ယမကာလုလင်များဆိုတာက တစ်ခြားလူတွေမဟုတ်ဘူး။ ကျောင်းတုန်းက သူငယ်ချင်းတွေ။ ကျောင်းသားဘ၀တုန်းက စားမေးပွဲနီးရင် ကျွန်တော်တို့ငှားထားတဲ့
စမ်းချောင်းက အခန်းလေးမှာ သူငယ်ချင်းတွေကို စုံလို… စာတွေစုပြီးတော့ ကျက်ကြ။ စာမေးပွဲတွေ ဖြေကြ၊ အဲ.. စာမေးပွဲပြီးလို့ကတော့ မမေးနဲ့.. ၀ိုင်းပြီးသား။ အဆောင်မှာက ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်း
ဘိတ်သားရယ်က စားဖိုမှုး။ စာမေးပွဲပြီးတဲ့ရက်ဆိုရင် အစိမ်းကြော်၊ ကုန်းဘောင်ကြီးကြော်၊
တုန်ယွမ်ချဉ်စပ် ဒါမျိုးလေတွေ အဆောင်မှာ ချက်ကြတယ်။ ပြီးရင်တော့ လာသမျှ သူငယ်ချင်းတွေနဲ့ ၀ိုင်းကြတာပေါ့။
အဲ့ဒီတစ်ခေါက်က မှတ်မိသေးတယ်.. စာမေးပွဲပြီးတော့ လီတာ ၂၀ ၀င်တဲ့ ရေသန့်ဘူးကိုထမ်းပြီးတော့
လမ်းထိပ်က ဘီယာဆိုင်မှာ ABC ၁၀ ဂျား၊ မြန်မာဘီယာ
၁၅ ဂျားလားမသိဘူး အဲ့ဒီ ရေသန့်ဘူးထဲကိုထည့်။
ရေခဲ ၃ထုပ်လောက်ဝယ်။ အိမ်ပြန်ရောက်တော့
ဂရန်း ၂ လုံးကို အဲ့ဒီ ရေသန့်ဘူးထဲကိုထည့်။
ပြီးတော့ ရေခဲတွေထည့်။ ပိုက်ခေါင်းလေးက
ဖွင့်လိုက်ရင် ဟော… ခွက်ထဲကို ၃ ပင်လိမ်လေးက အသင့်။ ဘာပြောကောင်းမလဲ သောက်ကြတာပေါ့ဗျာ။ သောက်တော့ ထုံးစံအတိုင်း အချိန်တန်ရင် ကွဲတဲ့လူတွေကတော့
ကွဲကြပေါ့။
ကျွန်တော်တို့ သူငယ်ချင်းတွေက လူညီတော့ သောက်ရတာကောင်းပါတယ်။ သိပ်ပြီး မူးလာရင် ရမ်းရမ်းကားကားမရှိကြပါဘူး။ အဲ.. ကြိုးတစ်ကြိုးကတော့ ဆောင်ထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က
မူးလာရင်..အတော်သွေးဆိုး။ ဒီတော့ သူ့မျက်လုံးကို
ကြည့်ထားရတယ်။ ရေချိန်ကိုက်လို့ ကျော်လာပြီဆိုရင်
မျက်လုံးကိုကြည့်လိုက် မျက်ထောက်နီကြီးနေကြည့်နေပြီဆိုရင်တော့ ဘာမှမပြောနဲ့ ကြိုးတုပ်ပြီးတော့
ခုတင်ပေါ်တင်ထားလိုက်ပေတော့။ အဲ့ဒါဆိုရင် အိပ်ပျော်သွားရော။ မဟုတ်ရင်တော့ ဂစ်တာတွေခွဲ၊ တီဗီတွေခွဲနဲ့ မနက်ကျရင်
အိမ်က မနည်းပြန်ရှင်းယူရလွန်းလို့။ ပြီးရင်တော့
အေးအေးဆေးဆေးပြန်သောက်ကြပေါ့လေ။
အဲ့ဒီညက ၃ ပင်လိမ်ကို တော်တော်များများ ထိသွားကြတယ်။ ကျွန်တော့်သူငယ်ချင်း ပြောင်ကြီးဆိုတဲ့ အကောင်ကတော့
အိမ်သာသွားမယ်ဆိုသွားလိုက်တာ မီးဖိုချောင်က လျှပ်စစ်မီးဖိုတင်ထားတဲ့ စဉ်အောက်ကို လေးဖက်ထောက်ပြီး
ဝင်သွားတာ ပြန်ထွက်မလာတော့ဘူး။ ဒီလိုနဲ့ ည
၁၂ နာရီကျော်တော့ ၃ ပင်လိမ်လဲ ကုန်ပြီ။ ကျန်တဲ့လူတွေကလည်း
ရေချိန်မကိုက်သေးတော့ နောက်ထပ် ဂရန်းတစ်လုံးဖွင့်ပြီးတော့ ထပ်တင်ကြပါတယ်။ ဒီမှာတင် ပြသနာက စတာ။ မျိုးလွင်ဆိုတဲ့အကောင်က ဘာမပြောညာမပြောနဲ့ ပြုတင်းပေါက်ထွက်ပြီး
ဥသြောအရှည်ကြီး ဆွဲတော့သကိုး။ ကျွန်တော်တို့နေတာက
၇ ထပ်တိုက်ရဲ့ အပေါ်ဆုံးထပ်။ ဆိုလေတော့ မျိုးလွင်ရဲ့
ဥသြဖတ်တွေဟာ အောက်ထပ်တိုက်ကအခန်းတွေကို မျက်နှာမလိုက်ပဲနဲ့ အခန်းတိုင်းကို ဝေပုံကျ ဝေပြီးသားဖြစ်ပါတယ်။ နောက်ဆုံး ကျန်တော့ ကျွန်တော်ရယ် ဘိတ်သားရယ် နှစ်ယောက်ပဲကျန်တော့တယ်။ ကျန်တော့ နောက်ဆုံးလက်ကျန် ဂရန်းတစ်ပြားကို ဟိုကောင်က
သူ့လွယ်အိတ်ထဲက ထုတ်လာတယ်။ ဒါနဲ့ပဲ ကျွန်တော်နဲ့
ဒီကောင်ဆက်သောက်ကြတယ်။ ကျွန်တော်ကတော့ နည်းနည်းပဲ
သောက်နိုင်တော့တယ်။ ကျန်တာကို ဒီကောင်က ဂရန်းပြားလေး
လက်မှာကိုင်လို့ ၀ရန်တာထွက်ပြီး သောက်ပါတယ်။
ခဏနေတော့ သူလည်းပြန်ဝင်လာတယ်။ ဘာဖြစ်လို့လဲမေးတော့
ရွှေတိဂုံစေတီကို ၃ ဆူမြင်နေရလို့တဲ့။ အဲ့ဒီလိုနဲ့
ကျွန်တော်တို့လည်း မှောက်ခြင်းအဖြစ်သို့ ရောက်ပါတော့တယ်။
မနက်ကျတော့ ဘာပြောကောင်းမလဲ သူငယ်ချင်းနှစ်ယောက်က
ရေပုံးလေးတွေဆွဲ၊ အ၀တ်စုတ်လေးတွေကိုင်ပြီးတော့
တစ်ခန်းချင်းစီကို တံခါးခေါက်ရတာပေါ့လေ။ အောက်ထပ်က
အဖိုးနဲ့အဖွားနေ့တဲ့ အခန်းကျတော့ အရက်မကောင်းကြောင်းတရားဟောတာကို ၁၅ မိနစ်လောက်နာ၊
ဟုတ်ကဲ့ခင်ဗျ။ နောက် မဖြစ်စေရပါဘူး အဘနဲ့ အဘွား ဘာညာနဲ့ အံဖတ်တွေ သုတ်၊ ၅ ထပ်ကိုဆင်း..
လင်မယားနှစ်ယောက်နေတဲ့အခန်း၊ သူတို့ ပြောသမျှကို
ဟုတ်ကဲ့ပါခင်ဗျ၊ မှားပါတယ်ခင်ဗျ၊ နောင်ဒီလို မဖြစ်စေရပါဘူးခင်ဗျ ဆိုပြီး အံဖတ်လေးတွေကို
စင်အောင်သုတ်။ အဲ့ ၄ ထပ်ကျတော့ သင်္ဘောသားတွေ၊
ရတယ်ညီလေး ထားခဲ့ အကိုတို့ သုတ်မယ်။ ဒီလိုပါပဲ ဖြစ်တတ်ပါတယ် ဘာရယ်နဲ့ ဆိုတော့ သိပ်များများစားစား
မပြောရပါဘူး။ ဒီလိုနဲ့ တစ်ခန်းပြီး တစ်ခန်း
လိုက်ပြီး အံဖတ်သုတ်ပေးရတော့ပေါ့လေ။ အောက်ဆုံးထပ်ကတော့
အိမ်ရှင်ခင်ဗျ။ ဘယ်ပြောကောင်းလိုက်မလဲ ကျွန်တော်တို့ကို
စာချုပ်ပြည့်တော့ အခန်းဆက်မငှားတော့ဘူး။
မငှားတော့ ၃ အိမ်ကျော်က တိုက်ခန်းကို ပြောင်းနေရတယ်။ အဲ့ဒီမှာကမှ ဒီထက်ဆိုးသေး။ တစ်ရက် စာမေးပွဲပြီးတော့ ထုံးစံအတိုင်း။ အဲ့ဒါပေမယ့် အိမ်မှာ မ၀ိုင်းဖြစ်ကြဘူး။ ဗားဂရာ ပဒုမ္မာဘောလုံးကွင်းဘေးက ၀င်းစတားမှာ ၀ိုင်းတာ။ အဲ့ဒီထဲမှာ စောကြီးဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းပါလာသေး။ သောက်ရင်း သောက်ရင်းနဲ့ စောကြီးက ရှိသမျှ စားပွဲပေါ်က
ခွက်တွေ အကုန်ကို ယူသောက်တော့တာပဲ။ အခြေအနေမဟန်တော့တာနဲ့
ဒီကောင့်ကို ဆိုက်ကားနဲ့ အဆောင်ကို ပြန်ခေါ်ရပါတယ်။ အဲ့… ဆိုက်ကားပေါ်လဲရောက်ရော စောကြီးရဲ့ ဝေသန္တရာဇတ်ကို
စခင်းတာပဲ။ ဆိုက်ကားဆရာက အစ်ကို ဘယ်သွားမလို့လဲလို့မေးလိုက်တော့
သကောင့်သားက
“ဟေ့ရောင်..
ငါ့နာမည်မှတ်ထား စောကြီး၊ ပိုက်ဆံစကားမပြောနဲ့၊
နင်းသာနင်းဆိုပြီး” ဆိုက်ကားဆရာကို နင်းခိုင်းတော့တာပဲ။ ဘယ်နင်းခိုင်းမှန်းတော့ သူဟာသူသိတာမဟုတ်ဘူး။
ဒီလိုနဲ့
တိုက်ခန်းရှေ့လဲရောက်ရော သူ့ပိုက်ဆံအိတ်ကို ဆိုက်ကားဆရာကို ပေးသဗျာ။ ဒီမှာ နာမည်ကိုမှတ်ထား စောကြီး၊ ပိုက်ဆံစကားမပြောနဲ့
အကုန်ယူသွားဆို ပေးတော့တာ။ ဒီလိုနဲ့ ဆိုက်ကားခရှင်းတွေဘာတွေရှင်း၊
ဒီကောင့် ပိုက်ဆံအိတ်ကို ကျွန်တော်ကယူ ဒီကောင့်ကိုတွဲတင်.. အဲ.. အိမ်ပေါ်ရောက်တော့ အကောင်းဗျာ။ သီချင်းတွေဘာတွေဆိုလို့၊ ဒီလိုနဲ့ ထပ်တင်ကြပြန်ပါတယ်။ နောက်ပြန်ခါနီးတော့မှ စောကြီး သယ်ရင်း မင်းရရဲ့လား၊
ပြန်လို့ဖြစ်ရဲ့လား၊ မရရင် ဒီမှာအိပ်လို့ပြောတာကို လားလားမှ လက်မခံ၊ ပြန်မယ်ဆိုတာချည်းပဲဆိုလေတော့
ပြန်ဖို့ ဒီကောင့်ကို လိုက်ပို့ရပါတယ်။ အဲ့ဒီမှာတင် ဇတ်လမ်းကစတာ.. အပေါ်ထပ် ၆လွှာကနေ
ဆင်းလာလိုက်တာအကောင်း၊ ပထမထပ်နားရောက်တော့မှ
ဥသြကို အပီလွှတ်တော့တာ။ ဒီလိုနဲ့ ဒီကောင့်ကို
ကျန်တဲ့ သူငယ်ချင်းရဲ့ကားပေါ်ဆွဲတင်၊ အိမ်ပြန်ပို့။ ကျွန်တော်တို့တွေက ၆ ထပ်ကိုပြန်တက် ရေပုံးယူ၊ မီးကလည်း
ပျက်နေလေတော့ ရမ်းသမ်းမှန်းသန်းနဲ့ အံဖတ်တွေကို ရေနဲ့လောင်းချပြီးတော့ အိပ်ကြတာပေါ့လေ။
နောက်ပိုင်း ကန်ထရိုက်တိုက်တွေမှာက လှေကားအောက်မှာ
တစ်တိုက်လုံးသုံးမယ့် ရေကန်ကြီးတူးပြီးတော့ ရေစုပ်စက်ခန်းလေးတွေရှိကြတယ်။ မနက်မိုးလင်းတော့ လားလား၊ စောကြီးရဲ့ ဥသြဖတ်လေးတွေက တိုက်တစ်ထပ်လုံး သုံးရေ၊
ချိုးရေလုပ်နေတဲ့ ရေကန်ပေါ်မှာ ပလဲ နေပါရော့လား။ တစ်တိုက်လုံးကလည်း ကျွန်တော်တို့ကို
စောင့်နေပါရဲ့။ ဘယ်ပြောကောင်းမလဲ ရေပုံးလေးတွေကိုစီနဲ့
ရေကန် လှယ်ရေးလုပ်ငန်းစဉ် စတင်ရတာပေါ့လေ။ ရေတွေခပ်ထုတ်၊
ရေစက်မောင်း ရေတင်၊ ရေပြန်ခပ်ထုတ်နဲ့ ပြည်သူ့
အချစ်တော်လေးတွေကို ဖြစ်လို့။ ဒီထက်ဆိုးတာရှိသေးတယ်။ အဲ့ဒီတိုက်မြေညီထပ်နဲ့ ပထမထပ်မှာ ရှမ်းခေါက်ဆွဲရောင်းတဲ့
ရှမ်းမိသားစုရှိတယ်။ အဲ့ဒီက ဦးလေးက မနက်အစောကြီးထ
ပထမထပ်ကနေဆင်း မြေညီထပ်ကိုသွားပြီးတော့ ဆိုင်ဖွင့်မယ်အလုပ် အံဖတ်တွေနင်းမိပြီး ချော်လဲတာ
အရိုးအက်သွားတယ်။ မနက်မိုးလင်းတော့ ကျောက်ပတ်တီးဖွေးဖွေးလေးနဲ့
ကျွန်တော်တို့ကို စားမလို ၀ါးမလိုကြည့်နေလေရဲ့။
နောက်ပိုင်း အဲ့ဒီ ဦးလေးကို ဘယ်လို ပြုံးပြ ပြုံးပြ ပြန်ကို ပြုံးမပြတော့တာ
ခုထက်ထိပဲ။
ရွှေတိဂုံကို ၃ဆူမြင်နေရလို့ ဆိုတာကိုတော့ ခိုက်တယ်။ တစ်ချို့များ မူးလာရင် သူများမိန်းမကို ကိုယ့်မိန်းမလို မြင်ပြီး.....ဘာပဲပြောပြော ရွှေတိဂုံကို မြင်သေးတော့ ဘုရားမကွယ်သေးတဲ့သဘောပေါ့။ ကောင်းပါတယ်။ ယမကာဘဝ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပေါ့ကွာ။
ReplyDeleteသုံးပင်လိမ်တော့ မသောက်ဖူးသေးဘူး။စမ်းကြည့်မှထင်တယ် ဟိ။
ReplyDeleteအပေါ်ကတယောက်စမ်းကြည့်လေ
ReplyDeleteသုံးပင်လိမ်ဘာလဲသိသွားမယ်နော် ဟင်းဟင်း
အံ့သြတာပဲ။ကျောင်းသားလူငယ်များ..
ReplyDeleteအများကိုလည်းကူညီ၏...
လူအများကကောင်းချီးပေး၏
နောင်တစ်ခေတ်မှာထွန်းပေါက်မည်။
ချီးကျူစရာကောင်းသည်။
မိဘများရင်တော့ကျိုးရမည်။ဟိဟိ
လွမ်းလိုက်တာကွာ ၊အဖိုးဦးလေးအကိုညီဝမ်းကွဲတွေသောက်ကြတယ်။ အဖေကလုံးဝမသောက်ဘူး။
ReplyDelete၇တန်းနှစ်ကပထမဆုံးခိုးသောက်ဖူးတဲ.ဂေါ်ရချိုအရက်၊ တက္ကသိုလ်မှာတွဲတဲ.သူငယ်ချင်းတွေက
မသောက်တာနဲ.မသောက်ဖြစ်။ တစ်ခါတော.ပုဂံဘုရားဖူးအပြန်ဝယ်လာတဲ.ထန်းရေသောက်လိုကောင်း
လိုက်တာ။အလုပ်ထဲဝင်လာတော.Boss ကလုံးဝမသောက်၊ အလုပ်စည်းကမ်းအရလည်းမသောက်ရ။
မျိုးရိုးတိမ်ကောတော.လွမ်းတယ်ယမကာရယ်။
ဂျီတီအိုင်နဲထန်းရည်ဆိုင်ကိုလွမ်းတယ်။
ReplyDeleteအရက်ကိုကျောခိုင်း
ReplyDeleteလူ့တံတိုင်းမှာ
ငါဟာဘုန်းကြီး
ခေါင်းတုန်းကြီးမို့။