စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, January 13, 2012

ကမ္ဘာအ၀ှမ်းက အထူးစစ်သည်များ

          ဒီတစ်ခါတော့ ကမ္ဘာအရပ်ရပ်မှ စစ်သမီးများ သို့ အမျိုးသမီးစစ်သည်များ မဟုတ်ပါဘူး၊  ကမ္ဘာအ၀ှမ်းမှာရှိတဲ့ စွမ်းရည်ထက်မြက်တဲ့ အထူးစစ်သည်တွေ အကြောင်းပါ။

Spetsnaz

          ဒါကတော့ ရုရှားနိုင်ငံက အထူးစစ်သည် (Russia’s Special Purpose Regiments)တွေပါ။  ဒီစစ်သည်တွေရဲ့ အရည်အသွေးဟာ အမေရိကန်ရဲ့ နာမည်ကျော် ဦးထုပ်စိမ်း အထူးစစ်သည်များ (Green Berets) ရဲ့ စွမ်းရည်လိုမျိုးရှိတယ်လို့ဆိုပါတယ်။  Spetsnaz တွေအတွက်တော့ အကောင်းဆုံး၊ နာကျင်မှု့ဒဏ်ကို ခံနိုင်ရည်ရှိဖို့၊ စစ်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ဖို့ လေ့ကျင့်ဖို့ဖြစ်ပါတယ်။
          ဒီစစ်သည်တွေဟာ တစ်ဦးနဲ့တစ်ဦး ဒဏ်ရာရစေတဲ့အထိ တိုက်ခိုက်လေ့ကျင့်ကြပါတယ်။  တစ်ခါတစ်လေ သူတို့ရဲ့ နံရိုးတွေ၊ လက်တွေ၊ ကျောရိုးတွေ၊ ခြေထောက်တွေ ပါလေ့ကျင့်ရင်းနဲ့ ကျိုးကြတယ်လို့ ဆိုပါတယ်။  ဒီလိုလေ့ကျင့်မှု့ပြီးဆုံးရင်တော့ အရည်အသွေးပြည့်ဝတဲ့ Spetsnaz အထူးစစ်သားတွေဖြစ်ပါပြီတဲ့။  ဒီအထူးစစ်သည်တွေကိုတော့ မဟာဗျူဟာချမှတ်ဖို့အတွက် ရန်သူ့နယ်မြေအတွင်းဝင်ရောက်ကာ ကင်းထောက်တာတွေ၊ အနီးကပ် တိုက်ပွဲတွေ အသုံးပြုသလို၊ နိုင်ငံရဲ့ အရေးကြီး ရာထူးမြင့်မားတဲ့ နိုင်ငံရေး ပုဂ္ဂိုလ်တွေအတွက်လည်း အနီးကပ် အထူး ကိုယ်ရံတော်အဖြစ် အသုံးပြုပါသတဲ့။


French Naval Commandos

          ဒီစစ်သည်တွေကတော့ ပြင်သစ်နိုင်ငံရဲ့ အထူးရေတပ် ကွန်မန်ဒိုများပဲဖြစ်ပါတယ်။  သူတို့ကိုယ်သူတို့တော့ “berets verts” ဒါမှမဟုတ် “green berets” လို့ခေါ်တဲ့ ဦးထုပ်စိမ်း စစ်သည်များလို့ ခေါ်ကြပါတယ်။  ဒီအထူးစစ်သည်တပ်ဖွဲ့မှာတော့ အဖွဲ့ ၆ ခုနဲ့ဖွဲ့စည်းထားပါတယ်။  အဲ့ဒါတွေကတော့ Hubert, Trepel, de Montfort, de Penfentenyo, Jaubert နဲ့ Kieffer ဆိုပြီးဖြစ်ပါတယ်။  ဒီတပ်စိတ်တစ်ခုချင်းစီမှာ လုပ်ဆောင်ချက်တစ်မျိုးချင်းစီအတွက် အထူးကို လေ့ကျင့်ပေးထားပါတယ်။  ဒါတွေကတော့ ရေငုပ်တိုက်ခိုက်ခြင်း၊  ပင်လယ်ပြင်တိုက်ပွဲတွေမှာ အနီးကပ်တိုက်ခိုက်လေ့ကျင့်ခြင်း၊ ဒါးစာခံတွေ ဖမ်းဆီးထားတဲ့ လူတွေကို ၀င်ရောက်ကယ်တင်ရန်လေ့ကျင့်ခြင်း၊ အထူးစစ်ခွေးများနှင့် အတူလေ့ကျင့်ခြင်း၊  အဝေးပစ် လက်နက်များဖြင့် အထောက်အကူပေးခြင်း (စနိုက်ပါ သေနတ်လေ့ကျင့်ခန်းအပါအ၀င်)၊ ဒုံကျဉ်လောင်ချာများ ပစ်ခွင်းမှု့ လေ့ကျင့်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေပါဝင်ပါတယ်။  ဒီတပ်ဖွဲ့တွေကိုတော့ ဒုတိယကမ္ဘာစစ်အတွင်းက ရေတပ်အရာရှိ Jacques-Yves Cousteau က စတင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

MARCOS

          ဒါကတော့ အမေရိကန်ရဲ့ အထူးရေတပ်ရဲစစ်သည်တွေဖြစ်ပါတယ်။ လောလောဆယ်အထိကတော့ အမျိုးသားများကိုသာ လက်ခံပါတယ်။  ဒီတပ်ဖွဲ့ရဲ့ အထိက ရည်ရွယ်ချက်ကတော့ အခြားသောနိုင်ငံတွေမှာ ဒါးစာခံတွေ၊ ဖမ်းဆီးခံရသူတွေကို ကယ်တင်ဖို့၊ တိုက်ရိုက် တိုက်ခိုက်ဖို့ နဲ့ ခံစစ်အတွက် အကူအညီပေးဖို့အတွက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
          ဒီတပ်ဖွဲ့တွေကိုတော့ အဆင့် ၄ ဆင့်နဲ့ လေ့ကျင့်ပေးပါတယ်။  တစ်ဆင့်ထက် တစ်ဆင့်က ပိုမို ပြင်းထန်တဲ့ လေ့ကျင့်မှု့တွေ ပါဝင်ပါတယ်။  ဒီစစ်သည်တွေဟာ မီးကို ကျောက်ခတ်ပြီးမွှေးတတ်ရသလို၊ မှန်ကနေတစ်ဆင့်လည်း မီးကို မွှေးနိုင်ရပါတယ်။  ဒီအပြင် ရေခဲတွေသာရှိတဲ့ နေရာတွေမှာလည်း မီးကို ရေခဲကနေတစ်ဆင့် မီးဖြစ်လာအောင် မွှေးရပါတယ်။  ဒါကတော့ သူတို့ တာဝန်ကျတဲ့နေရာမှာ ရပ်တည်နိုင်အောင် လေ့ကျင့်ပေးတာပါ။  ရေခဲကနေမီးမွှေးတယ်ဆိုတာကတော့ ရေခဲတုံးကို လက်ရဲ့ အပူချိန်နဲ့ မှန်ဘီးလူးပုံစံပေါ်လာအောင် ပြုလုပ်ပြီး အဲ့ဒီကမှ တစ်ဆင့် နေရောင်ခြည်ကို အသုံးပြုပြီး မီးမွှေးတာပါ။
          ဒါပေမယ့် စစ်ပွဲတစ်ကယ်ထွက်ရင်တော့ မီးခြစ်ယူသွားမှာပါ။  ဒီအဆင့်ပြီးရင်တော့ ခန္ဓာကိုယ်ကြံခိုင်ရေးလေ့ကျင့်ခန်းတွေ လေ့ကျင့်ရပါတယ်။  တစ်ဦးချင်းစီ လက်နက်မဲ့ သတ်ပုတ်တိုက်ခိုက်မှု့များ၊ ဂျီကွမ်ဒို၊ ၀င်ချန်၊ ကရာတေး၊ ဂျူဂျစ်ဆု ကအစ ပန်ကရာရှင်းစတဲ့ ကိုယ်ခံပညာရပ်တွေကိုပါ သင်ကြားလေ့ကျင့်ရပါတယ်။  ဒါပြီးရင်တော့ လက်နက်နဲ့ တိုက်ခိုက်မှု့ ပညာရပ်ဖြစ်တဲ့ ဖိလစ်ပိုင်ရိုးရာ ဆာယော့ ကာလီလို့ခေါ်တဲ့ ဒါးသိုင်းကိုလည်း လေ့ကျင့်ရပါသတဲ့။ ဒါတွေဟာ ပထမအဆင့်ပဲ ရှိပါသေးတယ်။
          ဒုတိယအဆင့်မှာတော့ အပစ်အခတ် လေ့ကျင့်မှု့တွေ၊ အဆောက်အဦးတွေကို မိုင်းထောင် ဗုံးခွဲတဲ့ ပညာရပ်တွေ၊  ဒါးစာခံကယ်တဲ့ လေ့ကျင့်ခန်းတွေ စတာတွေကို လေ့ကျင့်ရပါတယ်။  တတိယအဆင့်ကတော့ ဒုတိယအဆင့်နဲ့ ပုံစံတူပေမယ့် ခေတ်မီ ရေဒီယိုနဲ့ ဂြိုလ်တုမှ အချက်အလက်တွေကို ရယူပေါင်းစပ်ပြီး လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။  အဆင့်လေးကတော့ သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေအတွက် လေ့ကျင့်တာဖြစ်ပါတယ်။  ဒီအဆင့်မှာတော့ စစ်သည်တွေဟာ သူတို့ရဲ့ အစွမ်းအစတွေကို ပေါင်းစပ် အသုံးချရပါသတဲ့။

MI-6

          ဒါကတော့ အင်္ဂလန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဋ္ဌာနစိတ် နံပါတ် ၆ပါ။  ဒီအဖွဲ့ဝင်တွေဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကောင်တွေလိုပါပဲ။  ဒီအဖွဲ့ဝင်တွေဟာ MI-5 ဋ္ဌာနနဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်ရပါတယ်။  MI-5 ဆိုတာကတော့ စပိုင် ဋ္ဌာနကြီးပါ။  သူဟာ သူလျှို ထောက်လှမ်းရေးနဲ့ တန်ပြန် သူလျှိုထောက်လှမ်းရေးတွေကို လုပ်ဆောင်နေတဲ့ ဋ္ဌာနကြီးပါ။
          MI-6 ဟာ သူတို့ရဲ့ အထူး အေးဂျင့်တွေဖြစ်တဲ့ MI-5 က လူတွေကို ကမ္ဘာအ၀ှမ်းကို စေလွှတ်ထားပြီးတော့ နိုင်ငံတကာမှာ ဖြစ်ပွားလာနိုင်တဲ့ လျှို့ဝှက် လုပ်ငန်းတွေကို ထောက်လှမ်းစေပြီးတော့ အန္တရာယ်ဖြစ်ပွားစေလောက်တဲ့ အခြေအနေမရောက်ခင်မှာ နှိမ်နင်းနိုင်စေရန် ရည်ရွယ်ပါတယ်။  ဒီ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကြီးရဲ့ ရုံးချုပ်ကတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က Vauxhall Cross မှာရှိပါတယ်။  ဒါပေမယ့် အဲ့ဒီမှာတော့ သင်ထင်သလို ဂျိမ်းစ်ဘွန်းကြီးတွေကိုတော့ တွေ့ဖို့ သိပ်မမျှော်လင့်ပါနဲ့။  သူတို့ရဲ့ တာဝန်တွေနဲ့ လုပ်ငန်းစဉ်တွေက အတော်လေး ပျင်းဖို့ကောင်းပါသတဲ့။
          သို့ပေမယ့်လည်း သူတို့ဆီမှာတော့ ဂျိမ်းစ်ဘွန်းကားထဲက “Q”လိုမျိုး အေးဂျင့်တွေလည်းရှိပါတယ်။  ဒီအေးဂျင့်တွေကတော့ အထူးလက်နက်ဆန်းတွေကို လျှို့ဝှက်ထောက်လှမ်းရေးအစီအစဉ်တွေမှာ ထည့်သွင်းတပ်ဆင်ပေးပါတယ်။  MI-6 မှာလည်း ရုပ်ရှင်ထဲကလို သေနတ်ပစ် လေ့ကျင့်ရေးကွင်းတွေ၊ ကိုယ်ခံပညာလေ့ကျင့်လို့ရတဲ့ ဒိုဂျိုတွေ၊ ခန္ဓာကိုယ်ကြံခိုင်ရေး အတွက် ၀ိတ်မတဲ့ ရုံတွေ ရှိပါတယ်။

U.S Army Rangers

          အခြေခံ စစ်ရေးသင်တန်းပြီးရင်တော့ စစ်သည်တွေကို 75th Ranger Regiment လို့ခေါ်တဲ့ အဖွဲ့အစည်းကလေ့ကျင့်ပေးပါတယ်။  အဲ့ဒီမှာတော့ HALO လေထီးခုန် လေ့ကျင်ခန်း၊ SERE, ဘာသာစကားသင်တန်း၊ အထူး တိုက်ခိုက်ရေး စစ်ပညာတွေ၊ တောင်ပေါ်ဒေသတွေမှာ တိုက်ခိုက်မှု့ လေ့ကျင့်ခန်း၊ ရေထဲမှာ တိုက်ခိုက်မှု့လေ့ကျင့်ခန်း တွေနဲ့ လက်နက်မျိုးစုံ ကိုင်တွယ်အသုံးချနိုင်မှု့သင်တန်းကိုပါ ထပ်မံပို့ချပါတယ်။
          အဲ့ဒီလို ၉ ပတ်စာ လေ့ကျင့်မှု့ပြီးမြောက်တဲ့ အချိန်မှာတော့ Advanced Individual Training လို့ခေါ်တဲ့ အဆင့်မြင့် တစ်ဦးချင်းစီအတွက် သင်တန်းပေးပါတယ်။  အဲ့ဒီမှာတော့ ကြိုက်နှစ်သက်ရာအထူးပြုတစ်ခုကို ရွေးချယ်ပြီး ရွေးချယ်တဲ့ အထူးပြုနယ်ပယ်ကို အဆင့်မြင့် ပညာသင်ပေးတာပါ။  အဲ့ဒါပြီးရင်တော့ Army Airborne School လို့ခေါ်တဲ့ ဝေဟင် ရွှေ့လျှားစစ်ဆင်ရေး ကျောင်းမှာ စာရင်းပေးသွင်းပြီးတော့ သင်တန်းပို့ချပြန်ပါတယ်။  ပြီးရင်တော့ သက်ဆိုင်ရာနေရာတွေကို ပို့ပြီးတော့ လေ့ကျင့်စေပါတယ်။

U.S Army Green Berets

          ဒါကတော့ သူတို့ရဲ့ နာမည်ပြောင်တစ်ခုပါ။  တကယ်တမ်းတော့ ဒီ အထူးစစ်သည်တွေကို အမေရိကန် အထူး စစ်သည်တွေလို့ခေါ်ပါတယ်။  အခြားသောနိုင်ငံတွေမှာလည်း အဲ့ဒီလို အထူးစစ်သည်တွေဟာ သက္ကလပ်ဦးထုပ်အပြား အစိမ်းရောင်ကို ဆောင်လေ့ရှိပါတယ်။
          ဒီဦးထုပ်စိမ်း အထူးစစ်သည်တွေကိုတော့ အထူးသဖြင့် အင်အားကြီးမားတဲ့ တစ်ဖက်ရန်သူတွေရဲ့ စစ်တပ်ထဲကို ၀င်ရောက်ပြီး ရန်သူတွေကို တိုက်ခိုက်စေတဲ့ ဗျူဟာတွေမှာ အသုံးချကြပါတယ်။  ကျွန်တော်တို့ ကလေးဘ၀ကထည်းက စွဲလမ်းကြိုက်နှစ်သက်တဲ့ ရမ်ဘို လိုမျိုး စစ်သည်တွေပါ။  ဒီစစ်သည်တွေကို တောင်ဗီယက်နမ်စစ်ပွဲ၊ အီရတ် နဲ့ အာဖဂန်နစ္စတန်၊ အခြားသော စစ်ပွဲတွေမှာလည်း အသုံးပြုခဲ့ကြပါတယ်။
          ဒီစစ်သည်တွေဟာ အင်အားကြီးမားလှတဲ့ စစ်တပ်ထဲကို တိတ်ဆိတ်စွာ ၀င်ရောက်ပြီးတော့ ရန်သူအင်အားချိနဲ့စေအောင် ရန်သူ့စစ်တပ်ရဲ့ အရေးပါတဲ့ ဗျူဟာချမှတ်နေတဲ့ ခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းရပါတယ်။  ဒီအခါမျိုးမှာတော့ စနိုက်ပါ လို့ခေါ်တဲ့ လက်ဖြောင့်သေနတ်တွေနဲ့ရော၊ ဒါမှမဟုတ် လည်မျိုကို လှီးဖြတ်တဲ့ နည်းလမ်းတွေပါ အသုံးပြုကြရပါတယ်။
          ဒီအတွက် စစ်သည်တွေဟာ ပြင်းထန်စွာလေ့ကျင့်ကြရပါတယ်။  စစ်သည်ရွေးချယ်ရာမှာလည်း အချက် ၁၂ ချက်ကို မူတည်ပြီးမှ ရွေးချယ်တာပါ။  အဲ့ဒါတွေကတော့ လိမ်မာ ပါးနပ်မှု့၊ စိတ်အင်အားကောင်းမှု့(စိတ်ဓာတ်တက်ကြွလာအောင် လှုံ့ဆော်နိုင်မှု့)၊ အမှန်တရားကို မြတ်နိုးမှု့၊ ရင့်ကျက်မှု့၊ တာဝန်ယူစိတ်(အမိန့်ကို ကျေပွန်စိတ်)ရှိမှု့၊ တည်ငြိမ်မှု့၊ အမှန်အမှားဆုံးဖြတ်နိုင်မှု့၊ ဆုံးဖြတ်ချက်ချနိုင်မှု့၊ အသင်းအဖွဲ့နှင့်အတူ လှုပ်ရှားလုပ်ကိုင်နိုင်မှု့၊ သြဇာလွှမ်းမိုးနိုင်မှု့၊ နှင့် ဆက်သွယ်ပြောဆိုနိုင်မှု့ ကောင်းမွန်ခြင်း စတဲ့အချက်တွေကို မူတည်ပြီး ရွေးချယ်ခြင်းဖြစ်ပါတယ်။  များသောအားဖြင့် ၄၀%နှုန်းသော လျှောက်ထားသူတွေဟာ တပ်မတော်ရဲ့ ရွေးချယ်ခြင်းခံရတယ်လို့ဆိုပါတယ်။
          ဒီလို ရွေးချယ်ခံရတဲ့ စစ်သည်တွေဟာ ပြင်းထန်လှတဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်ကြရပါတယ်။  လေးလံလှတဲ့ ကျောပိုးအိတ်တွေလွယ်ရသလို၊ ဆိုးဝါးလှတဲ့ မြေအနေအထားတွေမှာ ကြက်အရှင်တစ်ကောင်ရယ် ဒါးတစ်လက်ရယ်ပေးပြီး မိုင်ပေါင်း ၄၀ ကျော်အကွာအဝေးကို နေ့၊ည မနားသွားရပါတယ်။  အကယ်၍သာ စစ်သည်ဟာ မီးမွှေးတတ်မှသာ ကြက်သားကို ချက်ဟားလို့ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဆိုပါ ခရီးကြမ်း သင်တမ်းမှာ မီးခြစ်မပေးလိုက်လို့ပါ။  သူ့မှာ သံလိုက်အိမ်မြှောင်နဲ့၊ အရင် သင်တန်းတက်တုန်းက လက်နဲ့ဆွဲထားတဲ့ မြေပုံလေးတော့ သယ်ယူခွင့်ရှိပါသတဲ့။

The Delta Force

          ဒီ စစ်သည်တွေကတော့ အမေရိကန်ရဲ့ တစ်ခုထည်းသော အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ကတော့ အဓိကအားဖြင့် အကြမ်းဖက်သူတွေဆီက ဓါးစာခံ ကယ်ဆယ်ရေး၊ ပုန်ကန်မှု့တွေကို နှိမ်နင်းရေးနဲ့ အထွေထွေ အကြမ်းဖက်မှု့တွေကို နှိမ်နင်းဖို့ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ နာမည် အပြည့်အစုံကတော့ 1st Special Forces Operational Detachment – Delta (အထူးနံပါတ် ၁ စစ်ဆင်ရေး အဖွဲ့ - ဒဲလ်တာ) ဖြစ်ပါတယ်။  ဒီအဖွဲ့ကို စီမံကွပ်ကဲတာကတော့ စစ်တပ်ကဖြစ်ပါတယ်။  ဒီအဖွဲ့ကို ၀င်ရောက်သူတွေဟာ ကိုယ်ခန္ဓာကြံခိုင်မှု့စစ်ဆေးတာတွေကို အောင်မြင်မှ ၀င်ခွင့်ရမှာပါ။  ဒီအထဲမှတော့ အိပ်၊ထ၊မ တင်လို့ခေါ်တဲံ (situps)၊ ဒိုက်ထိုးတာ၊ ၃ မိုင်ပြေးခြင်း စတဲ့လေ့ကျင့်ခန်းတွေကို အချိန်မရွေး လုပ်ခိုင်းတတ်ပါတယ်တဲ့။
          ဒီအပြင် ညတိုင်း ၃၅ ပေါင်လေးတဲ့ အိတ်ကြီးကိုလွယ်၊ သံလိုက်အိမ်မြှောင်လေးတစ်ခုပေးပြီးတော့ ၁၈ မိုင် တောင်တက်ခရီးကြမ်းကြီးကို လေ့ကျင့်ရပါတယ်။  နောက်ဆုံးအဆင့်မှာတော့ ၄၅ပေါင်လေးတဲ့ ကျောပိုးအိတ်ကိုလွယ်ပြီးတော့ မိုင် ၄၀ ခရီးကြမ်းကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် ဖြတ်သန်းရပါတယ်။
          အဲ့ဒါတွေပြီးရင်တော့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု့တွေ ပြုလုပ်ပါတယ်။  အဲ့ဒီမှာတော့ ဝေခွဲမရနိုင်အောင် ခက်ခဲတဲ့ မေးခွန်းတွေမေးပြီးတော့ စိတ်ပိုင်းဆိုင်ရာ ကြံခိုင်မှု့ကို စစ်ဆေးပါတယ်။  ဒါတွေ အောင်မြင်သွားပြီဆိုရင်တော့ Delta Force လေ့ကျင့်ရေးသင်တန်းကို ၆လ ကြာ တက်ရပါတယ်။  အဲ့ဒီမှာတော့ စစ်လက်နက်၊ လက်နက်ကြီး ပစ်ခတ်မှု့တွေ၊  ကိုယ်ခံပညာပိုင်းဆိုင်ရာ အထူး သင်ကြားပို့ချမှု့တွေကို သင်ယူရပါတယ်။

Shayetet 13

          ဒါကတော့ အစ္စရေးက အထူးတပ်သားတွေဖြစ်ပါတယ်။  ဒီအဖွဲ့ဟာ အစ္စရေးမှာရှိတဲ့ အကောင်းဆုံးသော အထူးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။  ဒီတပ်ဖွဲ့တွေကိုတော့ အထူးသဖြင့် ဒါးစာခံ ကယ်ဆယ်ရေး နဲ့ အကြမ်းဖက်မှု့ နှိမ်နင်းရေးမှာ အသုံးပြုကြပါတယ်။  သူတို့ဟာ တစ်ပတ်ကို ၂၄ နာရီ အသင့်ရှိနေရပြီး အချိန်မရွေး အခြားသောနိုင်ငံသို့ သွားရောက်ကာ ဗျူဟာမြောက် စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်နှိမ်နင်းရေးတွေ ပြုလုပ်ရပါတယ်။  ဒီစစ်သည်တွေဟာ အလွန်လျှို့ဝှက်စွာ နေထိုင်တတ်ကြပေမယ့် ဒီအဖွဲ့အကြောင်းကတော့ လူသိများလှပါတယ်။  ထင်ရှားတဲ့ သာဓကတစ်ခုကတော့ Operation Spring of Youth လို့ခေါ်တဲ့ လူငယ်တွေရဲ့ ဆောင်းဦး စစ်ဆင်ရေး ဖြစ်ပါတယ်။  အဲ့ဒီ စစ်ဆင်ရေးမှာတော့ ဒီတပ်ဖွဲ့တွေဟာ လက်ဘနွန်ကိုသွားပြီးတော့ Black September မှာပါဝင်တဲ့လူတွေကို သတ်ဖြတ်ခဲ့တာပါ။  ဒါဟာ ၁၉၇၂ ခုနှစ်တုန်းက မြူးနစ်မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု့အတွက် လက်စားခြေတာပါ။
          ဒီစစ်သည်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှု့အပြင် အထူးသင်ကြားရတဲ့ ကိုယ်ခံပညာရပ်ကတော့ Krav Maga (ကာ့ဗ် မာဂါ) လို့ခေါ်တဲ့ အစ္စရေးရိုးရာ ကိုယ်ခံပညာရပ်ဖြစ်ပါတယ်။  ဒီကိုယ်ခံပညာရပ်ကတော့ သတ်ဖြတ်နိုင်ဖို့ကို ဦးစားပေးပါသတဲ့။

Navy SEALs

          ကျွန်တော်တို့ ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ ကမ်းတက်စစ်သားတွေပါ။  ရုပ်ရှင်ထဲမှာတော့ အများကြီးလို့ထင်ရပါတယ်။  ဒါပေမယ့် အပြင်မှာတော့ စစ်သည် ၂၀၀၀ သာရှိပါတယ်။  အဆိုပါစစ်သည် တွေဟာလည်း အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး တိုက်ခိုက်မှု့စွမ်းရည် အပြည့်ဝဆုံး စစ်သည်တွေဖြစ်ပါတယ်။  သူတို့ကို အခြားသော အမေရိကန်ရဲ့ အထူးစစ်သည်တွေကို လေ့ကျင့်သလို လေ့ကျင့်ပေးပေမယ့် စွမ်းရည်ပိုမိုမြင့်မားအောင် ထပ်မံလေ့ကျင့်ပေးတယ်လို့ဆိုပါတယ်။
          SEAL တစ်ယောက်ဖြစ်ဖို့ တစ်နှစ်ကျော်ကြာ လေ့ကျင့်ရပါတယ်။  SEAL တစ်ယောက်ဟာ အသက် ၁၇ နှစ်ကနေ ၂၈နှစ်ကြားရှိရမှာဖြစ်ပြီး အမြင်အာရုံလည်း ကောင်းမွန်ရမှာဖြစ်ပါတယ်။  ဒါအပြင် မီတာ ၄၆၀ အကွာအဝေးကို စစ်ဝတ်အကျီနဲ့ဖြစ်စေ ပုံမှန်ဖြစ်စေ ကူးနိုင်ရသလို၊ အိပ်၊ထ၊မတင် လေ့ကျင့်ခန်းကိုလည်း ၂ မိနစ်အတွင်း အနည်းဆုံး ၄၂ကြိမ်လုပ်ဆောင်နိုင်ရပါမယ်။  ဒီထက်ပိုလုပ်နိုင်ရင်လည်း ၇၉ ကြိမ်အထိ ရည်တွက်ပါတယ်။  နောက်ပြီးတော့ ၂ မိနစ်အတွင်း ဖားခုန်၊ ထိုင်ထ အကြိမ် ၅၀ အများဆုံး၇၉ကြိမ်ကျော်၊ဒါ့အပြင် တန်းဆွဲ (dead hang) ကို အကြိမ် အနည်းဆုံး ၆ ကြိမ် အများဆုံး ၁၁ ကြိမ်ကျော်) ပြုလုပ်နိုင်ရပါတယ်။  ၁ မိုင်ခွဲအကွာအဝေးကို စစ်ဖိနပ်၊ ဘောင်းဘီ အပြည်အစုံနဲ့ ၁၁မိနစ်ခွဲအတွင်းပြေးနိုင်ရပါမတဲ့။
          အဲ့ဒီ အဆင့်အောင်မြင်သွားရင်တော့ လေ့ကျင့်ရေးအတွက် ၀င်ခွင့်ရပါပြီ။  အဲ့ဒီမှာတော့ ခန္ဓာကိုယ်ကြံခိုင်ရေးလေ့ကျင့်ခန်းတွေ၊ ရေငုပ်၊ စစ်မြေပြင် တိုက်ခိုက်ရေး စတာတွေကို ၂၄ ပတ်ကြာ လေ့ကျင့်ရပါတယ်။  နောက်ပြီးတော့ နောက်ထပ် ၂၆ ပတ်မှာ SEAL အရည်အချင်းပြည့်မှီမှု့ သင်တန်းထပ်မံတက်ကြရပါတယ်။  အဲ့ဒီမှာတော့ လက်ဖြောင့်သေနတ်ပစ်တာကနေ ဘာသာစကားသင်တန်းအထိပါပါတယ်၊ နောက် ကြိုးခို၊ကြိုးတက်ခြင်းတွေ၊ ရေငုပ်၊ ခုန်ပျံကျော်လွှား၊ လျှို့ဝှက်စွာ ၀င်ရောက်ထိုးဖောက်မှု့၊  ရုတ်ချည်း ၀င်ရောက်ထိုးဖောက်မှု့ စတဲ့ လေ့ကျင့်ခန်းတွေကို လေ့ကျင့်ရပါတယ်။

British SAS

          အင်္ဂလန်ရဲ့ လေတပ်အထူးစစ်သည် (Special Air Service) တွေကတော့ အမေရိကန်ရဲ့ SEALs တွေလိုပဲ လေ့ကျင့်ရတဲ့အပြင်ကို MI-5 နဲ့ MI-6 ကနေပြီးတော့ သူလျှိုသင်တန်းတွေပါ ထပ်မံသင်ကြားပေးထားပါသတဲ့။  ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက်ကတော့ SEALs တွေနည်းတူ လေ့ကျင့်ပေးထားပြီး ဒီအဖွဲ့နှစ်ခုဟာ (အီရတ်နဲ့ အာဖဂန်)လိုမျိုး စစ်မြေပြင်တွေမှာ လိုအပ်လာရင် အတူတစ်ကွ ပူးပေါင်း စစ်ဆင်ကြပါတယ်။
          ဒီစစ်သည်တွေလည်း သက္ကလပ်ဦးထုပ်ပြားတွေကို ဆောင်းလေ့ရှိကြပြီး U.S Army Rangers, SAS နဲ့ SEALs တွေဟာ ဓားသိုင်းပညာရပ်ကို အထူးလေ့လာ လေ့ကျင့်ကြရတယ်လို့ဆိုပါတယ်။  အဲ့ဒီဒါးသိုင်းတွေထဲမှာ အန္ဒိယ ဓားသိုင်းတွေဖြစ်တဲ့ ဆာယော့ ကာလီလိုမျိုး၊ ကာ့ဗ် မာဂါ၊ ဂျီကွန်ဒို စတာတွေကို သုံးနှစ်ကျော်လေ့ကျင့် ကြရပါတယ်။  

Source : (Link

6 comments:

  1. ဟန်ကြည်January 13, 2012 at 3:08 PM

    ဒီပို့စ်လေး ကြိုက်သဗျာ...အဲဒီ ယောက်ျားဘသား စစ်သားကြီးတွေကို ချီးလည်းချီးကျူး လေးလည်းလေးစားပါရဲ့...လူသာမန်တွေ မလုပ်နိုင်တဲ့ လုပ်ရပ်တွေ၊ လေ့ကျင့်ခန်းတွေနဲ့ အသက်ကိုပဓာနမထားဘဲ စွန့်စားရတဲ့ တာဝန်တွေကို နောက်မတွန့်စတမ်း ထမ်းဆောင်ကြတာ တကယ့်ကို လေးစားအားကျပါရဲ့...

    လေ့ကျင့်ခန်းယူဖို့ ပျင်းနေတဲ့ ကိုယ့်ကိုယ်ကို မောင်းတင်ဖို့အတွက် ဒီိပို့စ်ကို ကော်ပီကူးယူသွားလိုက်တယ်...သတိရတိုင်း ပြန်ဖတ်ပြီးကိုယ့်ကိုယ်ကို သတိပေးရအောင်လို့...

    ReplyDelete
  2. တော်ရုံစိတ်ဓာတ်နဲ့ လုပ်နိုင်မယ်မထင်ဘူး မောင်အောင်ထွဋ်ရေ။
    တကယ့်ကို စိတ်ဓာတ်ရေးရာမှာ ခိုင်မာပြီး ရည်ရွယ်ချက်
    ကြီးမားသူတွေဖြစ်ပုံရတယ်။ ထူးထူးခြားခြားဗဟုသုတလေးအတွက်
    ကျေးဇူးပါနော်။ ဦးဟန်ကြည်တော့ ကော်ပီယူသွားပုံထောက်
    တကယ်ကြီးလေ့ကျင့်တော့မယ်ထင်ပါ့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. တလုပ်ပြည်ကြီးက ကိုယ်ဖော့သိုင်းပညာရှင်တွေရော ဘယ်နားထားခဲ့တုန်း။ :P

    D တစ်ခါ သရဲပိုစ့်ရေးရင် အေအိတ်ခ်ျ နာမည် ယူသုံးပြီး ဇတ်လမ်းကို အရှည်ဆုံး ရေးပေးမယ်။ ပေါင်ဒါလည်း ဖို့ ပေးမယ့်။ ကျေနပ်နော်.... :P :P :P

    ReplyDelete
  4. The Delta Force အဲတာရုပ်ရှင်ရှိတယ်လေ အရမ်းကောင်းတာပဲ
    ဒါဆို အဲတာတွေအပြင်မှာတစ်ကယ်ပေါ့နော်

    ReplyDelete
  5. ကိုကိုမောင်(ပန်းရနံ့)January 14, 2012 at 3:56 AM

    နဲနဲ နောက်ကျသွားတယ်။ အဲဒီတပ်ထဲ ၀င်ပြီး လေ့ကျင့်ချင်လိုက်တာ။
    အင်းးးး
    ဒီနေ့ လေ့ကျင့် မနက်ဖန် အိပ်ရာကတောင် ထနိုင်မဲ့ပုံ မပေါ်။း)

    ReplyDelete
  6. ကြည့်ရတာ အားရဖို့ ကောင်းလိုက်တာ
    ဒါပေမဲ့ ပင်ပန်းလွန်းလှတယ်နော်
    သူတို့လို လူတစ်ယောက်ဖြစ်လာဖို့ ဆိုတာ တကယ်ကို မလွယ်ပါလားနော်။
    တော်ရုံအရည်အချင်းနဲ့လည်း ရမယ်မထင်ဘူး။.

    ReplyDelete