စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 15, 2011

ဖြစ်တည်မှု့ ၃ ခု


          ကျွန်တော်တို့ဟာ လူရယ်လို့ ဖြစ်လာရင် ဖြစ်တည်မှု့ ၃ ခုကို မလွဲမသွေ ကြုံတွေ့ရမှာပါ။  အာဖရိကကလူတွေဖြစ်ဖြစ် တရုတ်ကလူတွေဖြစ်ဖြစ် ကျွန်းပေါ်ကလူတွေဘဲဖြစ်ဖြစ် ဒီ ၃ မျိုးကို ပထမဆုံး တွေ့ကြုံကြရမှာပါ။  ပထမဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပါဘဲ။  ဒါဟာ သင်အသက်ရှင်နေသရွှေ့ သင် နှင့် သင်ဟာ အမြဲတမ်းအတူတစ်ကွ ရှိနေမှာပါ။ သင်နှင့် အတူတကွ အလုပ်လုပ်ရမှာက သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  သင်နှင့် အတူတစ်ကွ အကြိမ်အများဆုံး ထမင်းစားမယ့်လူ၊ သင်နှင့် အတူတကွအကြိမ်အများဆုံး အိပ်စက်မယ့်လူ၊ သင်နှင့်အတူတစ်ကွ ရေချိုးမယ့်လူ တစ်နေ့တာ သင်နှင့် အတူတစ်ကွ ရှိနေမယ့်လူဟာ သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  အဲ့ဒီတော့ သင်နဲ့ သင်ကိုယ်တိုင်ဟာ သဟဇာတဖြစ်နေဖို့လိုပါတယ်။ သင့်ကိုယ်သင် ယုံကြည်နေဖို့လိုပါတယ်။  သင်ကိုယ်တိုင်ဟာ သင်ရဲ့ သူငယ်ချင်းကောင်းဖြစ်နေဖို့လိုပါတယ်။  ဒုတိယ ဖြစ်တည်မှု့တစ်ခုကတော့ သင်ကိုယ်တိုင်ဟာ လူတစ်ယောက်ဖြစ်နေခြင်းပါ။  ဒါကြောင့် သင်ဟာ အခြားသော လူတစ်ယောက်နဲ့ ဆက်ဆံရေး ရှိဖို့လိုပါတယ်။  တတိယ ဖြစ်တည်မှု့ကတော့ အစုအဖွဲ့ နှင့် အတူတစ်ကွ အလုပ်လုပ်နိုင်ဖို့၊ လူအများနှင့် အတူ မျှဝေခံစားတတ်ဖို့၊ အသင်းအဖွဲ့တွေနှင့်အတူ အလုပ်လုပ်နိုင်ဖို့၊  အဖွဲ့အစည်းအလိုက် အလုပ်လုပ်နိုင်ဖို့ ဒါတွေ လိုအပ်ပါတယ်။
          အဲ့ဒီတော့ ပထမ ဖြစ်တည်မှု့ဖြစ်တဲ့ သင် နှင့်အတူ သင် အလုပ်လုပ်ခြင်းဆိုတဲ့ အပိုင်းမှာ သင့်ရဲ့ စရိုက်၊ သင့်ရဲ့ အတွေးအခေါ်၊ သင့်ရဲ့ ကျင့်ဝတ် စတာတွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။  လူရယ်လို့ဖြစ်လာရင် ရည်ရွယ်ချက်က နှစ်မျိုးရှိပါတယ်။  တစ်မျိုးက သင်ယူတာပါ။ နောက်တစ်မျိုးက တီထွင်တာ၊ ဖန်တီးတာပါ။  ဒီတော့ သင်ယူပြီးတတ်မြောက်လာမယ် ဒီကနေမှ ဆင့်ပွား ဖန်တီးနိုင်မှာပါ။  ကမ္ဘာကြီးကို သင်ဘာတွေ ချပြချင်သလည်း၊ သင်ဘာကို အိပ်မက် မက်သလဲ၊ သင့်ရင်ထဲက ဘာကို ထုတ်ပြချင်သလဲ စတာ စတာတွေကိုပေါ့။  ဒီတော့ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဆိုသလို တစ်ဦးချင်းစီရဲ့ ရပ်တည်မှု့ဟာ တစ်ခြားသူထံကို အကျိုးသက်ရောက်မှု့များစွာ ဖြစ်ပေါ်စေပါတယ်။  ဒီလို မိမိကိုယ်ကို မိမိမြှင့်တင်မှလည်း အခြားတစ်ရောက်နဲ့ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်လာမှာပါ။  မိမိနှင့် နီးကပ်ဆုံး ရှိနေတဲ့ သူငယ်ချင်းဖြစ်စေ၊ အိမ်ထောင်ဖက်ဖြစ်စေ အစရှိသူတွေနဲ့ သဟဇာတ ဖြစ်လာမှာပါ။  ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှု့တွေ ဘယ်လိုကွဲပြားခြားနားသည်ဖြစ်စေ တူညီတာတစ်ခုကတော့ သင်ဟာ လူအစုအဝေးနှင့်အတူတစ်ကွနေမှ ရှင်သန်ရုန်းကန်နိုင်မယ်ဆိုတာပါဘဲ။  သင့်တစ်ယောက်ထဲ အသက်ရှင်နေထိုင်သွားဖို့ မလွယ်ကူပါဘူး။ 
          တစ်ချို့တွေက တစ်သီးတစ်သန့်နေချင်ကြတယ်။  တစ်ယောက်ထဲ အလုပ်လုပ်ချင်ကြတယ်။  တစ်ချို့တွေကတော့ ခင်မင်တဲ့ တစ်ယောက်ကောင်းသူငယ်ချင်းနှင့်သာ အလုပ်လုပ်လိုကြတယ်၊ ဆက်ဆံလိုကြတယ်။ တစ်ချို့ကြတော့ ကိုယ့်အစုအဖွဲ့လေးနှင့်သာ ပျော်ရွှင်ကြတယ်။  ဒါပေမယ့် အခြားသူတွေနဲ့ လက်ဆုံထမင်းစားတဲ့အခါမျိုးကြတော့ ရှက်ကိုး ရှက်ကန်းဖြစ်တာတို့၊ နေမထိထိုင်မသာဖြစ်တာတို့ ဒါမျိုးတွေဖြစ်တတ်ကြပါတယ်။  ဒါပေမယ့် ပြန်လည်ဆန်းစစ်ကြည့်ဖို့က ကျွန်တော်တို့ဟာ လူပေါင်းများစွာနဲ့ မဖြစ်မနေကို ဆက်ဆံထိတွေ့နေကြရမှာပါ။ ဒါကြောင့် လူပေါင်းများစွာနဲ့ လိုက်လျှောညီထွေ ဖြစ်နေဖို့လိုအပ်ပါတယ်။  ဒါကြောင့် ကျန်းမာရွှင်လန်း တက်ကြွနေတဲ့ လူတစ်ယောက်ဆိုတာကို ပုံဖော်ကြည့်မယ်ဆိုရင် အဲ့ဒီလူဟာ ကိုယ့်ကိုကိုယ် လည်း ကျေနပ်ပျော်ရွှင်နေတဲ့လူ၊ မိမိ ပတ်ဝန်းကျင်နှင့် ထိတွေ့နေတဲ့အခါမှာလည်း သဟဇာတ ဖြစ်နေတဲ့လူ၊  အဖွဲ့အစည်း၊ လူအများနှင့် အလုပ်လုပ်နေတဲ့အခါမှာလည်း လိုက်လျှောညီထွေဖြစ်နေတဲ့လူပါ။  ဒီတော့ ကျွန်တော်တို့လည်း ပထမ ရပ်တည်မှု့ကစပြီး ပြန်လည်သုံးသပ်ကာ တတိယ ရပ်တည်မှု့အထိ သင်ယူရင်း မနက်ဖြန်တွေကို ကျော်ဖြတ်ကြပါစို့။

Ref : Angeles Arrien ရဲ့ Mount Madonna School နှင့် အင်တာဗျူးကို ကိုးကားပါသည်။

No comments:

Post a Comment