စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, May 12, 2012

ယုံချင်ယုံ မယုံချင်နေ စင်္ကာပူ ဖုန်းရွှေပုံပြင်များ ၂

          စင်္ကာပူ ပြန်ရောက်တော့ ထုံးစံအတိုင်း ပူပြန်သည်။  ဒီနေ့မနက် တောင်ရှာမြောက်ရှာနဲ့ စင်္ကာပူက အကြောင်းလေးတွေ ဖတ်မိပြန်သည်။  ဒါနဲ့ပဲ ယုံချင်ယုံ မယုံချင်နေ စင်္ကာပူ ဖုန်းရွှေပုံပြင်များ - ၂ ကို ထပ်ပြီး ပေးလိုက်ပါသည်။  ပထမပိုစ့်လိုပဲ ယုံချင်ယုံ မယုံချင်နေ စင်္ကပူ ဖုန်းရွှေဆိုတဲ့ အတိုင်း ယုံချင်မှယုံ မယုံချင်လည်း မယုံကြပါနဲ့ ခင်ဗျား။












Singapore Flyer သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ချား
          စင်္ကာပူရောက်ရင် ဆန်တိုစာ ကျွန်းလေးသွား၊ ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းအရုပ်ကြီးပေါ်တက် ဓာတ်ပုံရိုက်၊  ဒါမှမဟုတ် ယူနီဗာဆယ်စတူဒီယိုသွား၊ မာရီနာဘေး တစ်ခေါက် ပတ်လမ်းလျှောက်၊ ဒါမှမဟုတ်ရင် ကလပ်ကီးနဲ့ ဘုတ်ကီး တစ်ကြောက ဘီယာဆိုင်မှာ ညနေစောင်းလေး ဘီယာစုပ်။  ဒီလိုမှ မဟုတ်ရင်တော့ Singapore Flyer ကြီး သွားစီးပေါ့လေ…။ 
          Singapore Flyer က ၁၆၅ မီတာမြင့်ပြီးတော့ အဲ့ဒီမှာ အတွဲ ၂၈ ခုရှိပါတယ်။  တွဲတစ်ခုချင်းစီမှာ အဲ့ကွန်းတပ်ထားလို့ အေးအေးလူလူနဲ့ စင်ကာပူမြင်ကွင်းကို တစ်ဝကြီး ကြည့်လို့ရတယ်၊  ဟိုတစ်လောကလို မီးပျက်မသွားရင်ပေါ့လေ…။  အဲ… အရင်တုန်းကတော့ စင်္ကာပူက အဲ့ဒီချားကြီး လည်တဲ့အခါမှာ စင်ကာပူကျွန်းဘက်ကို မျက်နှာမူတဲ့ အခြမ်းကနေ စပြီးတော့ လည်ပါတယ်။  ဆိုလိုတာက တိုက်တွေဘက်ကို မျက်နှာမူပြီး လည်ပြီးတော့ ပင်လယ်ဘက်ကို နိမ့်ဆင်းသွားတာပါ။  ဒါဟာ ကြည့်လိုက်ရင် နေ၀င် နေထွက်နဲ့ ဆန့်ကျင်ဘက် အရပ်မျက်နှာကို လည်နေတာလို့ ဖုန်းရွှေပညာရှင်တွေကဆိုပါတယ်။  ဒီတော့ သဘာဝ တရားကြီးကို လွန်ဆန်သလိုဖြစ်နေလို့ ခုဆိုရင် Singapore Flyer ကြီးဟာ ပြောင်းပြန် လည်နေပြီဖြစ်ပါတယ်။  အဲ့ဒီ ချားကြီးစီးရင် သတိထားပြီးကြည့်လိုက်ပါ ပင်လယ်ဘက်ကနေ တက်သွားပြီးတော့ အဆောက်အဦးတွေဘက်ကို နိမ့်သွားပါတယ်။  ဒါဟာ သဘာဝတရားကြီးနဲ့ ကိုက်ညီတဲ့အပြင် ပြင်ပက ကံကောင်းခြင်းတွေကို စင်ကာပူကျွန်းကို သယ်ဆောင်လာတယ်လို့ အဓိပ္ပာယ်ယူပါတယ်လို့ ချိုင်းနားပိုစ့်မှာ ဖော်ပြသွားပါတယ်။


ပူလောအူဘင်ကျွန်းကလေးရဲ့ ၀ိညာဉ်ပို့ ထီးများ
          ပူလောအူဘင်ဆိုတာက စင်္ကာပူကနေ လှေကလေးနဲ့သွားရင် ရောက်တဲ့ကျွန်းကလေး။  ဘာမှတော့ ရှိလှတယ်မဟုတ်ပါဘူး။  တောင်တက်၊ စက်ဘီးစီး ပြန် ဒါပါပဲ။  ဒါပေမယ့် မြို့ကြီးပြကြီးတွေမှာ လူတွေ ကြပ်ညပ်တဲ့ဒဏ်ကို ခံစားရသူတွေကတော့ စိတ်ပြေလက်ပျောက် ဘာမှ မရှိတဲ့ကျွန်းမှာ ဘာမှ မရှိတာကိုပဲ အရသာခံရက အရသာလို ဖြစ်လေတော့ တစ်ခါတစ်လေ အရသာခံကြပါတယ်။  အဲ့.. ပူလောအူဘင်ကတော့ သရဲချောက်တတ်တယ်လို့ နာမည်ကြီးပါတယ်။  ဟုတ်မဟုတ်ကတော့ မသိ။ 
ကဲထားပါတော့လေ… ပူလောအူဘင် ကိုသွားရင် လှေစီးရတယ်လို့ ပြောခဲ့ပါတယ်။  အဲ့ဒီက လှေသမားတွေမှာတော့ ထူးခြားတဲ့ ဥပဒေသ တစ်ခုရှိပါတယ်။ ဒါကတော့ သူတို့ရဲ့လှေတွေမှာ လူသေတွေကို တင်ခွင့်မပေးတာပါ။  စင်္ကာပူမှာ နေတဲ့လူတွေ ပူလောအူဘင်မှာ သေသွားခဲ့ရင် ကျွန်းမကြီးကို ပြန်သယ်လို့ မရပါဘူးတဲ့။  အဲ့ဒီကျွန်းကလေးပေါ်မှာပဲ မြှုပ်နှံကြပါသတဲ့။  ဒါပေမယ့် သေလူတို့ရဲ့ ၀ိညာဉ်ကိုတော့ ပြန်လည်ယူဆောင်ကြပါတယ်။  ဒါဆိုရင်တော့ ၀ိညာဉ်ကို ဘယ်လိုယူကြလဲဆိုတဲ့ ဓလေ့လေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ သစ်သားပြားပေါ်မှာ သေသူရဲ့ အမည်နာမကို ရေးထိုး ရွတ်ဖတ်ပြီးတော့ပြန်လည် ယူဆောင်ကြတာပါ။ 
ဒါပေမယ့် ပူလောအူဘင်က လှေသမားတွေကတော့ ဒီလိုမျိုး သစ်သားပြားတွေကို ဒီအတိုင်းသယ်ဆောင်တာကို လက်မခံကြပါဘူး။  သူတို့ရဲ့ဓလေ့ကတော့ ၀ိညာဉ်ကို ပြန်လည်သယ်ဆောင်လာဖို့ ထီးတစ်လက်ငှားတာပါ။  ထီးကတော့ တရုတ်ရိုးရာထီးပါ။  စက္ကူရယ်၊ ၀ါးရယ်နဲ့ လုပ်ထားတဲ့ထီးဖြစ်ပြီးတော့ ထီးမျက်နှာပြင်မှာ ဖယောင်းသုတ်၊ ဆေးဆိုးထားလေ့ရှိပါသတဲ့။  အဲ့ဒီထီးနဲ့ သေသူရဲ့ အမည်နာမ ထွင်းထားတဲ့ သစ်သားပြားရယ်၊ အဲ့ဒီ သစ်သားပြားရှေ့က အမွေးတိုင်ရယ်ပေါ်မှာ ထီးကို ဆောင်းပေးထားရပါတယ်။  မိုးရွာရွာ၊ နေပူပူ၊ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အဲ့ဒီထီးကို လှေပေါ်က သစ်သားပြားနဲ့ အမွှေးတိုင်ပေါ်မှ ဆောင်းပေးမှသာ သေသူရဲ့ ၀ိညာဉ်ဟာ ဘယ်ကိုမှ လွတ်ထွက်မသွားတဲ့အပြင်၊ သူတို့ရဲ့ လှေပေါ်မှာလည်း သောင်တင်နေတော့မှာ မဟုတ်ဘူးလို့ ယုံကြည့်ကြပါတယ်။ 
ဒီတော့ နောက်တစ်ခါ ပူလောအူဘင်ကျွန်းကိုသွားလို့ လှေကလေးတွေစီးရင် လှေဆိပ်ရဲ့ ခေါင်မိုးတွေကို သတိထားပြီးကြည့်လိုက်ပါ။  အဲ့ဒီမှာ စက္ကူထီးလေးတွေ ချိတ်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သွားပြီးတော့ ထိတာတို့၊ ဖွင့်တာတို့ မလုပ်ပါနဲ့တဲ့။  အဲဒီ ထီးတွေဟာ ၀ိညာဉ်တွေကို သယ်ပို့တဲ့အခါမှာ သုံးတဲ့ ထီးတွေ ဖြစ်ပါသတဲ့။

စင်ကာပူနှင့် သရဲကြီးနေ့
          စင်္ကာပူမှာတော့ တရုတ်ရိုးရာဓလေ့အတိုင်း သရဲကြီးနေ့ (Hungry Ghost Festival) ကို နှစ်စဉ်နှစ်တိုင်း လုပ်လေ့ရှိပါတယ်။  ဒါဟာ တရုတ် ပြက္ခဒိန်အရတော့ ၇ လပိုင်းမှာကျရောက်ပါတယ်။  နှစ်စဉ် ဂျူလိုင်နဲ့ သြဂုတ်လတွေဆို စင်္ကာပူက လမ်းတွေမှာတော့ သရဲစာကြွေးထားတာတွေ၊ စက္ကူမီးရှို့ထားတာတွေကို တွေ့ကြရမှာပါ။ တိုင်အို ဖုန်းရွှေယုံကြည်သူတွေကတော့ အတော့်ကို အယူသည်းပြီးတော့ ယုံယုံကြည်ကြည်ကိုလုပ်ကြပါတယ်။  အဲ့ဒီရက်တွေမှာ ငရဲတံခါးပွင့်ပြီးတော့ သရဲတွေဟာ လူ့လောကထဲကို ၀င်ရောက်လာကြတယ်လို့ ယုံကြည့်ကြပါတယ်။  ဒီတော့ သက်ဆိုင်ရာ အိမ်တွေက သက်ဆိုင်ရာ သေလွန်သူတွေကို ခေါ်ပြီးတော့ အစားအစာ၊ စက္ကူမီးရှို့ပြီး ပိုက်ဆံ စတာတွေကို ပေးကြပါတယ်။  နောက်ပြီးတော့ ရပ်ကွက်တွေထဲမှာ Getai Show လို့ခေါ်တဲ့ နတ်ပွဲလိုလို၊ ပြဇာတ်လိုလို ပွဲသေးသေးလေးတွေလည်း လုပ်ကြပါတယ်။  အဲ့ဒီ ပွဲတွေမှာ သတိထားပြီးကြည့်လိုက်ပါ ရှေ့ဆုံး ခုံတန်းတွေက လွတ်နေပါတယ်။  ဒါဟာ သရဲတွေ ကြည့်ဖို့အတွက် နေရာပေးထားတာဖြစ်ပါတယ်။  ဒီတော့ ယောင်လို့ သွားမထိုင်လေနဲ့၊  သင့်ဘေးနားက တရုပ်တွေက သင့်ကို ပြူတူးပြဲတဲ ကြည့်ကုန်ကြပါလိမ့်မယ်။
          အဲ.. နောက်ပြီးတော့ အဲဒီလတွေမှ အယူသီးတဲ့ လူတွေကတော့ ဟော့ဒီ ရှောင်ရန်အချက်ကလေးတွေကို လိုက်နာကြပါတယ်။  ဒါကတော့
၁။  ရေကူးကန်ထဲမှာ ရေမကူးကြပါဘူးတဲ့။  သူရဲတွေဟာ သူတို့ ကျွတ်လွတ်ဖို့အတွက် လူစားရှာတတ်လို့ သင့်ကို ရေကူးကန်ထဲ ဆွဲနှစ်တတ်တယ်လို့ ယုံကြည်ကြပါသတဲ့။
၂။  ကလေးရော၊ လူကြီးတွေကိုပါ အိမ်ကို စောစောပြန်လာကြဖို့ ပြောတတ်ကြပါတယ်။  သရဲတွေဟာ ညပိုင်းမှာ ကျက်စားတတ်တာမို့ ကလေးငယ်တွေကို ၀င်ရောက်ပူးကပ်တတ်တယ်လို့ ယုံကြည်ကြပါတယ်။
၃။  အဲ့ဒီ လအတွင်းမှာ အခန်းအသစ်ပြောင်းခြင်း၊ ဆိုင်အသစ်ဖွင့်ခြင်းတို့ကို ရှောင်ကြပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ သရဲကြီးလဟာ နမိတ်မကောင်းဘူးလို့ ယူဆကြလို့ပါတဲ့။
၎။ မင်္ဂလာဆောင်ခြင်းကိုလည်း ရှောင်ရှားကြပါတယ်။  အဲ့ဒီလတွေမှာ စိတ်ထားဆိုးတဲ့ သရဲတွေဟာ မင်္ဂလာမောင်နှံ အတွက် အတိတ်နမိတ်ဆိုးတွေကျရောက်အောင် ကျိန်စာတိုက်တတ်တယ်လို့ ယူဆကြသလို၊ အဲ့ဒီလမှာ လက်ထပ်ရင် ဇာတ်သိမ်းမကောင်းဘူးလို့လဲ ယူဆကြသူတွေရှိပါတယ်။
၅။ အဲ့ဒီလတွေမှာ တောထဲလျှောက်လည်တာတို့၊ တောင်တက်တာတို့ကို ရှောင်ကြပါသတဲ့။  အသေအပျောက်များတတ်တယ်လို့ ယုံကြည်ကြပါတယ်။
၆။ ကားမောင်းတဲ့အခါမှာလည်း သတိထားကြပါသတဲ့။  အစိမ်းသေနဲ့ လမ်းပေါ်မှာ ပွဲချင်းပြီး သေတဲ့ သရဲတွေဟာ အဲဒီလမှာ အထူးမြူးပြီး အဖော်ခေါ်တတ်ကြလို့တဲ့။


ကြိုက်ရင်တော့ အောက်က Like Button လေးကို နှိပ်ပေးသွားကြပါနော်... :P

2 comments:

  1. မောင်အွတ်ထောင်ကော.. အဲဒီ ချားကြီး ဘယ်နှစ်ခါ စီးပြီးပြီလဲ မသိ။း)

    သူတို့အယူသည်းတာလေးတွေ စိတ်ဝင်စားဖို့ကောင်းတယ်။

    ReplyDelete
  2. စိတ်ဝင်စားဖို့ ကောင်းတယ်...

    ReplyDelete