပိုက်ဆံကို ယူမှလဲ” ဟု မေးလေ၏။
“ဆိုရှယ်လစ်မဟုတ်တဲ့ လူတိုင်းဆီက ယူမှာပေါ့”
“လူတိုင်း လူတိုင်းဟာ ဆိုရှယ်လစ်ဖြစ်နေကြရင် ဘယ်သူ့ဆီက ယူလို့ရဦးမှာလဲ”
“လူတိုင်း လူတိုင်း ဆိုရှယ်လစ်ကြီးပဲ မဟုတ်ဘူး။ လူတိုင်း ဆိုရှယ်လစ်ဖြစ်နေရင် နိုင်ငံရေးလေးမျိုး ရှိပါတော့မလား။ စဉ်းစားကြည့်စမ်းပါဦး။ မင်း ဥာဏ်ရှိရင် သိမှာပေါ့”
“အောင်မာ မင်းထက် ငါက ဥာဏ်ရှိတယ်”
“ဘာ မင်းက ငါ့ထက် ဥာဏ်ရှိသလား”
“မင်းထက် ဆယ်ဆမကဘူး ရှိတယ်”
“လာလေ၊ ဘယ်သူက ဥာဏ်ရှိတယ်ဆိုတာ အကြောင်းသိရအောင် သတ္တိရှိရင် ထွက်ခဲ့”
သဘာပတိ ဆိုးပေမှာ ၀င်၍ ဖြန်ဖြေရလေတော့၏။
“ဟေ့ တရားပွဲဆိုတာ စကားသာပြောရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မချရဘူး” ဟု ဆိုးပေက ပြောကာ လက်သီး လက်မောင်းတန်းနေသော မောင်မောင်ကို ဆွဲ၍ ထိုင်ခိုင်းရလေ၏။ ထို့နောက်မှ “မင်းတို့ ဒီမိုကရေစီနဲ့ ဆိုရှယ်လစ်တရားကို ကြားပြီးပြီ။ အခု အ၀ိန်က ကွန်မြူနစ်အကြောင်းကို ပြောလိမ့်မယ်” ဟု ကြေညာလေ၏ ။
“မြို့မိမြို့ဖ ရဲဘော်အပေါင်းတို့ခင်ဗျား၊ ကွန်မြူနစ်ဆိုတာ ကွန်မြူနစ်မဟုတ်တဲ့လူတွေကို စစ်တိုက်ပြီးတော့ အနိုင်ရပြီး အာလုံးကို သတ်ပစ်တာမို့ လူအများအပေါ်မှာ ဗိုလ်ကျရတာ အကောင်းဆုံးပါပဲ”
“လူကိုသတ်တာ အပြစ်ကြီးတယ်။ ကြိုးပေးခံရမယ်။ ပါတာနိပါနာကံ ထိုက်တယ်” ဟု မင်္ဂလသုတ် စာမေးပွဲအတွက် အားခဲနေသော ကျောင်းသားက ကြားဖြတ်၍ ပြောပြန်လေ၏။
“စစ်တိုက်ပြီး လူကို သတ်တာ အပြစ်မရှိဘူး။ ရာဇ၀င်ထဲမှာ စစ်တိုက်ပြီး လူတွေ အများကြီး သတ်နေကြတာဘဲမဟုတ်လား”
“မင်း စစ်တိုက်လို့မနိုင်ဘဲ ရှုံးတော့ကော” ဟု အခြားတစ်ယောက်က မေးလေ၏။
“ဘာပြောတယ်”
“မင်း စစ်တိုက်လို့ မနိုင်ရင် ဘယ့်နှယ်လဲ”
“ဘာလို့ မနိုင်ရမှာလဲ နိုင်မှာပေါ့”
“အောင်မယ်၊ ဦးဘိုးဝခြံထဲ ၀င်တုန်းက အဘိုးကြီးထွက်လိုက်တော့ ဖင်နသီတန်းနေအောင် ထွက်ပြေးတဲ့ ဂန်ကြောက်က စစ်တိုက်ရဲ့မတဲ့လား ဟား ဟား”
“ငါ တစ်ယောက်ထည်း ပြေးတာလား။ မင်းလည်းပါတာပဲ”
“ဒါပေမယ့် ငါက ကမ္ဘာကို စစ်တိုက်ပြီး အနိုင်ယူမယ် ပြောလို့လား”
“ငါက ဦးဘိုးဝကို ကြောက်လို့ ပြေးတယ်မှတ်လို့လား”
“ကြောက်လို့ပေါ့၊ မင်းပြေးတာ”
“မင်းက ငါ့သတ္တိ သိချင်လား၊ လာလေ ဟင်း ကွန်မြူနစ်ထိရင် မီးပွင့်သွားမယ်”
“ဟေ့ တော်ကြတော့” ဟု ဆိုးပေက ဟန့်တားလိုက်ရပြန်ကာ “အခု နောက်ဆုံး ငါ့အလှည့်မှာ တစ်သီးပုဂ္ဂလအကြောင်းကို ငါဟောတော့မယ်” ဟု ကြေညာလိုက်ရာ ပုရိသတ်အားလုံး ငြိမ်သက်စွာ နားထောင်နေကြလေ၏။
ဆိုးပေသည် အခြားနိုင်ငံရေးသမားသုံးဦးထက် ပို၍ မိမိကိုယ်ကို ထင်ရှားစေရန် ထင်းရှုးသေတ္တာပေါ်သို့ တက်၍ ရပ်လိုက်ရာ ဆွေးနေသည့်အတွက် သေတ္တာကျွံ၍ ကျသွားလေ၏။ ပရိသတ်ကြီးသည် လက်ခုပ်လက်ဝါးတီကာ ရယ်ကြ လေတော့၏။ ဆိုးပေသည် ရှုံမဲ့ခြင်းမပြုဘဲ ထလိုက်ပြီးလျှင် သေတ္တာထဲမှ ထွက်၍ ရှေ့၌ရပ်ကာ “မြို့မိ မြို့ဖများ ခင်ဗျား” ဟု စကားစလိုက်မှ ပရိတ်သတ် ငြိမ်သွားလေ၏။
“ရှေးတုန်းက ပုဂံပြည်မှာ ပျူစောထီးဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ လောက်လေးပစ် အင်မတန် လက်တည့်တယ်။ အားလည်းရှိတယ်။ သတ္တိလည်း သိပ်ကောင်းတယ်။ အဲ့ဒီအချိန်တုန်းက ဧရာမငှက်ကြီးတစ်ကောင် ပုဂံပြည်ရောက်လာပြီး တစ်နေ့ကို မိန်းမခုနစ်ယောက် စားပစ်တဲ့အတွက် လူတွေအကုန်လုံး ကြောက်နေရတဲ့အခါမှာ ပျူစောထီးက အဲဒီ ငှက်ကြီးကို လောက်လေးနဲက ပစ်သတ်လိုက်တော့မှ လူတွေဟာ ချမ်းသာရာရသွားတယ်။ နောက်ပြီးတော့ ကျားကြီးတစ်ကောင် မြို့ထဲဝင်ပြီး လူတွေကို စားပြန်တဲ့အတွက် ပျူစောထီးက တာဇံလို ပါးစပ်ကအော်ပြီး ကျားကြီးနဲ့ နဘမ်းချတာ ကျားကြီး စန့်ပါလေရော။ ဒီနောက် ရှုးပျံကြီးတွေ၊ ၀က်ကြီးတွေ သောင်းကျန်းတာ သူတစ်ယောက်ထည်းနဲ့ နိုင်အောင် သတ်ပစ်လိုက်တယ်။ အဲဒါကြောင့် ပုဂံပြည်မှာ သူရှင်ဘုရင်လုပ်ရတယ်။ နောက်ပြီးတော့ တောင်ငူမှာ တပင်ရွှေထီးဆိုတာ ရှိတယ်။ သူဟာ ရန်သူတွေကြားထဲမှာ တစ်ယောက်ထဲ မြင်းစီးပြီး ၀င်ပြတယ်။ အခု ငါပြောတဲ့လူတွေဟာ အားလုံး တစ်သီးပုဂ္ဂလချည်းဘဲ။ ဘယ်သူမှ အားမကိုးဘဲ ကိုယ်တစ်ယောက်တည်းနဲ့ သူများအကျိုးကို ဆောင်ရွက်တယ်း သူများ ပိုက်ဆံလည်း မလုဘူး။ လူလည်း မသတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တစ်သီးပုဂ္ဂလဖြစ်လို့”
ဆိုးပေ၏ တရားကို ပရိတ်သတ်က အာရုံစိုက်၍ နေကြရာက စကားအဆုံးတွင် ပင့်ထားသည့် သက်ပြင်းကို ချလိုက်ကြလေ၏။ ဆိုးပေသည် မေးခွန်းထုတ်ဖို့ အခွင့်မပေးရစေရန် “ကဲ မဲခွဲမယ်။ မင်းတို့ ကြိုက်ရာလူကို မဲပေးရမယ်” ဟု ကြေညာလေ၏။
“ဒီမိုကရေစီကြိုက်ရင် လက်ထောင်” အားလုံး ငြိမ်သက်နေကြလေ၏။
“ဆိုရှယ်လစ်ကြိုက်ရင် လက်ထောင်” မည်သူတစ်ယောက်မျှ မလှုပ်ရှား။
“ကွန်မြူနစ်ကြိုက်ရင် လက်ထောင်” တစ်ယောက်မျှ လက်ထောင်သည်ကို မတွေ့ရ
“တစ်သီးပုဂ္ဂလကြိုက်ရင် လက်ထောင်” ပရိတ်သတ် တစ်ဦးမကျန် လက်ထောင်လိုက်ကြသည်။
“အဲ့ဒါ ငါ့ကို ရွေးကောက်ကြတာပဲ။ ဒီအချိန်ကစပြီး ငါ ၀န်ကြီးချုပ်ဖြစ်ပြီ။ တိုင်းပြည်ကို ငါအုပ်စိုးမယ်”
“ဒီလိုဆိုရင် တို့အတွက် ပထမဦးဆုံး မင်း ဘာလုပ်ပေးမလဲ” ဟု သျှောင်ထုံးနှင့် သူငယ်ကေလေးတစ်ယောက်က မေးလေ၏။
“ဘာလုပ်ရမှာလဲ။ ငါ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အလုပ်ပဲရှိတာ”
“တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာ တို့အတွက် အလုပ်လုပ်ပေးချင်တာလို့ တို့ အဖေကပြောတယ်။ မင်းကို မဲပေးတာ ငါတို့လိုချင်တာ လုပ်ပေးဖို့”
“မင်းက ဘာလိုချင်လို့လဲ”
“ရွာလယ်က ရေကန်ကို တို့ကျောင်းသားပိုင်ဖြစ်အောင် လုပ်ပေးဖို့ မင်းကို မဲပေးတာ”
ရွာလယ်ရှိ ရေကန်ကလေးမှာ ဒေါ်အေးမြ၏ အိမ်ရှေ့တွင်ရှို၍ လမ်းနှင့်ကပ်နေသဖြင့် ယခင်က ကလေးများ ခရုဖမ်းစရာ ငါများစရာ ဖြစ်ခဲသော်လည်း မကြီးမီကပင် ဒေါ်လေးမြက ထိုရေကန်မှာ သူ၏ မြေကွက်ထဲတွင်ပါဝင်သည်ဆိုကာ ခြံခတ်၍ ထားလိုက်သည့်အတွက် ကလေးများ အသုံးမချရဘဲရှိခဲ့လေသည်။ ထိုအတွက် ထိုရေကန်ကို ကျောင်းသာပိုင်ပြုလုပ်ရေးကို အားလုံးက သဘောကျကြလေ၏။
“မင်းတို့ခိုင်းတာ ငါကလုပ်ရမှာလား။ ငါ ၀န်ကြီးချုပ်ပဲ။ ငါက မင်းတို့ကို ခိုင်းမယ်။ အစိုးရကို အပူမကပ်နဲ့။ မင်းတို့ဟာ မင်းတို့ လုပ်ရမယ်ဆိုတာ မကြားဘူးလား။”
“အဲ့ဒါ တစ်သီပဂ္ဂလ အစိုးရမဟုတ်လို့ပေါ့။ တစ်သီးပုဂ္ဂဆိုတာ အများအတွက် လုပ်ပေးရမယ်လို့ မင်းပြောတာပဲမဟုတ်လား”
“ဒါပေမယ့် လုပ်ပေးချင်မှ လုပ်ပေးမှာပေါ့”
“ဘာမဆို မင်းလုပ်ပေးရမှာပဲ။ မင်းမလုပ်ချင်တာ ဒေါ်အေးမြကို မင်းကြောက်လို့”
“ငါလား ကြောက်မှာ”
“မကြောက်ရင် လုပ်ပြပါလား”
“ငါမလုပ်ဘူး”
“မင်း မလုပ်နိုင်ပါဘူး”
“လုပ်နိုင်တယ်”
“ဒါဖြင့် လုပ်ပြပါလား”
“ကြည့်နေ၊ လုပ်ပြမယ်”
ဤသို့ လွှတ်ခနဲ ပြောလိုက်သည့် စကားကို ပရိသတ်အားလုံးကို ကျေနပ်သွားစေလေရာ သြဘာသံများ ဆူညံသွားလေ၏။
“ဘယ်လောက် အကြာမှာ ရအောင်လုပ်ပေးမလဲ” ဟု တစ်ယောက်က ထ၍မေးပြန်လေ၏။
“စနေနေ့ မတိုင်ခင် ရစေ့မယ်”
သြဘာသံများဖြင့် အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြလေ၏။
****
ဆိုးပေသည် လွှတ်ခနဲ အလွယ်တကူ ပြောလိုက်နိုင်သလောက် အလုပ်မှာ မလွယ်ကူလှသည်ကို တွေ့လေ၏။ အ၀ိန်၊ မောင်မောင်၊ သာဒွန်းဦးတို့က သူတို့ပါ ကူညီပါမည်ဟု ဆိုကြသော်လည်း ဆိုးပေက လက်မခံချေ။
“မင်းတို့က ငါနဲ့ တစ်ဖက်စီ ဖြစ်နေတယ်။ ဂိုဏ်းချင်းမတူဘူး။ ဒါကြောင့် ငါနဲ့ အတူတူလုပ်လို့ မဖြစ်ဘူး”
“ဒါပေမယ့် ရေကန်ပြန်ရဖို့ဟာ ရည်ရွယ်ချက်ချင်း အတူတူဘဲ။ တို့လည်း ပါမှာပေါ့”
“မင်းတို့က ဂိုဏ်းမတူတဲ့ အကောင်တွေ။ ငါလုပ်တာ မအောင်မြင်အောင် နှောင့်ယှက်ခံရမယ်။ မင်းတို့ အလုပ်ဟာ ငါဘာပဲလုပ်လုပ် အတိုက်အခံ လုပ်ရမယ်။ အဲဒီအတိုင်း ဥပဒေ ရှိတယ်။”
“မင်း လုပ်မရအောင် တို့က ဖျက်စီးနေရင် ရေကန်ပြန်မရဘဲ ရှိမှာပေါ့”
“မင်းတို့က နှောက်ယှက်ပေမယ့် ငါက ရအောင် လုပ်ရမယ်။ ငါလုပ်မရရင် ငါ့ကို ဖြုတ်ချပြီး မင်းတို့က တက်ရမယ်။ အခုနေတော့ ငါနဲ့ တစ်ဖက်တစ်လမ်းချည်းပဲ မင်းတို့လုပ်ရမယ်”
“ဒါဖြင့် မင်း ဘယ်လို လုပ်မလဲ”
“ဒေါ်အေးမြဆီ ငါတစ်ယောက်ထည်းသွားပြီး တောင်းကြည့်ဦးမှာပဲ။ ဒါ ပထမအလုပ်”
“အင်း ဒုက္ခတစ်ခုခုတွေ့ရင် တို့ အကူအညီ မပေးရဘူးလား”
“ဒုက္ခတွေ့နေရင်တော့ ညွန့်ပေါင်းအစိုးရဖွဲ့ရမှာပေါ့” ဟု သာဒွန်းဦးက ဆိုလေ၏။
“ဒီလိုဆိုရင် မင်းတို့ အကူအညီလိုတဲ့အခါ ငါလေချွန်လိုက်မယ်။ လေချွန်ရင် ညွန့်ပေါင်းအစုးရဖွဲ့ဖို့ အထိမ်းအမှတ်ပဲ”
****
ဆိုးပေသည် သူများအား မခိုင်းရဘဲ သူများခိုင်းသမျှ လုပ်ရသည့် ၀န်ကြီးချုပ်ဘ၀ကို အထင်မကြီးတော့သော်လည်း မိမိထားသည့် ကတိကို ဘယ်အခါမျှ ဖျက်ချင်သူ မဟုတ်သည့် အလျှောက် ဒေါ်အေးမြအိမ်သို့ အရဲစွန့်၍ သွားရောက်လေ၏။
ဒေါ်အေးမြကား အသက်ငါးဆယ်ရှိ အပျိုကြီးဖြစ်ကာ ကျက်သရေရှိသော မျက်နှာနှင့် ပြည့်စုံသူတစ်ဦးဖြစ်ပေ၏။
“ဘာကိစ္စလဲသူငယ်၊ ဘာပြောစရာရှိလို့လဲ”
ဆိုးပေသည် ၀န်ကြီးချုပ်တို့၏ဣနြေ္ဒဖြင့် “ကျွန်တော်တို့ ရေကန်ကိစ္စပါပဲ” ဟု ဆိုလေ၏။
“ဘာကွဲ့၊ မင်းတို့ရဲ့ ရေကန်ဟုတ်လား”
“ဟုတ်ကဲ့၊ ဒီရေကန်ဟာ အရင်က ကျွန်တော်တို့ ကစားတဲ့ ရေကန်ပါ။ အခု ခြံခတ်ထားတာကို ဖျက်ပြီး ကျွန်တော်တို့ကို ပြန်ပေးပါ”
“ဟဲ့ကလေးရဲ့၊ ဒီရေကန်ဟာ အဒေါ့် မြေကွက်ထဲ ရောက်အောင် ခိုးပြီး ခြံခတ်ထားတာမှ မဟုတ်ဘဲ။ အစကတည်းက ဒီမြေကွက်ထဲမှာ ပါနေတာ။ တို့အဖေများ လက်ထက်တုန်းက ခြံမခတ်ထားပေမယ့် အခု အမွေခွဲလိုက်ကြလို့ မြေတိုင်းရုံးက မြေပုံ ကြည့်လိုက်တော့ တို့မြေကွက်ထဲပါနေတာသိရလို့ ခြံခတ်ထားရတာ”
“ဒေါ်ဒေါ်တို့ အဖေလက်ထက်တုန်းက ခြံခတ်မထားတာ အစိုးရလက်ထဲ ရောက်နေလို့ပေါ့”
“အစိုးရလက်ထဲရောက်နေရင် မြေပုံမှာ ပါနိုင်ပါ့မလား လူးကလေးရဲ့”
“မြေပုံမှားနေရင် မှားနေမှာပေါ့။ ကျွန်တော် မြေပုံ အမှန်ကို ပြနိုင်ရင် ကျွန်တော်တို့ကို ပြန်ပြီးပေးမလား”
ဒေါ်အေးမြက ပြုံးလျှက် “အဲဒီ မြေပုံအမှန်ကို ရှာခဲ့ပါကွယ်။ ဟုတ်ရင် ပြန်ပေးရတာပေါ့။ ကဲ ကဲ မင်းပြန်တော့၊ အဒေါ်မှာ အလုပ်လုပ်စရာတွေ ရှိသေးတယ်” ဟု ပြောလေ၏။
“ဟုတ်ကဲ့” ဟု ဆို၍ ဆိုးပေလည်း ပြန်ခဲ့လေ၏။
ဆိုးပေသည် ဒေါ်အေးမြ၏ မြေကွက်ပုံစံကို တစ်ညလုံးရေးဆွဲလေသည်။ ထိုပုံစံထဲတွင် ရေကန်ကို ခြံစည်းရိုးအပြင်တွင် ထုတ်ထားကာ ကြက်ခြေ အမှတ်အသားပြ၍ မြေပုံအောက်နားတွင် ကြက်ခြေခတ်တစ်ခုနှင့် အတူ “အီရေဂန်မှာ ချံစီးယိုး အပြင်ဘက် မှာရှိသီ” ဟု ဖော်ပြထားလေ၏။ ထို့နောက် ဒေါ်အေးမြ၏ ဖခင်အား အစိုးရကပေးသည့် အနေဖြင့် စာတစ်စောင်ဖြစ်အောင် အတော်ကြိုးစား၍ ရေးသားရလေ၏။
ဒေါ်အေးမြ၏ ဖခင်သိစေရမြီမှာ ခင်ဗျား၏ အိမ်အပြင်ဖက်က ရေဂန်ကို ရောင်းချသိအတွက် ကြေးဇူးတင်ပါသီ။ အီရေဂန်ကို ခလေးမြားအတွက် အစိုးရက အသုံးချလိမ့်မြီ။ မည်သူမဆို ရေဂန်ကို လွတ်လပ်စွာ သုံးနိုင်သီ။ ရေဂန်ကို ချံစီးယိုး အပြင်ဘက်ထုတ်ပေးသဖြင့် ကျေးဇူးတင်ပါသည်။ ဒေါ်အေးမြလည်း ကျန်းမာစေရန် ဆုတောင်ပါသည်။
သစ်စာရှိလှစွာသော
(ပုံ) အစိုးရ
ဆိုးပေ၏ မြေပုံနှင့်စာမှာ ထိုနာမည်နှစ်လုံးဖြင့် သုံးစွဲခေါ်ဝေါ်ခြင်းငှာ မထိုက်တန်လှသော်လည်း ဆိုးပေမူကား မိမိ၏ လက်ရာကို များစွာကျေနပ်ပေ၏။ ထိုသို့ ကျေနပ်နေရုံနှင့် မပြီးသေးချေ။ ထိုစာကို ဒေါ်အေးမြ၏ အဖေထံသို့ အစိုးရက ယခင်ကပေးထားသည့် စာအဖြစ်ဖြင့် ဒေါ်အေးမြသိရှိရအောင် လုပ်ရမည်ဖြစ်ရာ ယခုမှမိမိက သွားရောက်ပေးပို့၍ မဖြစ်နိုင်။ ဒေါ်အေးမြအိမ်ထဲတွင် တစ်နေရာရာ၌ ချထားရမည်မှာလည်း တိတ်တိတ်ဝင်ရောက်နိုင်ရန် ခဲယဉ်းလှပေသည်။ သို့ဖြစ်၍ အမျိုးမျိုးစိတ်ကူးထုတ်ရာ ရေကန်ကို တွေးမိလေး၏။ ဒေါ်အေးမြသည် ထိုရေကန်ကို အုတ်ရေကန်ကလေးလုပ်ရန် ပန်းရန်သမားများနှင့် စီစဉ်လျှက်ရှိလေရာ ထိုစာကို ရေကန်စပ်တွင် ပစ်ချထားလျှင် အလုပ်သမားများ တူးရင်းဆွရင်းတွေ့ရှိပြီး ဒေါ်အေးမြေ လက်ထဲသို့ရောက်မည်ကို စဉ်းစားမိလေ၏။
နောက်တစ်နေ့ ညဖက်တွင် ဆိုးပေးသည်။ ပန်ရန်သမားများ အလုပ်ပြန်ချိန်တွင် ရေကန်ဆီသို့ ရောက်လာလေ၏။ သူရေးထားသည့် မြေပုံနှင့်စာကို ပုလင်းအလွတ်တစ်လုံးထဲတွင် ထည့်၍ ဘူးဆို့ပိတ်ထားကာ ခါးကြားတွင်ထိုး၍ ယူလာခဲ့သည်။ ထိုပုလင်းကို အဒေါ်အေးမြ၏ အိမ်ဖက်ရှိ ရေကန်စပ်တွင် ပစ်ချထားရန်ဖြစ်လေရာ၊ ခြံထဲသို့ဝင်ရောက်၍ ပစ်ချထားရန်သော်လည်းကောင်း၊ လမ်းပေါ်မှ လှမ်းပစ်ရန်သော်လည်းကောင်း မဖြစ်နိုင်ချေ။ ထိုသို့ ပြုလုပ်လျှင် မိမိကို လူမြင်သွားမည်ဖြစ်ရာ မိမိ၏ လုပ်ငန်းကြီးပါ ပျက်ပြားသွားမည်ကို စိုးရိမ်ရ၏။ ဆိုးပေသည် မှောင်ရိပ်ခို၍ လျှောက်လာရင်း ရေကန်နှင့် ကပ်နေသည့် လမ်းဘေးရှိ စိန်းပန်းပင် အကိုင်းကြီးတစ်ကိုင်းသည် ရေကန်ပေါ်၌ မိုး၍ ထိုအကိုင်းပေါ်မှနေပြီး ရေကန်ထဲ စာပစ်ချရန် အကြံပေါ်၍ လာလေ၏။
ကံအားလျှော်စွာ လမ်းပေါ်တွင် လူရှင်းလျှက်ရှိသဖြင့် ဆိုးပေသည် ရဲရဲတင်းတင်း သစ်ပင်ပေါ်သို့ တက်ပြီး ရေကန်ဖက်သို့ထွက်နေသည့် သစ်ကိုင်းဖျားသို့ရောက်အောင် တဖြည့်းဖြည်းတွား၍ လာခဲ့လေ၏။ ဆိုးပေသည် ရေကန်အလယ်တည့်တည့်သို့ရောက်သောအခါတွင် ခါးကြားမှပုလင်းကို ဆွဲထုတ်ကာ ရေကန်စပ်သို့ရောက်အောင်ပစ်ချရန် လက်လွှဲလိုက်သည်။ ထိုတစ်ခဏအတွင်းမှာပင် ဆိုးပေသည် မိမိကိုယ်ကို ဘာဖြစ်၍ဖြစ်သွားမှန်း မသိလေသောကြောင့်လော၊ သစ်ကိုင်းလှုပ်၍လော၊ ရေညှိကြောင့်လော၊ သစ်ပင်တက်စဉ်က ရှိမခိုးခဲ့မိ၍လော၊ အားလွန်၍လော မသိ။ ရေကန်အလည်တည့်တည့်သို့ လိမ့်၍ကျလေတော့သည်။
ရေကန်မှာ စိမ်းဝါ၀ါဆေီဝေ့ပြီး ညစ်ပတ်လျှက်ရှိလေရာ ဆိုးပေ၏ တစ်ကိုယ်လုံး သရဲရုပ်ပေါက်သွားလေ၏။ သို့သော် ဆိုးပေသည် မိမိကိုယ်ကို ပြန်၍ကြည့်မနေအားပေ။ ရေကန်ထဲသို့ ကျသည့်အသံမှာ အတော်ပင်ကျယ်လောင်လေရာ လူထွက်မကြည့်မီ ပြေးမှပဲဟု သတိရကာ ပုလင်းကို ရေကန်စပ်သို့ လွှင့်ပစ်ထားခဲ့ပြီး လမ်းပေါ်သို့ လျှင်မြန်စွာတက်ရောက်ထွက်ပြေးလေတော့၏။
****
နောက်တစ်နေ့မနက်တွင် ဆိုးပေသည် ရေကန်ဆီသို့ မယောင်မလည်လျှောက်၍လာပြီး ရေကန်ကို ကြည့်လိုက်ရာ မိမိမြင်ရသည်ကိုပင် မယုံနိုင်အောင် ဖြစ်နေပေ၏။ ရေကန်မှာ ယခင်ကအတိုင်း လမ်းဘေးတွင်ပင် ရှိသော်လည်း ခြံစည်းရိုးများခတ်၍ မထားသည့်အပြင် ဒေါ်အေးမြ၏ ခြံစည်းရိုးအပြင်ဖက်သို့ ထုတ်၍ ထားသည်ကို တွေ့ရလေ၏။ ဆိုပေသည် မျက်စိကို မှတ်ပြီး ပြန်၍ဖွင့်ကြည့်လေ၏။ မိမိမြင်နေရသည်မှာ အမှန်အတိုင်းပင်ဖြစ်နေသည်ကို တွေ့ရလေ၏။ ဤတွင် ဆိုးပေသည် ၀မ်းသာအားရ လျှင်မြန်စွာပြေးသွားပြီးလျှင် မိမိ၏ မဲဆနရှင်များအား “ဟေ့ ငါလုပ်လို့ရပြီကွ။ အောင်ပြီ။ ရေကန်ကို ခြံအပြင် ထုတ်ပေးလိုက်ပြီး တို့ကျောင်းသားပိုင်ဖြစ်ပြီ” ဟု ကြေညာလိုက်လေ၏။
ဲဆနရှင်များကား ဆိုးပေ၏ စကားကို မယုံ့တယုံ့နှင့် ဆိုးပေကို စိုက်၍ ကြည့်နေကြလေ၏။
“အလကားပါ။ မင်း လုပ်လို့ မရပါဘူး”
“ရပါတယ် လာခဲ့။ မယုံရင် မင်းတို့ပါ လိုက်ကြည့်လှည့်”
ဆိုးပေ၏ မဲဆနရှင်များသည် ဆိုးပေ၏နောက်က လိုက်ပါလာကြကာ ရေကန်ဆီသို့ ရောက်လာကြရာတွင် ဆိုးပေ ပြောသည့်အတိုင်း မှန်၍နေသည်ကို အံ့သြစွာတွေ့နေကြရလေ၏။
****
ဒေါ်အေးမြ၏ အိမ်တွင်၌ကား ဘုန်းကြီးငါပါးပင့်၍ ပရိတ်ရွတ်လျက်ရှိလေ၏။ အပြီးတွင် ဘုန်းကြီးတစ်ပါးက “ဒကားမကြီး ဖြစ်ရပုံကို ပြောပြပါဦး” ဟု မေးလေ၏။
“အိမ်ရှေ့ကရေကန်ဟာ တပည့်တော်မတို့ အဘိုးလက်ထက်က ခြံအပြင်ကို ထုတ်ထားတယ် ဘုရား။ ဒီလို ထုတ်ရခြင်းဟာ ဒီရေကန်ထဲ လူဆင်းပြီးသေတဲ့အတွက် ခဏခဏ သရဲခြောက်လို့တဲ့ ဘုရား”
“အေး ဘုန်းကြီးများလည်း ဒီအကြောင်းကို နည်းနည်းပါးပါး ကြားဖူးတယ်”
“တပည့်တော်မလည်း အဲ့ဒီအကြောင်းကို မေ့နေပြီး ရေကန်လုပ်မယ်စိတ်ကူးနေတာ မနေ့ညက ဘုရားရှိခိုးနေတုန်း ရေကန်ဆီက ဗြုံးဆိုတဲ့ အသံကြီးကြားရလို့ ထွက်ကြည့်လိုက်တဲံ အခါ ရေကန်အလယ်ကောင်က မည်းမည်း မည်းမည်းနဲ့ ကုန်းထလာတဲ့သဏ္ဌန်တစ်ခု တွေ့ပါတယ် ဘုရား။ လူလည်းမဟုတ်၊ တရိစ္ဆာန်လည်းမဟုတ်ဘူး ဘုရား။ တစ်ကိုယ်လုံး အဆီတွေလဲ ရွှဲလို့။ တပည့်တော်မလည်း ဆက်ပြီးမကြည့်ရဲတာနဲ့ တံခါးပိတ်ထားလိုက်ရတယ်။ မကြာခင်ကလည်း လူယောင်ဖန်ဆင်းပြီး တပည့်တော်မထံ ဒီရေကန်ကိုလာပြီး တောင်ဖူးသေးလေတော့ တပည့်တော်မလည်း ဒီရေကန်ကို ဒီမနက် ချက်ခြင်း ခြံအပြင်ပြန်ပြီးထုတ်လိုက်တော့တာပါပဲ။ ခြံထဲမှာ အဲဒီ တစ္ဆရှိနေဦးမှာစိုးလို့ အရှင်ဘုရားတို့ကိုပင့်ပြီး ပရိတ်နာရတာပါ ဘုရား”
“အခု ကျုပ်တို့ ပရိတ်ရွတ်လိုက်လို့ ဒကာမကြီး စိတ်ထဲမှာ ရှင်းသွားပြီ မဟုတ်လား။ ကဲ ကဲ ဘုန်းကြီးများလည်း ပြန်လိုက်ဦးမယ်” ဟုဆိုကာ လှူဖွယ်ဝတ္တုများကို ဘုန်းကြီးကျောင်းသားကလေးများ အသယ်ခိုင်းပြီး ပြန်၍ ကြွကြလေ၏။
****
“ဟေ့ ဆိုးပေ မင်းသိပ်ဟုတ်ပါလား။ ဘယ်လိုရအောင် လုပ်တာလဲ”
ဆိုးပေသည် မိမိအား အံ့သြချီးကျူးနေသူတို့၏ အလယ်တွင် ခါးထောက်၍ “ငါ ဒီမိန်းမကြီးဆီသွားပြီး ငါ ၀န်ကြီးချုပ်ဖြစ်တာကို ပြောပြပြီးတော့ ရေကန်ကို ပြန်ပေးဖို့ တောင်တာပေါ့။ မပေးရင် ဥပဒေအရ သူနေတဲ့အိမ်ပါ ပြည်သူပိုင်လုပ်မယ်ပြောလိုက်တာနဲ့ အပြင်ဘက် ထုတ်ပေးတာပေါ့” ဟု ပြောလိုက်လေ၏။
“ဒါမှ တို့ဝန်ကြီးချုပ် ဆိုးပေ ကွ။ အခု ရေကန်ကို ပြန်ရပြီ။ နောက်ထပ် တို့လိုချင်တာက”
“ဟေ့ တော်ပြီကွာ။ ငါဘာမှ မလုပ်ချင်တော့ဘူး။ ၀န်ကြီးချုပ်လည်း မလုပ်ချင်တော့ဘူး။ မင်းတို့ ၀န်ကြီးချုပ်လုပ်ချင်တဲ့လူ လုပ်ကြတော့။ ငါလွှဲပေးလိုက်ပြီ။ ငါတော့ တောပုန်းလုပ်တမ်းပဲ ကစားတော့မယ်” ဟု ဆိုကာ မောင်မောင်၊ အ၀ိန်တို့ ရှိရာသို့ ထွက်၍သွားလေတော့ သတည်း။
****


ဆရာကြီး ဇ၀န ရေးထားတဲ့ ဆိုးပေ ၀တ္တုတိုအတွဲတွေထဲက "၀န်ကြီးချုပ်"ဆိုတဲ့ ၀တ္တုတို လေးကိုကြိုက်လို့ ပြန်ပြီး ပို့စ်လုပ်လိုက်တာပါ။ ပင်နီစာအုပ်တိုက်က ထုတ်ဝေထားတာဖြစ်ပြီး ဆိုးပေ အမှတ် ၃ စာအုပ်မှဖြစ်ပါတယ်။


No comments:

Post a Comment