ငါဟာ
ငါဖြစ်တယ်။ ငါ့ဖြစ်တည်မှု့ဟာ ငါဖြစ်တယ်။ ငါ့အတွက်
ငါလို့ သတ်မှတ်ဖို့တော့ ခက်တယ်။ ငါ့ဟာ ဖြူစင်တဲ့
သိုးငယ်တော့ မဟုတ်ဘူး။ ငါဟာ မြေခွေးတစ်ကောင်။ ငါ့မှာ သွေးစုတ်ဖုတ်ကောင်လိုမျိုး အစွယ်ရှိတယ်..
ဒါပေမယ့် ငါ့အစွယ်တွေဟာ မင်းတို့ရဲ့ ထူလှတဲ့ အရေပြားကို တိုးလို့ မပေါက်နိုင်ဘူး။ ငါ့တို့ရဲ့
လူနေမှု့စရိတ်၊ လစာ၊ မိသားစု ဒါတွေကြားမှာ ငါဟာ ငါ့ဂုဏ်သိက္ခာကို ၂ သောင်းလောက်နဲ့လည်း
ရောင်းချင်ရောင်းရရဲ့၊ ငါ့ မာနကိုလည်း သိန်း ဂဏန်းလောက်နဲ့ ရောင်းရင် ရောင်းရရဲ့။ အပ်ကြောင်းထပ်နေတဲ့
မဖြစ်သင့်တဲ့ အမှားတွေအောက်မှာ ငါ့ခေါင်းတွေကိုလည်း ခဏ ခဏ ငြိမ့်ရရဲ့။ ကြာလာတော့ ဒီအမှားတွေဟာ
နေ့စဉ်စားသုံးတဲ့ လူမှု့ရေးထုတ်ကုန်တွေလို လှိုင်လှိုင်ထလို့။ လူတွေက အမှားတွေကြားမှာ ကခုန်မြူးတူးလို့၊ ဇာတ်တူသားတွေရဲ့
အသွေး၊ အသားတွေကို မြိန်ရည် ယှက်ရည်စားသုံးလို့။
ပတ်ဝန်းကျင်မှာလည်း အရေထူထူ၊ အစွယ်ဖွေးဖွေးတွေက ငါ့ကို ချောင်းမြောင်းကြည့်နေတယ်။ ဒီလိုနဲ့ ငါ့သွေးသား၊ ငါ့လူမျိုးတွေကို ငါကိုယ်တိုင်
သစ္စာဖောက်တာ ခဏ ခဏပေါ့။ ဒီလိုနဲ့ ငါဟာ ငါ့မျိုးဆက်သစ်တွေကို
မြေခွေးတွေလို ချောင်းမြောင်းတတ်အောင်၊ သွေးစုပ်ဖုတ်ကောင်လို အစွယ်တွေ ထွက်လာအောင် သင်ကြားပေးရမယ်။ ဒါမှ သူတို့ဟာ ဒီလိုပတ်ဝန်းကျင်မှာ ရှင်သန်နိုင်စွမ်းရှိကြမယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ ငါ့ကို ကိုက်ဖြတ်စားသောက်ကြမယ်။ ဒါပေမယ့် ဒါဟာ သဘာဝပါပဲလို့ သူတို့ လွယ်လွယ်ကူကူ
လက်ခံကြလာလိမ့်မယ်။ ခြတွေပြည့်နေတဲ့ ခြအိမ်ကြီးကို ငါတို့ ဖန်တီးကြမယ်။ ဒါဟာ မှားယွင်းမှု့လို့
သူတို့ ဘယ်တော့မှ သိတော့မှာ မဟုတ်တော့ဘူး။
ပြောင်းလဲမှု့တွေအောက်မှာ
မပြောင်းလဲတာက ငါ့ ကိုယ်ကျင့်တရားလား၊ ငါ့ ပတ်ဝန်းကျင်လား နုနယ်သေးလွန်းပါတယ်ဆိုတာ
အကြောင်းပြချက်တစ်ခုပဲလေ၊ ကလေးငယ်တွေ နုနယ်တယ်ဆိုတာ နှလုံးသားပါ ဖြူစင်တယ်၊ ဒါပေမယ့်
ငါတို့ရဲ့ မဲညစ်တဲ့ နှလုံးသားတွေနဲ့ “နုနယ်မှု့”ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး
နုနယ်ခြင်းကို အရောင်တွေ အထပ်ထပ်ဆိုးလို့။
တိုးတက်မှု့ကို စကားပြောရုံ၊ လက်ညှိုးလျှောက်ထိုးရုံနဲ့တော့ မရတာ ငါ့တို့ သိဖို့ကောင်းတယ်။ တိုးတက်ဖို့အတွက် ပေးဆပ်မှု့တွေဟာ သူ့တာဝန်လား၊ ဘယ်သူ့တာဝန်လည်း? ငါ့တာဝန် မဟုတ်ရင် ပြီးတာပါပဲလေ။ ငါဟာ တိုးတက်မှု့ရဲ့ သစ်သီးတွေကိုသာ စားသုံးဖို့
မွေးဖွားလာတာ။ မနေနိုင်သူတွေသာ ပေးဆပ်ကြမပေါ့။ တန်ရာတန်ကြေးရဲ့ ၀န်ဆောင်မှု့ကို ငါတို့ သဘောမပေါက်ဘူး။ ငါ့မျက်နှာက အပြုံးတွေဟာ ငါ့အလုပ်ကို ရောက်ရင် ပျောက်သွားတာကြာပေါ့။ ဒါပေမယ့် ငါတို့မေ့နေတာဟာ ငါတို့ရပ်တည်မှု့အတွက်
အလုပ်လိုအပ်တယ်ဆိုတာကို။ နောက်တစ်ခုက အလုပ်ဆိုတာဟာ
ဝန်ဆောင်မှု့ တစ်မျိုးဖြစ်တယ်ဆိုတာကို ငါတို့မေ့နေတယ်။ ငါတို့ သာယာလှတဲ့ ပတ်ဝန်းကျင်ကို လိုချင်တယ်။ ငါတို့ တိုးတက်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်တယ်။ သာယာဖို့ဆိုတဲ့ ၀ိသေသ နောက်မှာ အပြုံးတစ်ပွင့်လိုအပ်တယ်။ ငါကိုယ်တိုင်က ပြုံးဖို့ မေ့လျှော့နေတော့ ငါ့ပတ်ဝန်းကျင်မှာလည်း
အပြုံးပွင့်တွေ ဆိတ်သုန်းနေကြတာ ဘာဆန်းတုန်း။
ငါ့အလုပ်ထဲကို ရောက်လာတဲ့ ဖောက်သည်တွေဟာ ငါ့ကို ပင်ပန်းအောင် နှိပ်စက်တဲ့ လူသားတွေ၊ ဒီလို လူသားတွေကို ငါဘာဖြစ်လို့ ကောင်းရမှာလဲ၊ မဟုတ်ဘူးလား၊
ဒါဟာ အမှန်တရားလို့ ငါယူဆတယ်။ ငါ့နှလုံးသားကို
ငါ့ကိုယ်တိုင် မှန်ထဲပြန်ကြည့်ဖို့မေ့နေတာ ပင့်ကူမျှင်တွေတောင် တက်ပေါ့။ ငါ့အတွက်… ငါ့ဟာ… ငါကောင်းဖို့… နဲ့ ငါ ငါ ငါ… ငါသည်
အစွယ်ဖွေးဖွေးတို့ကြားမှာ မိုးခါးရေတွေ တစ်ရှိုက်မက်မက်သောက်လို့။ ဒီလိုနဲ့
ဒီလို အတွေးမျိုးတွေးတဲ့ ငါဟာ အမှားကြီးကို မှားနေသပေါ့။ တိမ်ညိုညိုတွေအောက်မှာ မိုးရေ ခါးခါးတွေက ရွာလို့
ကောင်းတုန်း……….
လူတွေက အမှားတွေကြားမှာ ကခုန်မြူးတူးလို့၊ ဇာတ်တူသားတွေရဲ့ အသွေး၊ အသားတွေကို မြိန်ရည် ယှက်ရည်စားသုံးလို့။ ပတ်ဝန်းကျင်မှာလည်း အရေထူထူ၊ အစွယ်ဖွေးဖွေးတွေက ငါ့ကို ချောင်းမြောင်းကြည့်နေတယ်------ဟုတ်တာပေါ့
ReplyDeleteမိုးရေခါးခါးတွေကတော့ ရွာနေဆဲပါပဲ
အမှားတွေအများကြီးကြားက မိုးခါးရေ သောက်သူများ.. (ကိုယ်တိုင်အပါအဝင်)
ReplyDeleteလူသားမှန်ရင် အတ္တနဲ့ ကင်းဝေးလို့မရတာ သဘာဝပေါ့ မောင်အောင်ထွဋ်ရေ။
ReplyDeleteတစ်ဖက်စွန်း အတ္တ လောဘသား စာရင်း မဝင်ဘို့တော့ အရေးကြီးတာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Jack Landon ရဲ့ Call Of The Wild ကို သတိရမိကြောင်းပါ။
ReplyDelete