သမီးလေး ဆိုပြီး ပိုစ့်တစ်ခုရေးဖြစ်သည်။ ငါ့သမီးလေး တော်လိုက်တာနော်…. ဆိုပြီးတော့မှ အခုမှ
ယောက်မ မြင်းစီးပြီးထွက်လာသည်ဟု ပြောလျှင်ခံရမည်။
မတတ်နိုင်။ သမီးလေး ဆိုသည်မှာ ကျွန်တော့်
လက်ရှိဆောက်နေသော သင်္ဘောကို ရည်ညွှန်းခြင်းသာ။
ဒီသင်္ဘောကိုဆောက်ဖို့ရွေးတော့ သင်္ဘောကျင်းတွေ အများကြီးလျှောက်ရွေးကြသည်။ Keppel’၊ Damen၊ Samsaung စသည်ဖြင့်။ နောက်ဆုံးတော့ Samsaung နှင့် တည့်သည်။ ကိုရီးယားမှာဆောက်ဖို့ညွှန်းတဲ့ ကျင်းက သိပ်မကောင်းလှ၊
ထို့ကြောင့်ပင် ခု တရုတ်မှာရှိတဲ့ ကျင်းသို့ရောက်လာသည်။ ကောင်းသည်။
Infrastructure တွေအားလုံးကောင်းသည်။
Block Sub-assembly တွေအားလုံးကို work shop ရုံကြီးတွေထဲမှာ၊ overhead
crane တွေမှ အများကြီး၊ facility မှ အပြည့်။
Block sub-assembly ပြီးလို့ Painting & Blasting လုပ်ရင်လည်း Blasting
ရုံကြီးတွေမှ အများကြီး၊ မိုးရွာရွာ၊ နေပူပူ ဘာမှ ပူစရာမလို၊ မုန်တိုင်းတိုက်နေတုန်းပင်
Blasting အလုပ်မပျက်။ Humidity ထိန်းပေးသည့်
စက်တွေလည်းရှိသည်။ Blasting ပြီးလျှင်
Painting ရုံထဲကို Block ကို ရွှေ့သွားရုံသာဖြစ်သည်။ အားလုံးကောင်းသည်၊ တစ်ခုပဲလိုသည်…
တစ်ခုပဲ မကောင်း။ မကောင်းသည်မှာ လူဖြစ်သည်။
Organization ဟု စာရွက်ပေါ်တွင် သိပ်ကြည့်လို့ကောင်းသည့်
လူများ အစီအရီ တန်းစီထားသည်။ Block Stage တုန်းက
သင်္ဘောတွေကို ပေါင်မုန့်လှီးထားသလို အပိုင်းလိုက် သူ့ trade နှင့် သူ့လူနှင့်သူ ဆောက်သည်။ ပိုက်တွေကို Work Shop ထဲမှာ Spool Pieces တွေထုတ်သည်။ အားလုံးဟုတ်သည်။ အခု Block erection stage ရောက်လာတော့ Trade တွေအားလုံးရောကုန်ပြီဖြစ်သည်။ နေရာတစ်ခုထဲမှာ Block နှစ်ပိုင်းကို ဆက်သူက ဆက်သည်။ ပိုက်ပြေးသူက ပြေးသည်။ လျှပ်စစ်ကြိုးပြေးဖို့
Cable Tray တွေ ဂဟေဆော်တဲ့ ကောင်တွေဆော်သည်။
Air-con နဲ့ Ventilation Ducting တွေစပြီ။
ဒီကြားထဲ ဆေးသမားတွေက ဟိုမှာ ဒီမှာ Roller တစ်ကိုင်ကိုင်နှင့် လျှောက်ပြေးနေသည်။ ဒီတော့ Project Manager ဘယ်မှာလဲ၊ Project
Coordinator ဘယ်မှာလဲ လိုက်ရှာရသည်။ သင်္ဘောထဲကို
မျောက်တွေဝင်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသလိုပင်။ ဒီက တရုတ် PM တို့မည်သည် ခုံထုခြင်း၊ အော်ဟစ်ခြင်းတို့တွင်
အလွန်တစ်ရာတော်လှသည်။ ရော့ ဒီအလုပ်၊ ငါဒီနေ့
ပြီးချင်တယ်။ မပြီးလျှင် ခုံကို တစ်ဘုန်းဘုန်းထုမည်၊ အော်မည်။ ထို့ကြောင့် သင်္ဘောထဲကို
အလုပ်သမားတွေ မောင်းသွင်းလိုက်သည်၊ ထိုအလုပ်သမားတွေကလည်း
သူ့အလုပ်ပြီးရေးသူလုပ်သည်။ သို့သော် အစီအစဉ်
ရှေ့နောက် ဘာမှ မကြည့်၊ ဆေးသမားက သူဆေးသုတ်စရာရှိသည့်နေရာ ဆေးသုတ်သွားသည်၊ ဆေးပင်မခြောက်သေး ပိုက်အတွက် သံကို အ၀ိုင်းပေါက်ထပ်ဖောက်သည်၊
ထိုနေရာကိုပင် လျှပ်စစ်သမားတို့က ဖြတ်ပြီးတော့ Cable Tray ဆွဲသည်။ 3D Model သည် ၁၀၀% အမှားမကင်းနိုင်။ ဒင်းတို့က သူတို့အလုပ်မဟုတ်လျှင် ငါနှင့်မဆိုင်
ဆိုသည်ကို လက်ကိုင်ထားသည်။ ဒီလိုနှင့်
Block Erection ပြီးခါစ Multi Trade တွေ ၀င်တော့ ဖြစ်ချင်တိုင်းကို ဖြစ်ပြီး ၃ ပတ်လောက်
အုန်းအုန်းထသွားသည်။ သင်္ဘောနောက်ကျနေသည်။ နည်းမျိုးစုံသုံးသည်။ ဒီလိုအခြေအနေနဲ့ ဆက်သွားလို့မရကြောင်း၊ စနစ်တကျ sequence မိအောင် လုပ်ပြီး၊ လူတွေကို ထပ်တိုးဖို့လိုကြောင်း၊ လုပ်နေတဲ့ လူတွေကို ထိန်းဖို့လိုကြောင်း ပြောသည်။ ကျွန်တော်တို့ သင်္ဘောဆောက်သူဘက်ကတော့ ယခု သင်္ဘောကျင်းကို
ချော့သည်၊ ခြောက်သည်၊ Pressure ပေးသည်၊
Motivate လုပ်သည်၊ ရာဇသံ စာလွှာတွေ ပါးသည်။
ဟုတ်ပါတယ်၊ ပြီးအောင် လုပ်ပါ့မယ်ဆိုတဲ့ ကတိတွေ တစ်ပုံကြီးရပြီး ဘာမှ မထူး။
လျှာထွက်လာတာသာ အဖတ်တင်သည်။
နောက်တော့ သင်္ဘောကျင်းရဲ့ Project Management
ထဲကို ၀င်ရမည်ဟု ရာဇသံကို ကျွန်တော်တို့ထံ ဋ္ဌာနချုပ်မှ လွှတ်လေသတည်း။ အရင်တုန်းက Inspection လျှောက်ဝင်ပြီး Quality ထိန်းရုံသာ။ ခုတော့ ထို မျောက်တောထဲကိုပါ ၀င်ရတော့သည်။ Block erection အပြီး Multi Trade တွေဝင်ပြီး အုန်းအုန်းထနေတဲ့
organization ထဲကိုဝင်လိုက်တော့ ဘာတွေ့ရလဲဆိုတော့ တစ်နေ့တာ အတွက် Planning မရှိ၊ မြင်ရသည်မှာ
ရှိသမျှ Drawing တွေကို Contractor တွေဆီပေးပြီး ဒီတိုင်းလွှတ်ထားခြင်းသာဖြစ်သည်။ ဟိုအကောင် ဒီကိုလာ၊ ဒီနေ့ ဒီနေရာပြီးအောင်လုပ်၊
ဟိုကောင်က ဟိုကိုသွား ဟိုပိုက်ကို ဟိုကနေ ဒီအထိရောက်အောင်ပြေး၊ အဲ့ဒီအချိန်မှ ဟိုလျှပ်စစ်ကောင်က
ဟိုနေရာကိုသွား ဟိုဟာ ပြီးအောင်လုပ်၊ ဟိုဆေးသုတ်တဲ့အကောင်
မြင်မြင်သမျှ လျှောက်မသုတ်နဲ့ လျှပ်စစ်၊ ပိုက် ဒါတွေပြီးအောင်စောင့်၊ ဟိုနေရာကို သုတ်လို့ရပြီ၊ ဒီနေရာကို ဘယ်နေ့မှ သုတ်လို့ရမယ်၊
Hot work နဲ့ Painting နဲ့ ထပ်မနေရအောင် ရှောင်၊ ဟို အဲကွန်း ducting ပြေးတဲ့ အကောင်က
Piping ပြီးအောင် စောင့်၊ ဒီနေရာမှာ လူချင်းတိုက်မနေအောင် ဟိုနေရာမှာ သွားပြီး လိုင်းတွေဆွဲ၊
ဒီလိုမျိုး အလုပ်ခွဲပေးမည့်သူ မရှိ။ အလုပ်တွေထပ်ကုန်တော့
အကုန် ပွစိတက်၊ မွစာတက်၊ House keeping စနစ်က လဲပြိုကျ၊ Safety ထိန်းထားတဲ့ အခြေအနေက
ဖုတ်ကနဲ ပြုတ်ကျ၊ Section head တစ်ယောက်နှင့် တစ်ယောက်လည်း အလုပ်အကြောင်း စကားမပြော။ ငါဟာငါ ငါ့အလုပ်ငါလုပ်၊ ကျန်တာ ငါစိတ်မ၀င်စား၊ မိုးပြိုပြို၊
ကမ္ဘာကြီးပျက်ပျက်၊ ငါ့အလုပ်မပျက်ဖို့အရေး ငါ့အရေး မူကို လိုက်ကိုင်ထားသည်။ ဒီလိုနှင့် ငါ တစ်လုံးလက်ကိုင်ထားပြီး ကျန်သောကိစ္စ
ဖြစ်ချင်တာဖြစ် သူတို့နှင့် ဘာ..ဘာ.. ဘာမှမဆိုင်ကြောင်း၊ ပြီးသွားသောအလုပ်ကို ထပ်မလုပ်နိုင်ကြောင်း
တွင်တွင်ပြောနေသော အဆိုပါ organization ထဲသို့ ကျွန်တော်တို့ဘက်က ကျွန်တော့် ဆရာသမားနှင့်
ကျွန်တော် စပြီးတော့ ၀င်ရတော့သည်။ မနက်ပိုင်း
နေ့စဉ် ပုံမှန် Daily Project Meeting စဖို့ ခေါ်တော့ မျက်လုံးကြီးတွေ ပြူးပြီး ကြည့်ကြသည်။ အလုပ်တွေကို မထပ်အောင် ငြှိယူဖို့ ပြောတော့ လက်ညှိုးတွေထိုးပြီး
ထခုန်တဲ့ ကောင်ကခုန်၊ စားပွဲခုံကို လက်ဝါးနဲ့ ရိုက်တဲ့ကောင်ကရိုက်၊ အော်တဲ့လူကအော်၊
ဆဲတဲ့ လူတွေကဆဲ၊ ကွိကျိ ကွကျိတွေ အသံစုံထွက်သည် သူတို့အချင်းချင်း ခုပဲ ထ သတ်တော့မလိုလို။ ဒီလိုနှင့် တစ်ဖြည်းဖြည်းချင်း ဦးနှောက် ဆေးပေးရသည်။
Team Work ကို သွတ်သွင်းရသည်။ သင်္ဘောပေါ် တစ်နေကုန်လျှောက်ပြီးတော့ အလုပ်တွေကို
လျှောက်ကြည့်ရသည်။
ဒီလိုနှင့် အထီး အမ၊ အစုံရောနေသော နေရာကြီးကို
Trade လိုက်ခွဲရသည်၊ Progress ကို မိအောင်ယူရသည်၊ ပြီးတော့မှ တစ်နေ့စာ၊ တစ်နေ့စာ အလုပ်တွေ
ခွဲရသည်၊ ပြီးတဲ့ အပိုင်းတွေကို ညနေပိုင်းကျလျှင် Drawing တွေနှင့် တိုက်ကြည့်မှတ်၊
planning ကိုပြန်တိုက်၊ လိုတိုး၊ ပိုလျှော့တွေလုပ် ရသည်၊ နောက်တစ်နေ့အတွက် ပြင်ရသည်။ ကိုယ်ပြောထားသော နေရာတွေမှာ လူရှိမရှိ လိုက်ကြည်ရသည်၊ ပြီးတဲ့ နေရာတွေကို ကိုယ်ဟာကိုယ် inspection နောက်တစ်ခေါက်ပြန်ဝင်ရသည်။ ဒီလိုနှင့် ဟင်… ငါ့ဟာငါပြော၊ ငါ့ဟာငါ ပြန်စစ်၊
ကိုယ်ဟာကိုယ် ဘာမှန်းမသိတော့။ အဲ့ဒီလိုမှ မလုပ်ရင်လည်း
သင်္ဘောထွက်ဖို့နေနေသာသာ ရေထဲရောက်ဖို့ပင် မလွယ်။
မနက် ၆ နာရီခွဲထ ၇ နာရီ မနက်အစည်းအဝေးသွား၊ တောင်ပြော မြောက်ပြော Trade တွေတစ်ခုချင်းစီအတွက်
Target တွေပေး၊ area တွေ ခွဲပေး၊ ကန့်လန့် ကန့်လန့် လုပ်နေတဲ့ လူတွေကို ချော့လိုက်၊
ခြောက်လိုက်၊ တရားဟောလိုက၊် screw ကြပ်ပေးလိုက်၊ နည်းနည်းလေး ပြန်ဖြည်ပေးလိုက်၊ ဦးနှောက်ဆေးပေးလိုက်။ ပြီးတော့ သူတို့ ပြီးသမျှ inspection လိုက်ဝင်၊
ညနေ ၅ နာရီလောက်ကစပြီး နောက်တစ်နေ့အတွက် ပြင်လိုက်တာ ၇ နာရီခွဲ ၈ နာရီလောက်မှ ဟိုတယ်ပြန်၊
ညစာစား၊ စားရင်းနဲ့ အလုပ်အကြောင်းထပ်ပြော။
ဘလော့ဂ်ထဲကို ၀င်ချင်လှသော်လည်း အချိန်က ဘယ်လိုမှ မရ။ ဒီပြသနအပုံကြီးကို နေသားတစ်ကျ နေရာချထားရေး လုပ်ပြီး
သူ့ဦးတည်ချက်နှင့်သူ Team Work ရသွားအောင်လုပ်၊ section head တွေ တစ်ယောက်နှင့် တစ်ယောက်
စကားပြောလာအောင်၊ ညှိနှိုင်းလာတဲ့ အလေ့အကျင့်ရလာအောင်လုပ်၊ Project manager ကို
authority ရလာအောင်၊ contractor တွေကို ဂုတ်စိပြီး နေရာချနိုင်လာအောင် power တင်ပေး၊
section head တွေကို project manager လက်ထဲရောက်အောင် ထည့်ပေးပြီးတော့မှ ထို အလုပ်ကနည်းနည်းပြန်ခွာလို့ရမည်။ မဟုတ်လျှင် ပြသနာတွေ ပုံပုံလာပြီး သင်္ဘောအစုတ်ကြီး
ထွက်လာသည်သာ အဖတ်တင်မည်။ ဒီကြားထဲတော့ ပိုစ့်တွေ
ရေးချင်သော်လည်း အချိန်က မရ၊ တစ်ရက်တင်လိုက်၊ တစ်ရက်ပျောက်လိုက်နှင့် လုံးလည်လိုက်နေသည်။ ပိုစ့်မှန်မှန် မတင်ဖြစ်သော်လည်း လာလည်ကြသော စာဖတ်သူများအားလုံးကို
အထူးကျေးဇူးတင်ပါသည်။ ကျွန်တော်ကတော့ ယောက်မ
မြင်းစီးလိုက်ပါဦးမည်။ ထိုမြင်းကလေး လိမ္မာသွားပြီးတော့
လမ်းဖြောင့်ဖြောင့်သွားနိုင်တဲ့ အချိန်ကျတော့မှ ဘလောဂ့်တွေ လျှောက်လည်ဖြစ်ပါလိမ့်မည်။ မအားလို့ မလည်ဖြစ်တဲ့အတွက် ဘလော့ဂ်ဂါအားလုံးကို
သွေ့ပုချိ၊ သွေ့ပုချိ၊ အထူးပင် အားနာမိပါသည်။
မြင်းစီးလိုက်ပါဦးမည်.. ဒက်ဂလောက်… ဒက်ဂလောက်…. ဒက်ဂလောက်……..
ဆားပုလင်းကတော့ ဖစ်ရမယ်....:)
ReplyDeleteတီလုပ်တွေနဲ့ လုပ်ရရင် အဲ့တိုင်းပဲဗျိုး.....၊
ကဲပါလေ....ဘလော့ကအချိန်မရွေးလည်လို့ရပါတယ်....လောလောဆယ်
တော့ မြင်းစီးလိုက်ဦးဗျိုး.........ဒက်ဂလောက်....ဒက်ဂလောက်.....:D
ဟမ်... ဘာတွေလဲ
ReplyDeleteYes that coordination is very important for ship building .
ReplyDeleteI've been in ship building for almost 15 years as accommodation contractor (i am not a boss ). very interesting about your blog. lets keep in touch
ReplyDeleteအတွေ့အကြုံလေးတွေ ဖတ်သွားတယ် မောင်အောင်ထွဋ်ရေ သူ့ဆန်စားမှတော့ ရဲရပေအုံးမပေါ့ကွယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြစွာနဲ့ မြင်းစီးနိုင်ပါစေလို့း)
မေတ္တာဖြင့်
အန်တီတင့်
အခုတော့ လိမ္မာသွားပြီတော့ တော်သေးတာပေါ့နော်...:)))
ReplyDeletey. It's happening in china. Really!
ReplyDelete