စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, May 26, 2012

ကျွန်တော်နှင့် ကိုသန်းအေး


          ကိုသန်းအေး အကြောင်းမပြောခင် ဆိုက်ကားအကြောင်းအရင်ပြောမှဖြစ်မယ်။  ဆိုက်ကားဆိုတာက မောင်ဗမာ စက်ဘီးကို ဘေးက လူနှစ်ယောက်ထိုင်လို့ရအောင်တွဲချိတ်ထားတာ။  အဲ့ဒါ ခင်ဗျားပြောမှလား…. ကျုပ်တို့လည်း သိတာပဲဆိုလည်း အပြောခံရမှာပဲ။  ဒါပေမယ့် အဲဒီတွဲအကြောင်းလေး ပြောချင်လို့။  တွဲချိတ်ပေမယ့် တွဲက တူချင်မှလည်းတူတာကိုး။  ပုသိမ်က ဆိုက်ကားတွေဆို ဘေးကတွဲက ရှေ့နဲ့ နောက်နဲ့ ရေပြင်ညီအတိုင်း။  ရန်ကုန်က ဆိုက်ကားတွေကြတော့ ရှေ့လူထိုင်ခုံက ခပ်မော့မော့၊ နောက်လူထိုင်ခုံက ခပ်လျှောလျှော။  သံလျှင်က ဆိုက်ကားတွေတော့ မစီးရဲဘူး။  တွဲကပြောင်းပြန်ကြီး။  တစ်ခြားမြို့က ဆိုက်ကားတွေက ညာဖက်မှာ တွဲချိတ်ပေမယ့် သံလျှင်က ဆိုက်ကားတွေက ဘယ်ဘက်မှာချိတ်ကြတာ။  ဘေးနားက ကားတွေ ပွတ်ပွတ်သွားရင် ရင်တဖိုဖို။  အဲ့ဒီတော့ သံလျှင်ရောက်ရင် ဆိုက်ကားမစီးဘူး။ 
          ကိုသန်းအေးရဲ့ ဆိုက်ကားကတော့ ပုသိမ်က ဆိုက်ကားဆိုတော့ ပုသိမ်ထုံးစံအတိုင်း ရှေ့နောက် သိပ်အနိမ့်အမြင့်မရှိဘူးပေါ့လေ။  ကိုသန်းအေးက ဖင်ပေါ့တယ်။ အချိန်မှန်တယ်။  ဒီတော့ ရပ်ကွက်ထဲကလူတွေ တော်တော်များများက ကိုသန်းအေးဆိုက်ကားမှ ကိုသန်းအေးဆိုက်ကား။  အမေဆိုလည်း ဒီလိုပဲ။  မိုးတွင်းဖက် ဆေးခန်းထွက်ရင် ကိုသန်းအေးဆိုက်ကားကို နေ့တိုင်းစီးတယ်။  ညနေ ဆေးခန်းကိုပို့၊  ဆေးခန်းပိတ်ချိန် ကိုသန်းအေးက သွားကြို။  အဲတစ်ခါတစ်လေတော့ အိမ်က မဲတူကြီးက လိုက်လိုက်သွားတတ်တယ်။  ဒီကောင်က အမေ စက်ဘီးနဲ့ ဆေးခန်းသွားမှမဟုတ်ဘူး၊ ဆိုက်ကားနဲ့သွားလည်း ဆေးခန်းကို ဘေးနားကနေ တစ်ကောက်ကောက်လိုက်တတ်သေးတယ်။  ကိုသန်းအေးဆိုက်ကားက သူများဆိုက်ကားတွေလို ပြောင်ပြောင်လက်လက်ရှိလှတယ်မဟုတ်ပါဘူး။  ဒါပေမယ့် ထိုင်ခုံက နှစ်ချို့နေပြီဆိုတော့ ထိုင်လို့တော်တော်ကောင်းတယ်။ 
          ကိုသန်းအေးက ခပ်ပိန်ပိန်ရယ်။  ပိန်ပေမယ့် လျှော့မတွက်နဲ့ဆရာ ခပ်၀၀ နှစ်ယောက်လောက်ကတော့ သူက အသာလေးရယ်။  ကုန်းတက်တွေဘာတွေ တစ်ခါတစ်လေ ဆင်းတောင်တွန်းတာမဟုတ်ဘူး၊  ခြေနင်းတံကို ကချလောက်၊ ကချလောက်နဲ့ ဆိုက်ကားက ကုန်းပေါ်ရောက်သွားရော။  အဲ့ဒီလို ဆိုက်ကားနင်းက ကျွမ်းကျင်တာ။  ဆိုက်ကားနင်း ကျွမ်းကျင်ဆိုလို့မှတ်မိသေးတယ်။  အဝေရာက ဆရာဦးသိန်းဝင်းနဲ့ လောင်းကြေးထပ်တာလေးကို။  အဝေရာဆိုတာက “မောမော.. မောမော.. မောလို့ရယ်… အဝေရာကိုသာ သုံးပါကွယ်” ဆိုပြီး ခိုင်သင်းကြည်နဲ့ ရန်အောင် ကြော်ငြာတဲ့ အဝေရာ တိုင်းရင်းဆေး။  သူတို့အိမ်က ကျွန်တော့်အိမ်နဲ့ မျက်စောင်းထိုး။  ဆရာဦးသိန်းဝင်းက လေးမျက်နှာသား၊ မော့စ်တို့၊ မိုးဒီတို့နဲ့ သူငယ်ချင်း။  ရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ အပြင်မှာ နီးနီးကပ်ကပ်မြင်ဖူးပြီး စကားပြောဖူးတာဆိုလို့ မော့စ် တစ်ယောက်ပဲရှိတယ်၊ ပြောတယ်ဆိုတာက သူကပြောတာကို ၀ိုင်းနားထောင်တာပါ၊ ကိုက ဘာမှပြောဖူးတာမဟုတ်ဘူး၊ အဲ့ဒီတုန်းက ၅တန်း၊ ၆ တန်း ကျောင်းသားအရွယ်ရှိသေးတာ။  သူတို့က ပုသိမ်လာရင် အဝေရာအိမ်မှာပဲ တည်းတာကိုး။  ပြောရင်းနဲ့ ချော်ထွက်ကုန်ပြီ။  အဲ လောင်းကြေးထပ်ပုံကဒီလို…  အဝေရာအိမ်ရှေ့မှာက လမ်းထဲက ကျွန်တော်တို့ ရပ်ကွက်က ဆိုက်ကားဂိတ်ထိုးတာ။  ကိုသန်းအေးနဲ့ ဦးသိန်းဝင်းနဲ့ တစ်နေ့ စကားပြောရင်းကနေ ဆိုက်ကားကို နှစ်ဘီးထဲနဲ့ ကျန်တဲ့တစ်ဘီး မြေမထိအောင် ဟိုဘက်လမ်းထိပ်ကနေ ဒီဘက် ကုန်းတံတားအပေါ်အထိ ရောက်အောင် နင်းနိုင်မလားဆိုပြီး ၅၀၀ ကြေးလောင်းကြတာ။  လောင်းတော့ ဘာပြောကောင်းမလဲ ကိုသန်းအေးလဲ ဆိုက်ကားကို လမ်းထိပ်ကနေ ကုန်းတံတား အပေါ်အထိရောက်အောင် တွဲဘေးမှာချိတ်တဲ့ ဘီးကိုလေထဲမှာ မြှောက်ပြီး တစ်စောင်းကြီး နင်းတာပေါ့။  နိုင်တယ်ကိုယ့်လူရေ… မြေကြီးကို လုံးဝမထိဘူး။  အဲ့ဒီလို ဆိုက်ကားနင်းကတော့ ကျွမ်းကျင်တာ။
          ကိုသန်းအေးက သတင်းစုံတယ်။  စုံဆို ဆိုက်ကားဆရာကိုး။  ပုသိမ်တစ်မြို့လုံး ဒီတစ်ပတ် ဘာဖြစ်နေလဲ သိချင်ရင် ဘာမှမလုပ်နဲ့၊ ကိုသန်းအေးဆိုက်ကား ကိုသာစီး။  သတင်းစုံရပြီးသား။  အဲ.. ကျွန်တော် ၁၀ တန်း အစစ်ကြီးဖြေတော့ အမေက စက်ဘီးပေးမစီးဘူး။  စက်ဘီးလဲမှာစိုးတာက တစ်ကြောင်း၊ အဓိက အချက်က စာမေးပွဲဖြေပြီးတာနဲ့ စာမေးပွဲခန်းက လစ်ပြီး ဂိမ်းဆိုင်သွားပြီး ဆော့မှာက တစ်ကြောင်း၊ ဒီနှစ်ကြောင်းနဲ့ ကိုသန်းအေးကို သေသေချာချာမှာပြီး အပ်ပါတယ်။  သို့ပေမယ့် သဘောတူညီမှု့တော့ ယူရတယ်၊  ကိုသန်းအေးဆိုက်ကားပဲ စီးမယ်၊ စာမေးပွဲပြီးရင် လစ်ပြီးပြေးဘူး၊ ဒါပေမယ့် စာမေးပွဲပြီးတာနဲ့ ဂိမ်းကို တစ်နာရီ တိတိပေးဆော့ရမယ်။  ဒီလိုသဘောတူညီချက်ရတော့မှ ကိုသန်းအေး ဆိုက်ကားကို စီးဖြစ်တယ်။  ၁၀ တန်းတုန်းက ဘာရည်ရွယ်ချက်ရှိလည်းမေးရင် ဟင့်အင်း… အင်ဂျင်နီယာတော့ ဖြစ်ချင်တယ်၊  ဒါပေမယ့် ဘာကျောင်းတက်ရမှန်းမသိဘူး။ တက်ချင်တာက YIT(YTU) လိုကျောင်းမျိုး။  အဲဒီကျောင်းတွေကလည်း ကျွန်တော် ၁၀ တန်းမတက်ခင် ပဝေသဏီကထည်းက ပိတ်သွားတော့ ၁၀ တန်း အောင်ချင်သလိုအောင်၊ ဖြေပြီးပြီရော၊ ပြီးရင် အမှတ်မှီတဲ့ ကျောင်းတက်မယ်။  ခံယူချက်က အဲဒီလိုကောင်းတာ။  ကျောင်းသားဘ၀ အမှတ်တရများထဲမှာ အဲဒါလေးကို ထည့်ရေးဖူးတယ်။ 
          ဒီလိုနဲ့ မနက်မိုးလင်းရင် ကိုသန်းအေးကလာကြိုတယ်။  ဆိုက်ကားပေါ်မှာ ကိုသန်းအေးနဲ့ လေပစ်တယ်။  ပထမနေ့တော့ ကိုသန်းအေး ဘာမှမပြောဘူး။  အင်္ဂလိပ်စာဖြေမယ့်နေ့ကျတော့ ကိုသန်းအေး ကစပြောတော့တယ်။  ဟရောင်… မင်း စာမေးပွဲသာသွားဖြေတာ စာတွေဘာတွေ ထုတ်မကျက်ပါလားဆိုတော့ သြော်.. ဦးသန်းအေးရယ် ဒီအချိန်မှ စာထုတ်ကျက်ကော ဘာရမှာတုန်း။  ပြောလက်စ စကားသာ ဆက်ပြောစမ်းဘာဆိုပြီး သူကလည်း ဆက်ပြော၊ ကျွန်တော်ကလည်း ပြောနဲ့ စာမေးပွဲဖြေကြတယ်ပေါ့။  ကိုသန်းအေးကတော့ ကျွန်တော်ထွက်လာတိုင်းမေးရှာပါတယ်။  ဖြေနိုင်လား၊  အင်းဖြေနိုင်တယ်ပေါ့။  ဂုဏ်ထူးတွေဘာတွေ ထွက်မှာလားဆိုတော့ အင်းထွက်ချင်ထွက်မှာပေါ့။  ကိုသန်းအေးကတော့ ကျွန်တော့်ကို မယုံပါဘူး။  မယုံဆို လမ်းထဲမှာ မျောက်ရှုံးအောင်ဆော့တဲ့ ကောင်တွေဆိုတော့ အင်း ဒီကောင် ကျဖို့များတယ်လို့ တွက်ထားတယ်ထင်ပါတယ်။  ဒီလိုနဲ့ စာမေးပွဲအောင်စာရင်းထွက်တော့ ကျွန်တော် အောင်တာမြင်တော့ ကျွန်တော့်အမေ ဆိုက်ကားစီးတော့ လေး ငါးခေါက်လောက်မေးပါသတဲ့။  ကျွန်တော် အောင်တာ တစ်ကယ်လားဆိုပြီးတော့။  ဘာပဲပြောပြော ကိုသန်းအေးဆိုက်ကားကို တစ်ပတ်ကျော်ကျော်စီးလိုက်ရတော့ ပုသိမ်မြို့ကြီး ဘာဖြစ်နေလည်းဆိုတာ တော်တော်သိသွားတယ်။
          ကိုသန်းအေးက ခပ်ပျော်ပျော်သမားရယ်။  နှစ်လုံး၊ သုံးလုံးကတော့ ထုံးစံအတိုင်း ဟိုစပ်စပ် ဒီစပ်စပ်။  ဟိုစပ်စပ်၊ ဒီစပ်စပ်ဆိုတော့ ထုံးစံအတိုင်း ပြတ်လတ်တာတွေရှိမှာပေါ့လေ။  သူပြတ်တာလပ်တာကို ၀င်ငွေရှာပုံကတစ်မျိုး။  ဆိုက်ကားလည်းနင်းတယ်၊ ပုသိမ်ဆေးရုံကြီးမှာ သွေးလိုရင် သွေးသွားလှူတာပါ။  အဲ့ဒီလိုလှူရင် ဘယ်၍၊ ဘယ်မျှဆိုပြီး သူတို့ချင်း အပေးအယူရှိတယ်ထင်ပါရဲ့။  ကိုသန်းအေးကတော့ ငွေလိုတိုင်း သွေးသွားသွား လှူတာပဲ။  ကိုသန်းအေး ဆုံးတော့ ဆိုက်ကားပေါ်မှာပဲ ဆုံးရှာပါတယ်။ 
          ကိုသန်းအေး ဆုံးပုံကလည်း အဆန်းသား။  တစ်ရက် မိုးတွင်းကြီး ကျွန်တော်တို့ အိမ်နားက အန်တီတစ်ယောက် ဈေးဝယ်ပြီး ပြန်တော့ ကိုသန်းအေး ဆိုက်ကားကို စီးပါတယ်။  မိုးတွေကလည်း အတော်သဲနေတာပေါ့။  ကိုသန်းအေးလည်း အန်တီကို တင်နင်းရင်းနဲ့ ကျွန်တော်တို့ လမ်းထဲကို အကွေ့နားရောက်တော့ အမရယ် ဘယ်လိုဖြစ်တယ်မသိဘူး ရုင်ဘတ်ထဲက အောင့်လိုက်တာလို့ ပြောလဲပြီး ဆိုက်ကားပေါ်ကနေ ခွေခွေလေး ကျသွားတာပါပဲ။  အိမ်နားက အန်တီလည်း ဟဲ့ သန်းအေး… ဟဲ့..သန်းအေး လို့ ခေါ်ပေမယ့် ကိုသန်းအေး ပြန်မထူးနိုင်ရှာတော့ပါဘူး။  မိုးတွေကလည်းရွာနေတော့ လမ်းသွားလမ်းလာတွေ မနည်းအကူအညီတောင်းပြီး ဆေးရုံကို ပို့ရပါတယ်။  ဆေးရုံရောက်တော့ ကိုသန်းအေးလည်း အသက်မရှိတော့ပါဘူး။  တစ်ချို့ကတော့ သွေးလှူတာများလို့လို့ ထင်ကြေးပေးကြတာပဲ။  ဘာရောဂါလဲဆိုတာကတော့ ဂဃနဏ ကျွန်တော်လည်း မသိ။  ဒီလိုနဲ့ ကိုသန်းအေး လူ့လောကထဲကနေ ထွက်ခွာသွားပါတယ်။  အဲ… ကိုသန်းအေး နောက်ဆက်တွဲကလည်း ရှိသေးတယ်။  အဲ့ဒီ အိမ်နားက အန်တီကြီး ဆိုက်ကားငှားရင် လမ်းထဲက ဘယ်ဆိုက်ကားသမားမှ မလိုက်ရဲတာ ၆ လလောက်ကြာပါသတဲ့။  ကိုသန်းအေး ဆိုက်ကားနင်းရင်းနဲ့ ဘ၀ကူးသွားတာကို မဆီမဆိုင် အဲ့ဒီ အန်တီပါလာလို့ဆိုပြီး ဆိုက်ကားသမားတွေ အဲ့ဒီ အန်တီကို တင်မနင်းရဲကြတာပါတဲ့။  အန်တီကတော့ ပြောနေပါသေးတယ်… ငါ့ကို ဆိုက်ကားဆရာတွေက ခုထိ ခပ်လန့်လန့်ရယ် တဲ့။

7 comments:

  1. နာဂ အန်တီကြီးကို ကြောက်ဖူး
    ကိုသန်းအေး နင်းတဲ့ ဆိုက်ကားစီးရမှာ ကြောက်ထှာ :D :D

    ReplyDelete
  2. ဗရာဗို !!! ဆရာ...
    အဲဒီလို အော် လေးတွေလည်းလုပ်ပါဆရာရယ်...

    ReplyDelete
  3. အန်တီကြောင့်မဟုတ်ပါဘူးနော်
    သူမှာဖြစ်ဖို့ကံပါလာပြီဆိုတော့ အန်တီကြီးမဟုတ်ပဲ တခြားလူဆိုလဲဖြစ်မှာပဲပေါ့

    ReplyDelete
  4. မြန်မာတွေအယူသန်ပုံများ

    ReplyDelete
  5. အော်..ကိုအောင်ထွတ်ရယ်
    ဖတ်ပြီးတော့ ရယ်ရမလို
    ကိုသန်းအေးသေသွားတယ်ဆိုတော့
    စိတ်မကောင်းဖြစ်ရမလို..
    ဘာလိုလိုနဲ့ဘဲ
    ဖတ်ပြီးပြန်သွားတယ်...ဒါနဲ့စကားမစပ်
    နတ်ရုပ်ပျောက်တဲ့အမှု့က
    ပြီးသွားပလား..

    ReplyDelete
  6. ကိုယ့်အဖေလည်း လပြည့်ဝန်းတည်းခိုခန်းနားက ဆိုက်ကားကို စီးလာတာ ခုထိပဲ..မကြီးနဲ့  စန်းထွန်းက ပုသိမ် ထ ၂ ကျောင်းထွက်တွေဗျ..ပုသိမ် အစားအသောက်တွေကိုတော့ လွမ်းသဗျား...

    ReplyDelete
  7. ကိုကိုမောင်(ပန်းရနံ့)May 27, 2012 at 6:32 AM

    ကိုသန်းအေးပြောတာတွေ ကိုသန်းအေး လိုက်ပို့တဲ့ နေရာတွေ အကုန် ထည့်မရေးပါလား မောင်အောင်ထွတ်။
    ကြားကောင်းမဲ့ ဂိမ်းဆိုင်တို့ နှစ်လုံး သုံးလေးတို့လောက်ဘဲ ထည့်ရေးတယ်။ ဟို.. တစ်ခုကျတော့ ထည့်မရေးဘူး။ နှာ တိဒယ်နော်....။ ဟာ ဟ။

    ReplyDelete