စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 28, 2011

သက်တန့်ရဲ့ လေပြေ - အပိုင်း ၁


          “အို….. လှလိုက်တာ” လေပြေ တိုးတိုးလေး တစ်ယောက်ထဲ ပြောနေမိတယ်။  ဒီလို ကောင်းကင်ယံမှာ သက်တန့်တစ်ခုပေါ်လာတိုင်း လေပြေ ဒီလို ပြောနေကျ။  သူ့ကိုလည်း လွမ်းမိသည်။  သူကတော့ သူမကို လွမ်းမည် မလွမ်းမည် လေပြေမသိ။ အိမ်ရှေ့က မြက်ခင်းစိမ်းစိမ်းလေးတွေပေါ်မှာ မိုးစက်ကလေးတွေက တွဲလွဲခိုနေကြသည်။  နေရောင်ခြည်နုနုမှာ ဒီလိုမြင်ခွင်းမျိုးကို လေပြည်သဘောကျသည်။  သက်တန့်ကတော့ သဘောကျမည်မကျမည် သူမ မသိ။ 
          “ဆရာမလေး လူနာလာတယ်” အိမ်က ဒေါ်အေး လာခေါ်တော့မှ တွေးလက်စ အတွေးကို ဖြတ်ပြီး လူနာသွားကြည့်ပေးလိုက်သည်။  လေပြေခုနေတဲ့ ရွာကလေးက ခေါင်လှသည်တော့ မဆိုသာ။  တိုက်နယ်ဆေးရုံဆိုတာက ၃ နာရီလောက် ကားနှင့်သွားရသည်။  ဒါတောင် လမ်းကကောင်းဦးမှ။  မိုးတွင်း လမ်းကြမ်းလျှင် သွားရလာရခက်သည်။  တစ်ရွာလုံးမှာ လေပြေ ဆေးခန်းကလေးတစ်ခုသာရှိသည်။  အအေးမိလျှင်လည်း လေပြေ၊ မြွေကိုက်လည်း လေပြေ၊ ကလေးမွေးလျှင်လည်း လေပြေ အားလုံးလေပြေကိုသာ အားကိုးကြသည်။  လေပြေကိုယ်တိုင်ကလည်း ဆရာဝန်ပေါက်စ။ မည်သို့ပြင်ဖြစ်စေ ဆေးခန်းလာသူအားလုံးကို တတ်နိုင်သလောက် ကုပေးသည်။  ကေ့စ်ကြီးရင်တော့ တိုက်နယ်ဆေးရုံလေးသို့သာ သွားရန် ဖျောင်းဖျရသည်။  ရိုးသားသော တောသူတောင်သားတို့ သဘာဝ ဆေးရုံတက်ရမှာကို ကြောက်တတ်ကြသည်။  သို့သော် လေပြေ ကျေနပ်သည်။  သူတို့ ဘ၀လေးတွေကို တတ်နိုင်သလောက် ကူညီပေးရသည်ကို လေပြေသဘောကျသည်။ 
          ရွာထဲမှာတော့ စာကြည့်တိုက်ကလေးတစ်ခုရှိသည်။  ဒါက သက်တန့်နှင့် လေပြေတို့ ပေါင်းပြီးဖွင့်ထားတာလေး။  ဒါလေးဖွင့်ဖို့က သက်တန့်က အကြံပေးတာ။  အကြံပေးတယ်သာဆိုတယ် ပြောသွားတုန်းက တစ်တစ်ခွခွ “ဒီမှာလေပြေ နင်ကူညီလိုစိတ်ရှိတာမှန်တယ်၊ နင်ကူညီနေတယ် ငါလက်ခံတယ်၊ အားလည်းပေးတယ်။  ဒါပေမယ့် အိတ်အပေါက်ထဲကို နင်ဖားဘယ်နှစ်ကောင်ထည့်ထည့် အလဟသဘဲ။  ဖားကောက်တဲ့လူလည်းရှိရမယ် အဲ အဓိကက အိတ်ကို ဖာပေးရမယ်။  ပိုကောင်းတဲ့ အိတ်တစ်ခုကို ဖန်တီးပေးနိုင်ရမယ်” ဆိုပြီး ဒါလေးကို လုပ်ဖြစ်သွားတာပါ။  သက်တန့်ဆိုတာက လေပြေရဲ့ဆေးကျောင်းတက်နေတုန်း ရန်ကုန်မှာ တွေ့ဖြစ်တဲ့ သူငယ်ချင်း။  သူက စက်မှု့တက်တဲ့သူ၊ ခင်မင်မိတယ်ဆိုတာက လေပြေတို့နေတဲ့ ရပ်ကွက်ထဲမှာဘဲ တွေ့နေကျ ဖြစ်နေတော့ မျက်မှန်းတမ်းမိနေရင်းနှင့် ခင်သွားဖြစ်တာပါ။ 
          အမြဲတမ်းတွေ့လိုက်ရင် မှုန်ကုပ်ကုပ်ဖြစ်နေတတ်တဲ့ သက်တန့်၊  သိပ်လည်း အရယ်အပြုံုးမရှိသလို နှုတ်ဆက်လို့ရယ်ပြလိုက်ရင်လည်း မဲ့ပြုံးပြန်ပြန် ပြုံးပြတတ်တဲ့ သက်တန့်ကို လေပြေ သတိထားမိသည်။  ရပ်ကွက်ထဲက ၁၀ တန်းကလေးတွေကတော့ သူ့ကို ဆရာ ဆရာလို့ခေါ်ကြသည်။  သူက ဂိုက်ပြသည်ကိုး။  ခင်မင်သွားတော့ သူ့အကြောင်းကပိုစိတ်ဝင်စားစရာကောင်းတယ်။  သူက နယ်မြို့လေးက။ သူ့အဖေက သူဒုတိယနှစ်မှာ ဆုံးသွားတယ်။  တစ်ကောက်ကြွက် တစ်မျက်နှာနှင့် ကိုယ်ခြေထောက်ပေါ်ကိုရပ်ပြီး ကျောင်းတက်နေရတယ်တဲ့။  ဒီဂိုက်ပြတယ်ဆိုတာ သူ့ဝမ်းစာ။  သူ့ဝမ်းစာဆိုပေမယ့် သူအထင်မကြီးဘူးတဲ့။
သူ့လေသံနဲ့ ပြောရရင်တော့ “ဒီမှာ လေပြေ ဒီလို ပညာရေးစနစ်ကို ငါ အထင်မကြီးဘူး။  ဂိုက်ဆိုတဲ့ အကူပစ္စည်းရှိမှ စာသင်နိုင်မယ်ဆိုတဲ့ ကျောင်းသားတွေကိုလည်း ငါအထင်မကြီးဘူး။  တစ်ကယ်တော့ ပညာရေးစနစ်ရဲ့ ရေသောက်မြစ်ဟာ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ။  ဒါပေမယ့် တစ်ချို့ကျောင်းတွေမှာက ပညာရေးကို ငွေနဲ့ အလဲအလှယ်လုပ်ပြီး စာသင်ချိန်မှာ တစ်ချို့ဆရာတွေက စာကို ကောင်းကောင်းမသင်ဘဲ ကျူရှင်ဆိုတဲ့ဟာကို ထပ်ဖွင့်တယ်။ သူတို့ စားဝတ်နေရေးအတွက်ဖြစ်တော့ ငါ ဘာမှ မပြောလိုပါဘူး။  ဒါပေမယ့် ငွေမတတ်နိုင်တဲ့ ကျောင်းသားလေးတွေကိုတော့ တန်းတူ ပညာရေးမျိုးပေးသင့်တာပေါ့။   ခြတွေ ခြတွေ နေရာတစ်ကာ လှိုက်လှိုက်စားနေတဲ့ ခြတွေကို ငါရွံတယ်။  ဒီကြားထဲမှာ ငါတို့လို ဂိုက်ဆိုတဲ့ လူတန်းစားတစ်ရပ် ထပ်မံပေါက်ဖွားလာရတယ်။ ရှင်းရှင်းပြောရရင် ဒီသင်ရိုးညွှန်းတမ်းထဲကပဲ မေးခွန်းတွေကိုမေးတာ။  ဒီသင်ရိုးညွှန်းတမ်းကိုပဲ ကျောင်းမှာတစ်ခေါက်သင်တယ်၊ ကျူရှင်မှာတစ်ခေါက်သင်တယ်၊ ဂိုက်ဆီမှာ တစ်ခေါက်ထပ်သင်တယ်။  အချိန်တွေ ဘယ်လောက် အလဟသဖြစ်လည်း” ဆိုပြီး သူရဲ့ ဒသနကို မဆုံးနိုင်အောင် ရှင်းပြတတ်ပါတယ်။ 
လေပြေကတော့ တော့ သူပြောတိုင်း ပြုံးပြုံးလေး ထိုင်နားထောင်ရတာကို သဘောကျတယ်။ “ဒီမှာ လေပြေ ပညာရေးဆိုတာ တစ်ချို့နေရာတွေမှာ ဒါမေး ဒါဖြေ ဒီအမှတ်ရတာ ပညာရေးမဟုတ်ဘူး။  လူဆိုတာက critical thinking နဲ့ lateral thinking နှစ်မျိုးကို တွေးခေါ်နိုင်ရမယ်။  လူဝင်ဆန့်နိုင်ဖို့က အသိုင်းအ၀ိုင်းမှာ လိုက်လျှောညီထွေရှိဖို့ ပတ်ဝန်းကျင်အတွက် ဖြန့်ကျက်တွေးတောနိုင်ပြီးတော့ တိုးတက်မှု့ကိုဖန်တီးနိုင်ဖို့ အတွေးအခေါ် ရှိဖို့လိုတယ်။  ၁၀ တန်းဆိုတဲ့အချိန်ဟာ ဒီလို အတွေးအခေါ်တွေကို မျိုးစေ့ချပေးသင့်တဲ့အချိန်။  ဒီအချိန်မှာ ဒီစာကိုချည်းဘဲ တစ်နေ့ ၃ ခေါက်အချိန်ကုန်ခံသင် နေတဲ့ ကလေးဟာ သူ့အတွက် ကိုယ်ပိုင်အချိန် ဘယ်လောက်ကျန် မလည်းနင်စဉ်းစားကြည့်။  သူတို့မှာ သင်ထားတဲ့စာကို နားလည်အောင်တစ်ခေါက်ကြိုးစားဖို့ အချိန်တစ်ခုလိုတယ်၊ မှတ်မိအောင် မှတ်ဥာဏ်ထဲ စွဲသွားဖို့ အချိန်တစ်ခုလိုမယ်။ ဒါတွေပြီးရင် သူတို့ တစ်နေ့တာ ၂၄ နာရီပြည့်သွားပြီ။  ပြီးတော့ သင်ယူထားတဲ့ ဘာသာရပ်ကနေ ဆင့်ပွား စပ်ဆက်ပြီးတော့ တိုးတက်လာနိုင်တဲ့ အတွေးအခေါ်တွေ ဖြစ်လာအောင် တွေးသင့်တဲ့ အချိန်တစ်ခုရှိသင့်တယ်။  ဘယ်မှာလဲ အဲ့ဒီအချိန်။  လူငယ်သဘာဝ သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါးဆော့ကစားဖို့အချိန်။  လွတ်လပ်စွာ ဆော့ကစား၊ လွတ်လပ်စွာ ဖန်တီးနိုင်ဖို့အတွက် အချိန်တစ်ခုရှိသင့်တယ်။  ရှင်းရှင်းပြေရရင် ငါတို့ဟာ ဂျီးနီးယပ်စ် လေးတွေကို သတ်ပစ်နေတာနဲ့ တူတူဘဲ”
“ဟုတ်ချင်ဟုတ်မှာပေါ့ သက်တန့် ဒါပေမယ့် သူတို့အတွက် ဒီအချိန်မှာ အမှတ်များများရဖို့ အရေးကြီးတယ်လေ။  သူတို့ အမှတ်ကောင်းမှ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို တက်နိုင်မှာပေါ့။  ဒါမှ သူတို့ ဘ၀ရပ်တည်ချက်ခိုင်မာမယ်လေ။”
“အေး အမှတ်ကောင်းဖို့ဆိုတာက ရေသောက်မြစ်ကောင်းရင် ပြည့်စုံနေပြီ။  ဒီလို အချိန်ဖြုန်းမှ အမှတ်ကောင်းမယ်ဆိုတဲ့ အတွေးအခေါ်ကြီးကို ငါမလိုချင်ဘူး။  ဒီလို အတွေးအခေါ်ကို လက်ခံနေတဲ့ ပတ်ဝန်းကျင်ကြီးကိုလည်း ငါမကြိုက်ဘူး။  ကလေးငယ်တစ်ယောက်ဟာ သူတို့ သင်ကြားတဲ့ဘာသာရပ်ရဲ့ သဘောသဘာဝကို သိဖို့လိုအပ်တယ်၊ ဒီလိုသိရှိဖို့ဆိုတာက သူတို့ကိုယ်တိုင် တွေးတောဆင်ခြင်မှ သိမှာ။ ဘယ်လောက်သင်သင် ဒါဟာ ကိုယ့်ခံယူချက်နဲ့ နားလည်တာမဟုတ်ဘူး။ ကိုယ်တိုင်နားလည်တာမဟုတ်ဘူး။  အထဲက စာတွေကို အဓိပ္ပာယ်မသိဘဲ အလွတ်ရနေရုံနဲ့ကတော့ ဒါဟာ ပညာရေးမဟုတ်ဘူး၊ ကြက်တူရွေးတစ်ကောင်ကို နေ့တိုင်းပြောလဲ အဲ့ဒီကြက်တူရွေးက တစ်နေ့ စကားပြန်ပြောလာမှာဘဲ။  ငါတို့ဟာ ကြက်တူရွေးတွေ မွေးထုတ်နေတာမဟုတ်ဘူး။  ပညာတတ်တွေကို မွေးထုတ်နေတာ။  ကြက်တူရွေးဟာ ဘာမှန်းမသိတာကို ရွတ်နေတာ။  ကြက်တူရွေးတွေလို ကလေးတွေ ရွတ်ရွတ်ပြီး ဘွဲ့ရလာရင် ငါတို့နိုင်ငံဘာဖြစ်ဖြစ်လာမလည်း နင်စဉ်းစားကြည့်”
သက်တန့်နဲ့ စကားပြောလိုက်တိုင်း ဒီလို တစ်ယူသန်ဆန်ဆန်တွေဘဲ အမြဲကြားရပေမယ့် လေပြေကတော့ သက်တန့်နဲ့ခင်မင်ရတာကို သဘောကျသည်။  သူနှင့် အမြဲလိုလိုပင် တွေ့ဖြစ်သည် တွေ့တိုင်းတွေ့တိုင်းလည်း စကားပြောတိုင်းလည်း လေပြေနှင့် အမြဲတမ်း အတိုက်အခံ။
တစ်ခါတုန်းကလည်း “သက်တန့် ငါကျောင်းပြီးရင် မြို့ကဆေးရုံတွေမှာ မလုပ်ချင်ဘူးဟယ်။  ငါတို့နိုင်ငံမှာ မဖွံဖြိုးသေးတဲ့ ဒေသတွေ အများကြီးရှိသေးတယ်။  အဲ့ဒီ နေရာတွေသွားပြီးတော့ အလုပ်လုပ်ချင်တယ်” လို့ပြောလိုက်တော့ သက်တန့်က “နင့် ပညာကို နင်ယုံရင်တော့ သွားပေါ့တဲ့။  လောလောဆယ် နင်ကို့စာသင်နေတဲ့ ဟိုဆရာကြီးတွေရဲ့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ ဂိုက်ဆိုတဲ့လူနဲ့ နင်သင်နေတာကို တော့ ပထမဆုံး နင်ပြန်စဉ်းစား။  နင်ဟာ ဆရာဝန်တစ်ယောက်၊  ဆေးပညာသင်တယ်ဆိုတာ လူ့အသက်ကို ကယ်ဖို့။  လူအသက်ကို ကယ်ဖို့ဆိုတာက သူခံစားရတဲ့ ရောဂါ၊ ဇစ်မြစ်၊ ဖြစ်ပွားရတဲ့ အကြောင်းတရား၊ ကုသပုံ ဒါတွေကို နင်သေသေချာချာသိဖို့လိုတယ်။  စပေါ့ရိုက်ပြီးကျက်၊ ပြီးတော့ အဲ့ဒါကို ဖြေ၊  မဖတ်မိတဲ့ဟာတွေ ကျန်ခဲ့တဲ့ဟာတွေနဲ့ ယောင်ဝါးဝါးနင့် ဆရာဝန်လက်မှတ်ဟာ လူသတ်လက်နက်တစ်ခုဖြစ်သွားမှာကို ငါမမြင်ချင်ဘူး လေပြေ။  နင်တို့ဟာ လတ်တလော အမှတ်ကောင်းဖို့မကောင်းဖို့ထက် ဆေးပညာကို ကြေကြေညက်ညက်လေ့လာ သင်ယူပြီးတော့ ဆရာဝန်ဆိုတဲ့ ပရောဖက်ရှင်နယ် လမ်းတစ်ခုကို လျှောက်လှမ်းသင့်တယ်။  ကိုယ်ကို ယုံကြည်လို့ အားကိုးလာတဲ့လူတွေအပေါ်မှာ နင် တာဝန်ကျေနိုင်ရမယ်၊ ၀ါးချလို့မရတော့ဘူး။  အဲ့ဒီတော့ နင်ကိုယ်နင် ယုံကြည်တယ်ဆိုရင် သွားပေါ့” တဲ့။
          လေပြေ အသားတွေ ဆက်ဆက်တုန်ပြီးတော့ သူ့ကို မခေါ်မပြောတာ ၂ ပတ်လောက်ရှိမယ်ထင်ပါတယ်။  မခေါ်ပေမယ့် သူလမ်းထဲက ဖြတ်ဖြတ်သွားတိုင်း ခိုးခိုးကြည့်ရတာအမော။  သူကတော့ ဘယ်လိုနေတယ်မသိပါဘူး။  အရင်အတိုင်းဘဲ ပုံစံက မှုန်ကုပ်ကုပ် သူဂိုက်ပြစရာရှိတာကို ပြနေတာပါဘဲ။  လေပြေ့အိမ်ဘက်ကို ယောင်လို့တောင်လှည့်မကြည့်။ ဒါကိုဘဲ လေပြေထပ်စိတ်ဆိုးရတော့ပေါ့။ လူကိုလည်း ပိုးစိုးပက်စက်ပြောသွားသေးတယ်။  ပြန်တောင်းပန်ဖို့ကျတော့ သတိမရဘူး။ ဟွန်း။
နောက်ဆုံးတော့ အလျှော့ပေးလိုက်ရတာက လေပြေပါပဲ။  ကိုယ်ဟာကို စိတ်ကောက်ပြီးတော့ ကိုကပဲ သူ့ကို ပြန်ခေါ်ရတာကိုး။  သက်တန့်ကတော့ ခပ်တည်တည်ပါပဲ “ဒီမှာလေပြေ ငါက စေတနာနဲ့ နင့်ကို ပြောတာပါဟာ။  ငါ့သမီးလေး တော်လိုက်တာ  ဆေးကျောင်းတက်နေတယ်လို့ နင့်မိဘတွေက သူတို့ အသိုင်းအ၀ိုင်းကို ပြောချင်ပြောလိမ့်မယ်။  ဒါပေမယ့် နင်ဘယ်လောက်တော်လဲဆိုတာက နင်ကိုယ်တိုင်ဘဲသိမှာလေ။  ငါကနင် ထူးချွန်ထက်မြက်ပြီး နင်ယုံကြည်ကို တစ်စိုက်မတ်မတ် လုပ်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာတာကို မြင်ချင်တာပါဟာ။  ဒီအတွက် နင့်မှာ အခြေခံအုတ်မြစ် တောင့်ဖို့လိုတယ်လေ”
“အေးပါသက်တန့်ရယ် နင့်စေတနာကို နားလည်ပါတယ် ဒါပေမယ့် ဒီလိုတော့ ရင့်ရင့်သီးသီး ပြောဖို့မကောင်းဘူးပေါ့ဟယ်”  နှစ်ယောက်လုံး ရယ်ဖြစ်ကြသည်။  သူရယ်တာက ခပ်မဲ့မဲ့ရယ်။  စိတ်သာကောက်ရတယ် မချော့တတ်တဲ့ လူနှင့်ကျတော့ ဒုက္ခ။
ဘာပဲဖြစ်ဖြစ် လေပြေကတော့ သက်တန့်ပြောသလို စာတွေ စုံအောင်ဖတ်ဖြစ်မှတ်ဖြစ်သည်။  ဂိုက်ကတော့ အိမ်ကစီစဉ်ပေးထားတာဆိုတော့ မတက်လို့မရ။  အားလပ်သောအချိန်ကလေးတွေမှာတော့ သင်ရိုးကို ကျေညက်အောင် ထပ်ခါထပ်ခါ ဖတ်ဖြစ်သည်။  ဒီလိုနှင့် လေပြေရော သက်တန့်ပါ ကျောင်းတွေပြီးခဲ့ကြသည်။
“မေမေ…. သမီး မြို့မှာနေမယ့်အစား မဖွံဖြိုးတဲ့ဒေသတွေမှာဘဲ သွားပြီးတော့ ကျန်းမာရေးလိုနေတဲ့လူတွေကို ဆေးကုပေးချင်တယ်”
“ဟဲ့ သမီးရယ် နင်ရူးနေလား၊  ဒီမှာ နင့်ကို ကျောင်းပြီးအောင်ထားရတာ ဘယ်လောက်ကုန်တယ်မှတ်လဲ။  ဟိုး တောချိုခြုံကြားသွားပြီးတော့ ဘ၀ကို ဘာဖြစ်လို့ အနစ်မွန်းခံမှာလည်း။  ဒီကဆေးရုံကြီးတွေမှာ အလုပ်သင်ဆရာဝန်လုပ် ပြီးရင် MRCP ဖြစ်ဖြစ် FRCS ဖြစ်ဖြစ် ဘွဲ့တစ်ခုထပ်ယူ၊ ဘွဲ့ရတော့လည်း အထူးကု ဒီမှာ လုပ်ချင်လုပ်၊ နိုင်ငံခြားသွားချင်ရင်လည်းသွား အားလုံး မေမေတို့ စီစဉ်ပေးမှာပေါ့”
“မဟုတ်ဘူး မေမေ သမီးဘ၀ တစ်ခုထဲအတွက် သမီး ကွက်ပြီး မကြည့်ချင်ဘူး။  သမီးတို့နိုင်ငံမှာ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေ သမီးဖြည့်ဆည်းပေးချင်တယ်”
“အို… ဘယ်ကပေါက်ပေါက်ရှာရှာ ဒီလို မဟုတ်မဟတ်အတွေးတွေ နင့်ခေါင်းထဲရောက်နေတာလည်း မိလေပြေ၊  ဒီမှာ ကိုယ့်ဘ၀တက်လမ်းရှိတဲ့ နေရာမှာ ကိုယ်တိုးတက်ရာတိုးတက်ကြောင်းကို လုပ်ပါလားဟဲ့”
မည့်သို့ပင်ဆိုစေကာမူ တစ်ဦးတည်းသော သမီးလေပြေ အလိုကျ လေပြေ့ ဖေဖေနှင့် မေမေက နောက်ဆုံး လေပြေ ဆန္ဒကို လိုက်လျှောခဲ့ပါတယ်။  ဒီဘ၀လေးကို လေပြေပျော်တယ်။  လေပြေကျေနပ်တယ်။  ကိုယ်ကို အားကိုးတဲ့ အရိုးခံ မျက်ဝန်းတွေကို လေပြေချစ်တယ်။  သူတို့လေးတွေ အဆင်ပြေသွားတာကို ကြည့်ပြီး လေပြေ ကြည်နူးတယ်။  လေပြေသက်တန့်ကို နယ်သွားတော့မယ်ပြောတုန်းက သက်တန့် ကလေပြေကို MP3 လေးတစ်ခု လက်ဆောင်ပေးခဲ့တယ်။  တရုတ်လုပ် ခပ်ပေါပေါ တန်ဖိုးမကြီးပေမယ့် ဒီ MP3 လေးကို လေပြေ မြတ်နိုးတယ်။  အထဲမှာ ထည့်ပေးထားတာက သီချင်းလေးတစ်ပုဒ်ထဲပါ။  ခင်မောင်ထူးရဲ့ “မောင့် ဆေးကျောင်းသူ” သီချင်းလေး။
လေပြေ ကျောင်းကို သူတစ်ခါမှ မလာဘူးပေမယ့် ဒီသီချင်းလေးနားထောင်တိုင်း ဗံဒါပင်လေးအောက်မှာ သူ လေပြေကိုစောင့်နေတယ်လို့ဘဲ လေပြေခံစားမိတယ်။ သေချာတာကတော့ လေပြေသူ့ရဲ့ အသည်းကို ခွဲစိတ်ခန်းက ဓားနဲ့ မခွဲဘူးဆိုတာကိုပါဘဲ။

ဆက်ရန်.........

No comments:

Post a Comment