စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, August 31, 2011

ဖွင့်ချင်ဦးဟဲ့ အင်္ဂလိပ်နာမည်နဲ့ဆိုင်

          ဒါက ကျွန်တော့်သူငယ်ချင်တစ်ယောက်ဆီက ကြားခဲ့တဲ့ ဟာသလေးပါ။  တကယ့် အဖြစ်အပျက်လေးလို့ ပြောပါတယ်။ ကြားဖူးတဲ့လူတွေလဲ ကြားဖူးကြမှာပါ။  ကြားခဲ့ရတာတော့ နည်းနည်းကြာနေပါပြီ။   ဖြစ်ပုံကဒီလိုဗျ..





ဝတို့စီလုတ်ပြည်ကြီးဟာ ခုနောက်ပိုင်း အလွန်တိုးတက်ခေတ်မီလာသကိုးဗျ…. ရှန်ဟိုင်း၊ ဘေဂျင်း၊ ကွမ်ကျိုးဆိုတဲ့မြို့ကြီးတွေဟာဖြင့် မြင်သူတိုင်း ပါးစပ်အဟောင်းသားနဲ့ ကြည့်ရအောင်ကို တိုက်ကြီးတွေ၊ ကားတွေနဲ့ စည်စည်ကားကား ကြက်ပျံမကျ စည်ကားနေသကိုး… နေရာတကာ တိုးတက်ပြီး စီးပွားရေးကောင်းလာတော့ ပြည်ပက ရင်းနှီးမြှပ်နှံသူတို့အတွက်လည်း မျက်စိကျစရာကလား။  ချစ်စွာသော အစိုးရမင်းကြီးများကလည်း ရင်းနှီးမြှပ်နှံသူများကို လမ်းဖွင့်ပေးထားလေတော့ ကိုရွှေတရုတ်တို့အတွက် ဒီ ဖောရိန်နာလို့ ခေါ်တဲ့ နိုင်ငံခြားသားတွေကို မှီစားဖို့ အခွင့်အရေး ပိုရလာတော့ပေါ့ဗျာ။
ဒါကို အကွက်မြင်တဲ့ တစ်ယောက်သော တရုတ်စီးပွားရေးသမားက တွေးသတဲ့။ အင်း ငါ့မြို့ကြီးမှာ နိုင်ငံခြားသားတွေလဲ များသထက်များလာပြီ။ ငါတို့ကလည်း အင်္ဂလိပ်လို မယ်မယ်ရရ မပြောတတ်၊ သူတို့ကလည်း တစ်ရုတ်လို နကန်းတလုံးမှမသိ။ ဒီတော့ ငါသာ အင်္ဂလိပ်နာမည်နဲ့ စားသောက်ဆိုင်ဖွင့်လိုက်ရရင်ဖြင့် ဖော်ရိန်နာ တစ်ရုံးရုံးနဲ့ ပွရချီသေးရဲ့လို့ စီးပွားရေးအမြင်နဲ့ တွေးသကိုး။  ဒီနောက်မှာတော့ သူ့ဆိုင်ကို အနောက်တိုင်းဆန်ဆန် စမတ်ကျကျပြင်ဆင်တော့တာပါဘဲ။ ပြီးတော့ နာမည်ပေးဖို့ စဉ်းစားလေသတဲ့။  နာမည်လှလှလေးကို တစ်ရုတ်လို စဉ်းစားပြီတဲ့အခါကျတော့ အင်္ဂလိပ်လို ဘယ်လိုရေးမလဲ စဉ်းစားသတဲ့။  သူများတွေလျှောက်မေးပြန်ရင်လည်း သူ့အကြံ သူများဦးသွားမှာကို စိုးရိမ်သေးသတဲ့…. ဒီတော့ တရုတ်လည်း စဉ်းစားရကျပ်နေတာပေါ့။ နောက်ဆုံးတော့ အကြံရသွားသတဲ့…
ဘယ်ခေလိမ့်မလဲ အိုင်တီခေတ်ကြီးလေ အိုင်တီခေတ်ကြီး…. အင်တာနက်တွေရှိနေတာဘဲ… အင်တာနက်ရှိရင် ဘာသာပြန်လို့ရမယ့် ဆိုဒ်တွေလဲရှိရမယ်…. ဒါဆိုရင် ငါ့ ဆိုင်နာမည်လေးကို တစ်ရုတ်လိုရိုက်ထည့်..ပြီးရင် အင်္ဂလိပ်လို ဘာသာပြန်ထည့်လိုက်.. ထွက်လာတာကို ပရင့်တာနဲ့ထုတ်… ဆိုင်းဘုတ်လုပ်တဲ့ဆီကို အပ်…. ကွက်တိ.. တယ်တော်တဲ့ငါ ပါလားနော်…။ 
နောက်တော့ အဲ့ဒီတရုတ်ဟာ ဆိုင်းဘုတ်လုပ်တဲ့ ကုမ္မဏီဆီသွား… ရှယ်ဆိုင်းဘုတ်ကြီးကို ခန်းခန်းနားနားလုပ်။ ရလာတော့ သူဆိုင်းဘုတ်ကို ပိတ်စအနီကြီးနဲ့ အုပ်ပြီးတော့ သူဆိုင်မှာ ခပ်တည်တည်နဲချိတ်ထားပါလေရော။ ဒါဆိုင်ဖွင့်ပွဲကျတော့မှ လူတွေကိုဖိတ်၊ ရှန်ပိန်တွေဘာတွေတိုက်၊ ဖဲကြိုးတွေ ဘာတွေဖြတ်၊ ဗျောက်အိုးတွေဘာတွေဖောက်ပြီး သူ့အကြံဘယ်လောက်ပိုင်သလဲဆိုတာကို ပြဦးမယ်ဆိုပြီး အားခဲထားလေသတဲ့။
          စီးပွားရေးသမားဆိုတော့ အပေါင်းအသင်းကလဲစုံ၊ အပေါင်းအသင်းစုံတော့ သူအပေါင်းအသင်းတွေနဲ့ စပ်ဆက်မိတဲ့ နိုင်ငံခြားသားတွေကိုပါ ဆိုင်ဖွင့်ပွဲကိုဖိတ်တော့တာပေါ့။  ဆိုင်ဖွင့်ပွဲကတော့ စည်သလားမမေးနဲ့ စီးပွားရေးသမား တရုတ်တွေရော၊ နိုင်ငံခြားသားတွေရော တစ်ရုံးရုံး၊ ကိုရွှေတစ်ရုတ်ကလည်း တပြုံးပြုံး။  ဒီလိုနဲ့ ဆိုင်ဖွင့်ပွဲကို ကြေညာပါတော့မယ်ခင်ဗျားဆိုပြီး ပိတ်စကြီးကို ဖယ် ဆိုင်းဘုတ်ကြီးကို ကြွားလိုက်တာပေါ့။  အဲ့ဒီမှာတင် ဆိုင်ဖွင့်ပွဲလာကြတဲ့ နိုင်ငံခြားသားတွေလည်း ဆိုင်းဘုတ်ကြီးကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြတာပါဘဲ။  ဆိုင်းဘုတ်မှာရေးထားတဲ့ နာမည်ကတော့


“TRANSLATE SERVER ERROR” ပါတဲ့။

1 comment:

  1. ၀ါးးးးးဟားဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete