စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, August 1, 2012

စေတနာလား အဿပြာလား


          ဆေးဖိုးဝါးခ ဆိုတဲ့ စကားလုံးလေးက အတော်လေး လှသည်။  မည်သို့မည်ပုံ ဆေးဖိုးဝါးခ ဟူသော စကားလုံး ဖြစ်တည်လာသည်ကိုတော့ ကျွန်တော်မသိ။  သို့သော် ယနေ့ခေတ်ကြီးမှာတော့ အဆိုပါ စကားနှစ်လုံးကို မြင်လျှင် ဆေးဖိုးရယ်၊ ၀ါးခရယ် ဆိုပြီး ရွှေပြည်ကြီးမှာ ခွဲပြီး မြင်ကြသည်။  စေတနာ လှိုင်လှိုင်ပေါလှပါသည်၊ ကူညီတတ်သော မြန်မာလူမျိုးများဟု ကမ္ဘာက ယူဆခဲ့ကြသည်။  ဒီနေ့ ဆေးရုံတွေ သွားလျှင်တော့ အဆိုပါ အရာများကို တွေ့ဖို့ရာမလွယ်။  ဇစ်မြစ်ကို ရှာလိုက်တော့လည်း ဂျာအေးကို သူ့အမေရိုက်နေပြန်သည်။  ကျန်းမာရေးဝန်ထမ်းတွေက လစာမလောက်လို့၊ ဆေးရုံတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ ပစ္စည်းတွေ မလုံလောက်လို့၊  ပြည်သူတွေအတွက် ကျန်းမာရေး ဘက်ဂျက် မရှိလို့ စသည် စသည်ဖြင့် မုန့်ကြိုးလိမ်သလိုကျစ်နေလေတော့ ကြက်ဥအစ ရှာမရ။  ဒီလိုနဲ့ လူတွေရဲ့ အကျင့်စာရိတ္တတွေ ယိုယွင်းလာကြသည်။  သို့ပေမယ့် အထူးကု ဆေးခန်းတွေကတော့ ဟော ဟိုမှာ တစ်လုံး၊ ဟော ဒီမှာ တစ်လုံး ပေါ်လာနေသည်။  ဆေးရုံတွေ ပေါလာပေမယ့် စေတနာတွေကတော့ ရှားရှားလာသည်။  ခေတ်ရေးစီကြောင်းပေမယ့် ရောဂါဖြစ်လာလို့ ကုစရာ ငွေမရှိရင် သေဖို့ပြင်ရုံသာ။  ဟင် ငွေမှ မရှာနိုင်တာ သေပေါ့ ဆိုတဲ့ ရက်စက်လှတဲ့ စိတ်ဓာတ်မျိုးစေ့တွေ မျိုးဆက်သစ်တွေထဲ ခေါင်းထဲကို ပတ်ဝန်းကျင်က ရိုက်သွင်းမှာကို စိုးရိမ်လှသည်။ 
          ဒီနေ့ အန္ဒိယက သတင်းလေး ဖတ်လိုက်ရတော့ တော်တော်လေး ရင်ထဲမှာ မကောင်းဖြစ်သွားသည်။  အန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်က ပြည်သူဆေးရုံမှာ ဖြစ်သွားတဲ့ သတင်းလေးကို ဒီကနေ ဖတ်ဖြစ်လိုက်ခြင်း ဖြစ်သည်။  အဖေက ကြုံရာ ကျပန်း လက်လုပ်လက်စား အိမ်တွေလိုက်ပြီး ဆေးသုတ်တဲ့ အလုပ်သမား။  အမေကတော့ ဘာလုပ်သည်မသိ။  သူတို့နှစ်ယောက်မှာတော့ လမစေ့ပဲ သမီးလေးကို ပြည်သူ့ဆေးရုံကြီးတွင်မွေးသည်။  ရင်နှစ်သည်းခြာ လေးကို ပေးနိုင်သည်က ချစ်ခြင်းသာဖြစ်သည်။  ပိုက်ဆံဆိုသည်မှာ တစ်နေ့လုပ် တစ်နေ့စား လူတန်းစားအတွက် အလုပ်ရှိမှ ၀င်ငွေရှိသည်။  အလုပ်မရှိလျှင် ၀င်ငွေမရှိ။  သူတို့မွေးတဲ့ သမီးငယ်လေးက လမစေ့တော့ လမစေ့ပဲ မွေးတဲ့ ကလေးတွေကို ထားရတဲ့ incubator ထဲမှာ ထည့်ထားရသည်။  ထည့်ထားရတော့ ဆေးရုံက လျှပ်စစ်ဖိုးဆိုပြီး ရူပီး ၂၀၀ တောင်းသည်။  ရူပီး ၂၀၀ သည် မြန်မာငွေ ၃၀၀၀ ၀န်းကျင်သာ။  ခက်သည်က ကလေးအဖေ ကူမားမှာ ငွေနှင့်တူတာ ခြူတစ်ပြားမှမရှိ။  ဆေးရုံကို ငွေရှာပေးပါ့မည်၊ သမီးလေးကိုတော့ incubator ထဲမှာ ထည့်ပေးထားပါလို့ အထပ်ထပ်အခါခါ တောင်းပန်သော်လည်း ဆေးရုံကလက်မခံ။  နောက်ဆုံးဆေးရုံက ကလေးငယ်ကို incubator ထဲကနေထုတ်လိုက်သည်။ ကလေးငယ်အတွက် ချိတ်ပေးထားသော အားဆေးပိုက်ကိုလည်း ပိုက်ဆံမပေးနိုင်လို့ဆိုပြီးတော့ ဖြုတ်ပစ်လိုက်သည်။  ကလေးငယ်လေးဟာ incubator ထဲက ထုတ်ပြီးတော့ ၃နာရီ အကြာမှာ သေသွားသည်။  ပိုက်ဆံ ၃၀၀၀ ကျပ်ကြောင့် သေသွားသည်။  မိခင်ဖြစ်သူကတော့ ယူကြုံးမရ ဆေးရုံက သူ့သမီးလေးကို သတ်တာပါဟု မည်တမ်းပြီးတော့သာ ငိုရှာသည်။  ဖြစ်တာတွေတော့ ဖြစ်ပြီးသွားပြီ။  သက်ဆိုင်ရာတွေကတော့ ၂ ရက်အတွင်း အဖြစ်မှန်ရအောင် စုံစမ်းမည်ဟုဆိုသည်။  အဆိုပါလင်မယားကိုလည်း နစ်နာကြေး (မြန်မာငွေနှင့် တွက်လျှင် ၁၅ သိန်းခွဲခန့်) ပေးမည်ဟုဆိုသည်၊ ကျွန်တော်ဆိုလျှင်တော့ အဆိုပါငွေကို ယူပြီးတော့ ဆေးရုံကလူတွေရဲ့ မျက်နှာကို လိုက်ပေါက်ဖြစ်မည်ထင်သည်။ အန္ဒိယ နိုင်ငံမှာ ဖြစ်သွားတဲ့ သတင်းလေးကတော့ ဒီမှာတင်ပြီးသွားသည်။

          ကျွန်တော်ဆက်တွေးကြည့်မိသည်။  မြန်မာနိုင်ငံမှာရော ဒီလို အဖြစ်မျိုး ရှိလား။  ကျွန်တော်တို့ ဘာများမှားလည်းပေါ့။  မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မွေးဖွားလာတာဟာ ကျွန်တော်တို့မှားတာလား?  မြန်မာနိုင်ငံသားတစ်ယောက်ဟာ ရိုးသားစွာ ငွေရှာနေရက်နဲ့ ငွေကြေးမပြည့်စုံတာဟာ သူ့အမှားလား?  တစ်ကယ်လို့ ငွေကြေးမပြည်စုံတဲ့ လူတစ်ယောက် မကျန်းမမာ ဖြစ်တဲ့အချိန်မှာ သူ့အတွက် အားကိုးစရာဟာ ဘာလဲ?  မြန်မာနိုင်ငံမှာ နေတဲ့ မြန်မာနိုင်ငံသားဖြစ်ရက်နဲ့ ကိုယ့်နိုင်ငံရဲ့ ပြည်သူ့ဆေးရုံကြီးက နိုင်ငံသားတစ်ယောက်ကို လျှစ်လျူရှု့တဲ့ လုပ်ရက်ဟာ ဘယ်လောက်အထိ ရင်နာစရာကောင်းလဲ?  ကိုယ့်နိုင်ငံသားတစ်ယောက်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှု့မပေးနိုင်တဲ့ နိုင်ငံမှာ နိုင်ငံသားဖြစ်ရတာလောက် ရင်နာစရာ ကောင်းတာမရှိပါဘူး။  ဆိုလိုတာက နိုင်ငံသား ပြောင်းပြီး ခံယူကြမယ်ဆိုတဲ့ ပေါ်ကျော့ အတွေးအခေါ်မျိုးမဟုတ်ပါဘူး။  ဒီနိုင်ငံရဲ့ အခြေအနေကို ပြုပြင်နိုင်တာက နိုင်ငံတော်ကို ကိုယ်စားပြုထားတဲ့ နိုင်ငံသားတွေ သာဖြစ်ပါတယ်။  တစ်နေ့နေ့တော့ နိုင်ငံသားတိုင်း ကျန်မာရေးရဲ့ အားကိုးရာဟာ ပြည်သူ့ဆေးရုံကြီးဖြစ်သည် လို့ စိတ်ထဲမှာ အမှန်တကယ် ၀မ်းမြောက်ဝမ်းသာ ဖြစ်လာမည့် နေ့ရှိလာဖို့ မျှော်လင့်သည်။  ထိုအချိန်တွင် ဆေးရုံသို့ ၀င်သွားသောအခါ အပေါက်စောင့်က မင်္ဂလာပါ ခင်ဗျာလို့ ကျွန်တော်တို့ကို နှုတ်ဆက်ပြီး နပ်စမ လေးများက ဖော်ရွေပြူငှာစွာနဲ့ နိုင်ငံသားကောင်း ပီသစွာ အလုပ်လုပ်လာမယ့် နေ့ကို မျှော်လင့်မိသည်။  

3 comments:

  1. အင်းးး ပြောကိုမပြောချင်တော့တာပါ ဆြာထွတ်ရယ်

    ReplyDelete
  2. မြန်မာနိုင်ငံမှာ အများကြီးရှိတာပေါ့
    မေမေက ဆေးနဲ့ဆေးပစ္စည်းကလေ
    ဒီလိုအဖြစ်မျိုးတွေ အချိန်ကြာကြီးမြင်တွေ့ခဲ့ရတာပါ

    ReplyDelete
  3. မြန်မာနိုင်ငံမှာလည်း အဲလိုအဖြစ်ပျက်တွေ
    အများကြီးရှိပါတယ်..သိလိုက်ရတဲ့အဖြစ်တွေရော
    မသိလိုက်ရတဲ့အဖြစ်တွေရောအများကြီးမှအများပါ...
    အဲလိုသတင်းတွေကြားလိုက်ဖတ်လိုက်ရရင်
    ရင်ထဲအောင့် အောင့်သွားတယ်..

    ReplyDelete