ပန်းကမ္ဘာသို့
ရောက်ကြခြင်း
အဲ့ဒါက တစ်ယောက်ကစတာ၊ နောက် ဘယ်လိုဘယ်လို ကူးကုန်တယ်မသိဘူး။ သင်္ဘောတစ်စီးလုံးကို
ရှောဘရားသားတွေဖြစ်တာ သင်္ဘောပေါ်က ဆရာဝန်ပါ မကျန်ဘူး။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်၊ သင်္ဘောတစ်စီးလုံး ကျောင်းသားသုံးအိမ်သာက
တစ်လုံး။ စဉ်းစားသာကြည့် လူ ၁၅၀ ကျော်ကို အိမ်သာတစ်လုံးထဲ
ဝိုင်းသုံးကြလေတော့ မဖြစ်ခံနိုင်ရိုးလား။ ဖြစ်တော့
ဘာဖြစ်လဲ ဒိုင်ကော်တေးတွေ အထုပ်လိုက်ပါကြတယ်။ အဲ့ဒါတွေ ပဲကြီးလှော်ဝါးသလို မြိုကြတာပေါ့။ ကျွန်တော်ကတော့ ဒိုင်ကော်တေးလဲ မမြိုသလို အိမ်သာလည်း
မတက်တော့ပါဘူး။ ၃ ရက်လောက် လိမ်ကျစ်ပြီးကိုနေတာ၊
သိတယ် တာထွက်လွှတ်လိုက်တာနဲ့ နောက်ကနေ ဒလဟောလိုက်မှာကိုသိနေတယ်။ ရစ်သီ ရစ်သီဖြစ်ပေမယ့်
လုံးဝကို အိမ်သာမတက်တာ။ ၀မ်းကလည်း မပျက်ခံနိုင်မလား
သရက်သီးစိမ်းတွေစား၊ မြိတ်က ပင်လယ်စာတွေစား၊ ဒီကြားထဲ သင်္ဘောပေါ်က ထမင်းဆိုင်က ပညာပြချက်တွေနဲကဆိုတော့
သူငယ်ချင်းတွေလည်း မျောက်ခေါင်းတွေကိုဖြစ်ရော။
မျက်လုံးတွေက ပန်ဒါမျက်လုံးလေးတွေလို မည်းမည်းလေးတွေ။ ဒီကြားထဲ မုန်တိုင်းကမိလေတော့ လှိုင်းကမူး၊ ရေကစို၊
ဗိုက်ကနာ၊ စားစရာကမရှိ စဉ်းစားသာကြည့်။ ခြေအေးဝမ်းရောင်တာမဟုတ်ဘူး၊
တစ်ကိုယ်လုံး အေးပြီး ၀မ်းရောင်တာ၊ မုန်တိုင်းကျတော့ မိုးကပက်၊ မိုးပက်တော့ ရေက၀င်၊
ဝင်ချင်ဝင် မ၀င်ချင်နေ လဲစရာ အကျီလဲ မရှိတော့ဘူး၊ ဒီတိုင်းကို အစိုလိုက်ပဲ နေပူလာရင်ခြောက်လိုက်၊
မိုးရွာရင် စိုလိုက်၊ ၀မ်းလျှောတဲ့လူတွေက အိမ်သာမှာ တန်းစီ။ အဲ့ဒီလို။
အဲ သင်္ဘောပေါ်မှာက ဆရာဝန်တစ်ယောက်ပါသဗျ။ အနည်းဆုံး အားကိုးလေးတော့ရှိတာပေါ့လေ။ သို့သော်လည်း
မုန်တိုင်းမိ လျှောဘရားသားဖြစ်တာ သင်္ဘောတစ်စီးလုံး နီးပါးဆိုတော့ သူ့ရဲ့ ဆေးတွေကလည်း
မလောက်ရှာလေဘူး။ ပထမ လူအယောက် ၁၀၀ ကျော်ကျော်ကတော့
ဆေးတွေပေးနိုင်ပါရဲ့။ နောက်ပိုင်းကျတော့ သူ့မှလည်း
သူသောက်စရာကို ဆေးမရှိတော့တာ။ အဲ့ဒါနဲ့ သကြားလုံးလေးတွေ
ပေးသဗျ။ ကျွန်တော်သူငယ်ချင်း ဆရာဝန်ဆီသွားပြီးပြန်လာတော့
ပါးစပ်က ပလပ် ပလပ်နဲ့ ဘာလဲဆိုတော့ ဆရာဝန်က ဆေးကုန်နေလို့ သကြားလုံးပေးလိုက်တာတဲ့။ အဲ့ဒါနဲ့ သကြားလုံး သွားတောင်းစားကြသေးတယ်။ သကြားလုံးလည်း မခံနိုင်ပါဘူး နောက်တော့ ဘာမှကို
ပေးစရာမရှိတော့တာ။ ဘာလုပ်နိုင်သလဲ ကော့သောင်းရောက်တဲ့အထိစောင့်ပေါ့။ တစ်ချို့ အခြေအနေဆိုးတဲ့သူများကြတော့လည်း အိပ်ယာထဲက
ကို မထနိုင်တော့တာ။ ကော့သောင်းရောက်တော့ လေယာဉ်နဲ့
တင်ပြီး ပြန်လွှတ်လိုက်ရတဲ့ အဖြစ်ကို ရောက်ရော။
မာလာမုန်တိုင်း
ဒီ မုန်တိုင်းအကြောင်းပြောရင် သင်္ဘောလိုက်ရမယ့်လိုင်းကို
မယူမိတာကို မှန်လိုက်လေခြင်းလို့ အကြိမ်ကြိမ်ပြန်တွေးရင်း အကျေနပ်ကြီးကို ကျေနပ်တာ။ မုန်တိုင်းဆိုတာကို ပင်လယ်ထဲမှာ တစ်ခါမှ မြင်ဖူးတာမှ
မဟုတ်တာ။ ရုပ်ရှင်ထဲမှာကြည့်ဖူးတယ်။ အိမ်တွေမှာတော့ လေနည်းနည်းကြမ်းရင်တောင် ပြုတင်းပေါက်တွေပိတ်၊
စောင်ခြုံပြီး ကွေးသကိုး။ အခုတော့ ရေထဲက ဖက်ရွက်လို
ပင်လယ်ထဲက သင်္ဘောပေါ်မှာ လှိုင်းကလည်းမူး၊ မူးတော့ စားသမျှ အကုန်လုံးက ပြန်ထွက်၊ ထွက်တော့
အစာမရှိရင် နေမကောင်းမှစိုးလို့ ပြန်ထည့်၊
လှိုင်းတစ်ချက်ပုတ်လိုက်ရင် ပြန်ထွက်၊ ပြန်ထွက်တော့ ပြန်ထည့် အို သံသရာကို လည်နေတာပဲ။ မမူးချင်လို့ ဘယ်နားသွားမလဲ ဒီသင်္ဘောတစ်စီးထဲရှိတာ
အမူးသက်သာလေမလားလို့ သင်္ဘောဘောင်လေးကိုကိုင် လေရှု့တယ် မူးတယ်၊ အင်ဂျင်ခန်းထဲသွားနေတယ်
ပိုမူးတယ်၊ ဟိုး သင်္ဘော စလင်ခန်းထဲသွားကြည်တယ်
မူးတယ်၊ ဘယ်မှ နေစရာနေရာကို မရှိတာ။ သင်္ဘော က ဘယ်ညာလူးလေတော့ အလယ်တည့်တည့်မှာ နေရင် အမူးသက်သာမလားလို့
အလည်တည့်တည့်သွားနေတယ် မူးတယ်၊ အမူးကို အမူးနဲ့
ဖြေကြည့်တယ်၊ ပိုမူးတယ်။ ဘာလုပ်လုပ်ကို မူးနေတာ။ အဲ့ဒီတော့ အမူးသက်သာအောင် အိမ်ကြည့်တော့ ပိုမူးတယ်။
လှဲလို့မရမှတော့ ငုတ်တုတ် အိပ်ရတာပေါ့ဗျာ။
မိုးပက်လိုက်၊ ရေကလေးက စိုသွားလိုက်၊ လေကတိုက်လိုက် ပြန်ခြောက်သွားလိုက်၊ မူးလိုက်
နဲ့ ကို အိပ်ရတာ။ ဇိမ်ပဲ။ ဒါမျိုး အလကားမူးရတာ
တယ်ကောင်း။
သို့ပေမယ့်
အမူးက မပြေတော့ခက်တယ်။ သက်သာလို သက်သာငြား
ဆေးလိပ်ဖွာကြည့်တယ် ရီတီတီ၊ ပျို့တို့တို့နဲ့ စားသမျှ အကုန်ပြန်ထွက်လာလို့ စားစရာ အသစ်ထပ်ဖောက်
ပါးစပ်ထဲထည့် ရေနဲ့ရောပြီး မျိုချ။ မုန်တိုင်းဆိုတာကို တော်တော့်ကို မုန်းသွားတာ။ မိုးကရွာ၊ လှိုင်းကလည်း သင်္ဘောပေါ်အထိရောက်အောင် ပက်လေတော့
မထူးကြပါဘူး ဖျာနှစ်ချပ်ကို အောက်တစ်ချပ် အပေါ်တစ်ချပ်ထား လူတွေက အထဲဝင် ပူးကပ်ပြီး
အိပ်ကြတယ်။ ဒါမှလည်း နွေးတာကိုး။ အိပ်တယ်ဆိုကလည်း မှန်းရုံလောက်ပါ၊ လှိုင်းကဆောင့်လိုက်ရင် လူပိတာနဲ့၊ လှိုင်းမူးတာနဲ့
ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာတုန်း။ အဲ့ဒီမုန်တိုင်းကလည်း
သည်းလိုက်တာ တစ်လနီးပါးလောက်ကြာမယ်နဲ့တူတယ်။
ပင်လယ်ပြင် ပြာပြာကြီးကို အရင်လို ချစ်စရာကြီးနော်လို့ ဘယ်တော့မှ မမြင်တော့ဘူး။
ရေမြင်ရင် သောက်ရေတောင် မသောက်ချင်လောက်အောင် မုန်းတာ။ လှိုင်းက ဒီလောက်ကြီး ကြီးလှတယ်မဟုတ်ပါဘူး။ နေစရာ နေရာမရှိတာက ဆိုးတာ။ မိုးရွာလည်း မိုးစို၊ နေပူလည်း အပူရှပ်တော့ ဒီ ကိုယ်က
ဘယ်ကြာကြာခံနိုင်မှာတုန်း၊ မဲတူးပြာပြီးတော့
လူလည်း ချောင်ကလောင်ကို လိုက်ရော။ ဒီတော့ မှတ်ပြီလို့ထင်လား
မမှတ်ပါဘူး။ ကော့သောင်းရောက်တော့ ဖွာလန်ကြဲအောင်ကို
တစ်မြို့လုံး လျှောက်သွားကြသေးတာ။
ကော့သောင်းသို့
ဆိုက်ရောက်ခြင်း အပိုင်း ၁
ကိုလံဘတ်စ် အမေရိကတိုက်ကိုတွေ့တော့ ဘယ်လိုနေသလဲမသိပါဘူး။ ကျွန်တော်ကတော့ ကော့သောင်း ဆိပ်ကမ်းကို လှမ်းမြင်ကထည်းက
အကျီရေစိုတွေကို ရေညှစ်၊ ဘောင်းဘီတွေ ကျွပ်ကျွပ်အိတ်ထဲကထုတ် အသစ်လဲ ကုန်းပေါ်ဆင်းဖို့ပြင်ကြတာပါပဲ။ အရင်ဆုံး မေးဖြစ်တာက ကျွန်တော်တို့ သင်္ဘော ဘယ်တော့
ပြန်ထွက်ဖြစ်မလဲဆိုတာကိုပါ။ သင်္ဘောက မုန်တိုင်းလျော့မှ
ပြန်ထွက်မယ်ဆိုလေတော့ ဘယ်ရက်ဆိုတာမသေချာ။ မသေချာတဲ့တူတူတော့
ကော့သောင်းမှာ တည်းခိုခန်းငှားကြမယ်ဆိုပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ တည်းခိုခန်း
ငှားကြတယ်။ မှတ်မိတယ် တည်းခိုခန်းနာမည်က ပင်ဂွင်းတဲ့။ အဲ့ဒီကို ဆိုင်ကယ် ကယ်ရီတွေနဲ့ ဒိုးကြ ပြီတော့ ဟိုရောက်တော့
အ၀တ်အစားတွေက စိုနေတာနဲ့ စောင်ပတ်ပြီး အိပ်ကျပါတော့တယ်။ နိုးတော့မှ ဆရာဝန်ဆီ ပြေးတဲ့လူကပြေး၊ ပုလင်းဇောက်ထိုးချိတ်တဲ့
လူကချိတ်၊ ကျွန်တော်ကတော့ ဟိုတယ်လည်းရောက်
အရင်ဆုံးပြေးတာက အိမ်သာ၊ သန့်သန့်ရှင်းရှင်းလေးနဲ့
ဆိုတော့ အားရပါရကို လွှတ်တော့တာ…. လွှတ်လိုက်ထဲကနေ လျှောလိုက်တာ ဆေးတွေဘာတွေသောက်နဲ့
နောက်တစ်နေ့ကျတော့ ရပ်သွားပါတယ်။ ရောက်ပြီးဆိုတော့
ဟိုတယ်ကနေထွက် ဖုန်းပြောလို့ရတဲ့နေရာ၊ ဈေးဝယ်လို့ရမယ့်နေရာ၊ စားသောက်ဆိုင်၊ ဆိုင်ကယ်ဂိတ်
စတာတွေကို လှည့်ပတ်ရှာကြရပါတယ်။
ဖြစ်ခဲ့တဲ့အချိန်တုန်းက တကယ့်ကိုစိတ်ပျက်ချင်စရာ စိတ်ကုန်စရာတွေက ခုချိန်ပြန်တွေးကြည့်တော့ ရယ်စရာဖြစ်နေမှာပေါ့နော်
ReplyDeleteဖတ်ပြီးစိတ်မကောင်းစွာနဲ့ ရယ်လိုက်ရတာဖြစ်ချင်း ...
ပထမဆုံးအကြိမ်မျက်စိလည်ပြီး ရောက်လာဖြစ်ပါတယ်...မူးတဲ့အကြောင်းဖတ်ရတော့ ပြုံးမိသေးတယ်...အလကားမူးရတယ်ဆိုပေမယ့် အဲဒီလောက်အထိ ခေါင်းမထောင်နိုင်အောင် မူးနေပြန်တော့လည်း မစားသာပြန်ဘူး...
ReplyDeleteအဟောင်းတွေ ဖတ်ကြည့်ဖို့ လင့်ခ်ယူသွားပါပြီ...
တခါတည်း 1 2 3 4ဆိုပြီးဆက်တိုက်တင်ပါလားဟယ်..
ReplyDeleteခုတော့ဖတ်ရတာဆန့်တငန့်ငန့်ရယ်..
ဖတ်လို့ကောင်းလိုက်တာ..
ReplyDeleteရယ်လဲရယ်ရ..
ဘေးကတစ်ယောက်ကိုတောင် ဖတ်ပြလိုက်သေးတယ် ဆရာဝန် သကြားလုံးတွေ ပေးတဲ့အကြောင်းလေ..
ဟားဟား ဖတ်ရင်းနဲ့ ကိုယ်ပါ မူးလာတယ်လို့ ခံစားရတယ်..
မူးတာတွေထပ်နေလို့...