အလင်းဆိုင်
၁ - အတိုဆုံး ၀တ္တုများ
မှန်ချင်လည်းမှန်မည်၊ မှားချင်လည်းမှားမည်
သို့သော် ထိချက်က အတော်ပြင်းသည်။ ဤမျှနူးညံလှသော လက်ကလေးက ထိုမျှလောက် နာကျင်အောင်ပြုနိုင်မည်ဟု
သူမထင်။ မျက်နှာတစ်ခြမ်းနာတာထက် အသည်းတစ်ခုလုံး
ကျင်သွားသည်။ ချစ်လွန်းလို့ လက်ကလေး ကိုင်မိတာကို
မင်းလုပ်ရက်တယ် မိနွယ်။ ဆယ်ကျော်သက်အသည်း ဗြန်းဗြန်းကွဲတယ်။
ကွဲတဲ့အသဲကို ဟော့ဒီ တစ်ခွက်နဲ့ဆေးမယ် မိနွယ်…. မင်း သိပ်ရက်စက်တယ်။
အလင်း ဆိုင် ၂ - အတိုဆုံးဝတ္တုများ
ဆိုက်ကားကို ဆိုင်ရှေ့သို့ထိုးရက်လိုက်သည်။ ဒီနေ့ ဖောက်သည်ပါးလှသည်။ အုန်နာကြေးသွင်းပြီး လက်ထဲမှာ ၁၅၀၀ သာသာ ကျန်သည်။
အငယ်ကောင် ကနေမကောင်း။ လမ်းထိပ်ကွမ်းယာဆိုင်က
ဆေးတစ်ဖုံဝယ်လာသည်။ ဒါလေးဆိုရင်တော့ သက်သာတန်ကောင်းပါရဲ့။ ဟိုရက်က၀ယ်ထားသော စိမ်းစားငပိနှင့် အိမ်ဘေးက အတို့အမြှုပ်လေးတွေနဲ့ဆိုရင်တော့
ဒီကနေ့ စားလောက်သေးပါရဲ့။ မိုးမိထားသောကြောင့်
တစ်ကိုယ်လုံး တဆစ်ဆစ်ကိုက်နေသည်။ မြမေကတော့
အိမ်နားက ကုန်စုံဆိုင်မှာ ဆန် ၂ ဘူးလောက် အကြွေးယူပြီး ထမင်းအိုးတည်နေတော့မည်။ ပြန်တော့မှ ၀င်ပေးတော့မည်။ မနက်ဖြန်ဆိုက်ကားဆက်နင်းဖို့ ဒီကနေ့ သူ ဒါလေးကို
မှီဝဲမှဖြစ်မည်။ အနာဂတ်ကိုတွေးရင်း သက်ပြင်းတစ်ချက်
ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။
အလင်းဆိုင်
၃ - အတိုဆုံးဝတ္တုများ
“ချီယား” ဖန်ခွက်တိုက်သံများ ဆိုင်ကလေးအတွင်း
သို့လွင့်ပျံသွားသည်။
ဘေးဘီဝဲယာမှ
လူများ သူတို့ဝိုင်းသို့ လှမ်းကြည့်နေကြသည်။
ဘမောင် ဒါကို ဂုဏ်ယူသည်။ ပွဲစားလောကမှာ
“ဘမောင်” ဆိုတဲ့ နာမည်တစ်လုံး ပွဲစားတန်းတစ်ခုလုံး သိသည်။ မည်သို့ပင်ဆိုစေ ဘမောင်လက်ထဲ ၀ယ်လက်ရောက်လာလျှင်
လွတ်ရိုးထုံးစံမရှိ။ ကား၊ အိမ်၊ ခြံ၊ တိုက်
ဒီမြို့နယ်တစ်ခွင် ဘမောင် အားလုံး နောကြေသည်။
သူဈေးဖြတ်လိုက်လျှင် ၀ယ်သူရောင်းသူ မျှရမည်။ ထိုကြောင့် ဘမောင် နာမည်တစ်လုံးရလာသည်။ လူပျိုလူလွတ်မို့ အပေါင်းအသင်းကလည်း စုံလှသည်။ ဒီကနေ့ ခြံဆိုင်တာ ပွဲဖြစ်သောကြောင့် ငွေကလေး ရွှင်နေသည်။ ထို့ကြောင့်ပင် ဘမောင် အူမြူးနေသည်။
အလင်းဆိုင်
၎ - အတိုဆုံးဝတ္တုများ
ရင်တွေ တထိတ်ထိတ်ခုန်နေသည်။ ခုန်နေသော ရင်ကို ငြိမ်သွားစေရန် တစ်ခွက် ထပ်သောက်လိုက်သည်။ ဇောချွေးပြန်နေသောမျက်နှာရှိ အဆီနှင့်ဇောချွေးများကို
လက်နှင့်သပ်ချလိုက်သည်။ ထို့နောက် ပုဆိုးနှင့် ကပ်သုတ်လိုက်သည်။ စိတ်ငြိမ်မလားလို့ ပဲကြီးလှော်တစ်စေ့ ပါးစပ်ထဲထည့်ဝါးထားသည်။ ကျီကြည့်ကြောင်ကြည့်နှင့် ပတ်ဝန်းကျင်ကို သူ ကြည့်မိသည်။
အားလုံးက သူ့အာရုံနှင့်သူ။ အနည်းငယ်စိတ်အေးသွားရပြန်သည်။ ဒေါသကိုရှေတန်းတင်မိသည်ကိုက သူ့အမှား၊ ဒါပေမယ့်
ပြင်လို့ရမယ်တော့သူမထင်။
“အိချို နင်သိပ်လုပ်ရက်တယ်….
ဟိုလို အကောင်နဲ့ပေါင်းပြီးတော့များ ငါ့ကို သစ္စာဖောက်ရက်လိုက်လေခြင်းဟယ်” ဒါကိုတွေးမိတိုင်း သူ ဒေါသများ ပြန်လည်အုံကြွလာသည်။ ပုလင်းကိုလှမ်းကြည့်လိုက်တော့ တစ်ဝက်ကျိုးနေပြီ။
ရဲတွေများ သူနောက်လိုက်လာလေမလား တွေးရင်း ရင်တွေပူလာသည်။ နောက်တစ်ခွက် ထပ်ဆင့်သောက်လိုက်သည်။ ရင်ထဲကို အပူတွေ အလုံးလိုက်ကြီးဝင်သွားသည်၊ သူ ဓားနှင့်ပိုင်းခဲ့သော
ဟို နှစ်ယောက်ကတော့ သေသလား၊ ရှင်သလား သူမသိ။
အလင်းဆိုင်
၅ - အတိုဆုံး ၀တ္တုများ
ဒီဆိုင်လေးကို သူရောက်ခဲ့တာ ၈ နှစ်သားကထည်းက။ အခုဆိုရင် ၄နှစ်နီးပါးပြည့်တော့မည်။ လွမ်းသည်။
ရွာကို အရမ်းလွမ်းသည်….. ပေတူးတို့နှင့်
ရွာထပ်ညောင်ပင်ကြီးနားမှာ ဂျင်ပေါက်တမ်း၊ ညောင်ပင် တစ္ဆေလုပ်တမ်းကစားရတာကို လွမ်းမိသည်။ သို့သော် မတတ်နိုင် အဖေက ကျန်းမာရေး ချူချာလာသည်။ အရင်လို သူရင်းငှား မလုပ် အမြဲတမ်း မလိုက်နိုင်တော့။ အမေကတော့ ကြုံရာ အကုန်လုပ်ရင်း သူ့ညီလေးတွေ ၀မ်းရေးဖြည့်ပေးသည်။ မတ်တပ်စာသာရှိ၍ တုန်းလုံးစာမရှိသော သူ့ တို့ဘ၀၊
သူဘာကို အလိုမကျရမှန်းမသိ။
“ဟေ့ ချာတိတ် နောက် တစ်ပိုင်းထပ်ဆွဲခဲစမ်းကွာ…. ပြီးရင် အဖိုးကြီးသုတ် နောက်ထပ်တစ်ပွဲ”
“ရမယ် ဆရာရေ့” ပြောရင်းဆိုရင်း သူ ဆိုင်နောက်သို့
ပြေးဝင်သွားသည်။
အလင်းဆိုင်
၆ - အတိုဆုံးဝတ္တုများ
အပြင်ကိုလှမ်းကြည့်လိုက်သည်။ နေ၀င်တော့မည်။ အိပ်တန်းပြန်ငှက်တို့ ဟိုမှ သည်သို့ ပျံသန်းနေသည်။ လမ်းမပေါ်မှာ လူတွေ ရှုပ်ရှက်ခက်နေသည်။ လမ်းဘေးမှာတော့ ပျံကြဈေးသည်တို့ ဖြင့်စည်ကားနေလှသည်….
ဒီရပ်ကွက် ဒီလူတွေနှင့် သူရင်းနှီးသည်။ ထိုအရပ်က
သူ့အတွက် အတွေးများစွာပေးသည်။ ထိုအတွေးတွေကို
ရင်ထဲမှခံစားချက်နှင့် ပေါင်းစပ်ကာ ကလောင်သွားဖြင့် စာပေါ်သူတင်မည်။ သူ့ဘ၀တွင် မြတ်နိုးသောအရာ မှာ ဘောပင်လေးတစ်ချောင်း
သာဖြစ်သည်။ ကြိုက်သောအရာမှာ ယခုထိုင်နေသော
အလင်းဆိုင်ကလေးဖြစ်သည်။ နိစ္စဓူဝ တွေ့မြင်နေရသော
မြင်ကွင်းအားလုံးသည် သူ့အတွက် ကုန်ကြမ်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ တစ်ခွက် သောက်လိုက်သည်။ မြင်းခွာရွက်သုတ် တစ်ဇွန်းကို ပါးစပ်ထဲကောက်ထည့်လိုက်သည်။ ထိုအရာက ဆီးရွှင်စေသည်၊ မျက်စိအားကောင်းစေသည်ဟု သူယုံကြည့်သည်။
အလင်းဆိုင်
၇ - အတိုဆုံး ၀တ္တုများ
ဆိုင်ရှိ နောက်ဆုံးခွေးခြေကို စားပွဲပေါ်တင်လိုက်သည်။ စားပွဲထိုးလေးက ဆိုင်ကို လှည်းကျင်းနေသည်။ ပုလင်းခွံများကို နေရာတကျ စီစရီ ပြန်ထားလိုက်သည်။ ခေါင်မိုးပေါ်က မိုးယိုနေ့တက် အပေါက်ကို မနက်ဖြန်
တက်ဖာရဦးမည်။ ဒီဆိုင်ကို သူ့ဖခင်ကြီးဆီမှ
ဆက်ခံလာခဲ့သည်မှာ သူ့ဘ၀ သက်တမ်း ထက်ဝက်ကျော်နေပြီဖြစ်သည်။ ဘူတာကြီးတစ်ခုလိုပင် လူများစွာ သူ့ဆိုင်ကလေးကို
လာကြသည်။ ပြန်ထွက်ခွာသွားကြသည်။ ခံစားချက်တွေကို ရင်ဖွင့်တတ်ကြသည်။ ဆူဆူညံညံဖြင့် အချိန်တွေက ယခုတော့ တိတ်ဆိတ်ခြင်းဖြင့်
အဆုံးသတ်သွားသည်။ သူ့ဘ၀သည်လည်း ထိုသို့ပင်
ဖြစ်ဦးမည်။ သူသေဆုံးရင် ဒီဆိုင်ကို လာခဲ့တဲ့လူတွေက
သူ့ အသုဘကို လိုက်ပို့မည်လား။ မသေချာ။ မည်သို့ပင်ဖြစ်စေ မနက်ဖြန် သူ ဆိုင်ပြန်ဖွင့်ဦးမည်။
AH
Min har ka lal AYET shop akyaung chee pal
ReplyDelete