“ကျန်းကျန်း
မာမာ၊ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည်… လူမွဲတွေက သဋ္ဌေးဖြစ်မည်၊ မနှေးဖြစ်တော့မည်” ဆိုတဲ့
တို့နဂါးနီ သီချင်းကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ အဲ့ဒါနဲ့ တွဲမြင်မိတာက လက်တွန်းလှည်း ထီဆိုင်လေးတွေ။ ထီဆိုင်တွေနဲ့ ဒီသီချင်းတွဲဖွင့်တာကတော့ နားလည်ရ
အတော်ခက်သည်။ နဂါးနီသီချင်းရဲ့ ရည်ရွယ်ချက်က
လူတွေ ထီးများများလှိမ့်ထိုး ကံကောင်းလို့ ထီများပေါက်ခဲ့ရင် ဆိုတဲ့ ရည်ရွယ်ချက်တော့
မဟုတ်ဘူးပေါ့လေ။ ထီပေါက်ရင် ငွေရရင် ရုတ်တရက်ချမ်းသာသွားခဲ့ရင်…
ဘာလုပ်မှာလဲ? တိုက်ကြီးကြီးမှာ နေမှာလား၊ ကားအကောင်းစားတွေ ၀ယ်မှာလား… ပလက်တီနမ် လက်မလုံးလောက်
ဆွဲကြိုးကြီးဆွဲမှာလား? သို့ပေမယ့် နိုင်ငံသားတိုင်း
ချမ်းသာသွားဖို့က လူတိုင်း ထီမပေါက်နိုင်၊
ဒီတော့ ထီပေါက်ရင်၊ ငွေရရင်၊ ရုတ်တရက် ချမ်းသာသွားဖို့ဆိုတာ သန်း ၆၀ ပုံ ၁ ပုံသာ
အခွင့်အရေးရှိသည်။
ခုဒီမိုကရေစီရပြီးတော့လည်း ဆင်းရဲ့မှု့ ပပျောက်ရေး
စီမံချက်ဆိုပြီး သမ္မတကြီး မကြာ မကြာထည့်သွင်း ပြောတာလည်း ကြားဖူးပါရဲ့။ သို့ပေမယ့် ဆင်းရဲမှု့ ပပျောက်အောင် ဘယ်လိုလုပ်မတုန်း။ လုပ်သားတိုင်းရဲ့ ၀င်ငွေ တက်လာအောင်လုပ်မယ်။ ဒါလည်း နည်းလမ်းတစ်ခုပဲ။ သို့ပေမယ့် ကျွန်တော် တစ်ခုတော့ စဉ်းစားကြည့်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘာတွေ ဆင်းရဲနေလည်းဆိုတာကိုပါ။ ဆင်းရဲခြင်းကို ဘာနဲ့တိုင်းတာသလဲ… ငွေကြေးနဲ့ တိုင်းတာလား။ အင်း ဟုတ်တော့ဟုတ်တယ်။ ငွေကြေးဟာ ဓန အင်အားကိုပြသနဲ့ အထင်ရှားဆုံး ပြယုဒ်တစ်ခု။ ဒါပေမယ့် အဲ့ဒီ ငွေကြေးကို ဘာတွေနဲ့ ဖလှယ်ယူလဲ? တိုင်းပြည်တစ်ခု ချမ်းသာလာဖို့ဆိုတာက အခြားတိုင်းပြည်က
ငွေ၊ ငွေနဲ့ ဖလှယ်လို့ရတဲ့ ကုန်ပစ္စည်းတွေကို ကိုယ့်တိုင်းပြည်ထဲကို များများ စီးဝင်လာအောင်
လုပ်တော့မှ တိုင်းပြည်ထဲမှာ ရှိတဲ့ လူတွေလည်း ချမ်းသာလာမယ်။ ဒီတော့ ဒီလို စီးဝင်မှု့လမ်းကြောင်းကို ဘယ်ကနေ ရနိုင်သလဲ?
ထုတ်ကုန်နဲ့လား၊ ကုန်သွယ်မှု့နဲ့လား၊ လူ့စွမ်းအား အရင်းအမြစ်နဲ့လား၊ ခရီးသွား လုပ်ငန်းကနေပြီးတော့လား၊
လက်ညှိုးထိုးပြီး ငါ ဒါလိုချင်တယ်ဆိုတဲ့ ပြီး အိတ်ထဲထည့်တဲ့ လက်ညှိုးထိုး ပညာရပ်နဲ့လား။ လက်ညှိုးထိုးရင် ရေဖြစ်လောက်တဲ့ တန်ခိုးနဲ့ ပြည်စုံတဲ့
လူတွေ မြန်မာပြည်မှာတော့ မရှိတာသေချာတယ်။ ဒီတော့
လက်ညှိုးထိုး ပညာရပ်နဲ့တော့ တိုင်းပြည်ကြီးကို ဓနအင်အား တောင့်တင်းလာအောင် လုပ်လို့
မရဘူးဆိုတာ သေချာတယ်။ ဒီတော့ ငွေကြေးရဲ့ ၀င်ငွေစီးဝင်လာမယ့်
လမ်းကြောင်းတွေမှာ ကျွန်တော်တို့ ဘာတွေ ဆင်းရဲနေလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုအပ်လာတယ်
လို့ ကျွန်တော်က မြင်မိပါတယ်။
ဆင်းရဲတယ်ဆိုတာကို အဓိပ္ပာယ်ပြန်ရရင် မရှိတာ၊
မသိတာ ဖြစ်ပါတယ်။ ဒီအထဲမှာ မသိတာက ပိုပြီး
အရေးကြီးပါတယ်။ မသိတဲ့ အရာတွေကို သိလာအောင်
အရင် လုပ်ရမယ်။ သိလာအောင်လုပ်ဖို့က အောက်ခြေမှာ
ဘာတွေဖြစ်နေသလဲဆိုတာကို သေချာသိအောင်လုပ်ရမယ်၊ ဗဟုသုတ များများလိုတယ်၊ ၊ အသိပညာရှင်၊
အတတ်ပညာရှင်တွေလိုအပ်တယ်။ သိလာတော့မှ ငါတို့မှာ
ဘာတွေ မရှိဘူးဆိုတာကို တွေ့လာမယ်။ ဒါတွေကို
ရှိလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို တွေးလာမယ်၊
တွေးပြီးတော့ လက်တွေ့ ဖြစ်လာနိုင်မယ့် နည်းလမ်းတွေ စဉ်းစားလာမယ်။ ပူးပေါင်း စဉ်းစားကြပြီးတော့ လိုချင်တဲ့ အရာကို
ရရှိအောင် ကြံဆောင်လာကြမယ်။ ဒီကနေပြီးတော့
လိုချင်တာကို ရမယ်။ ဒါဟာ ဖြစ်စဉ် စက်ဝိုင်းတစ်ခုပါ။ ဒါဟာ ရှောင်လွှဲလို့ မရတဲ့ ဥပဒေသ တစ်ခုပါ။ ဒီတော့ ကျွန်တော်တို့ရဲ့ လွှတ်တော်ကြီးမှာလည်း အဲ့ဒီ
အဓိကကျတဲ့ ကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေး၊ လေထဲမှာတင် ဆွေးနွေးချက်တွေ ပျောက်မသွားပဲ
လက်တွေ့ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်က
မြင်မိတယ်။ လွှတ်တော်ဟာ နုနယ်သေးတယ်ဆိုပေမယ့်
ဒီအတွက် ပြင်ဆင်မှု့တွေ၊ နိုင်ငံသားတွေကို ချပြတဲ့ စီမံကိန်းတွေကို မြင်ချင်လှပါသည်။ သေချာတာကတော့ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီစနစ်
ပြောင်းလဲသွားတာနဲ့ ထီဆုကြီး ထပေါက်သွားတာ မဟုတ်ပါဘူး။ ပိုမို လွတ်လပ်စွာ ဆွေးနွေးခွင့်တွေ နိုင်ငံသားတိုင်းမှာ
ရှိလာတယ်၊ ဒီကနေပြီးတော့ ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို လုပ်နိုင်ခွင့်တွေရလာမယ်။ ဒီကနေပြီးတော့ နိုင်ငံသားတွေရဲ့ အလုပ်အကိုင်ရရှိမှု့အခွင့်အလမ်းတွေ
မြင့်မားလာမယ်၊ ဒီကနေပြီးတော့ တဖြည်းဖြည်းနဲ့ တစ်ဦးချင်း ၀င်ငွေမြင့်မားလာမယ်။ ဒီလိုမျိုး စတင်ရမှာပေါ့လေ။
နောက်တစ်ခုက နိုင်ငံတစ်ခု တိုးတက်ဖို့၊ ဆင်းရဲခြင်းက
လွတ်ကင်းဖို့ဟာ နိုင်ငံသားတွေရဲ့ တစ်ဦးချင်း ပေါ်မှာလည်း အများကြီး တည်မှီနေတယ်။ ဥရောပမှာ စီးပွားရေးကျတဲ့ အကြောင်းနဲ့ ကျွန်တော်
ဥရောပက လူတစ်ချို့နဲ့ စကားစမြည်ပြောကြည့်တော သူတို့ရဲ့ အမြင်တွေထဲက အချက်တစ်ချက်ကတော့
လူငယ်တွေအပေါ်မှာ အားမရတဲ့ အကြောင်းပါပဲ။ အဓိကကတော့
သူတို့နိုင်ငံမှာ အစိုးရရဲ့ အထောက်အပံဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှု့ရေး တွေကစလို့ လိုလေသေးမရှိ
ပြည့်စုံနေအောင် စီမံပေးထားတဲ့အတွက် လူငယ်တွေဟာ အလုပ်ကို သေချာ မလုပ်ချင်ကြတော့ဘူးလို့ဆိုပါတယ်။ သေချာပါတယ် အဖွဲ့အစည်းတစ်ခုမှာ ဆွေးနွေးမှု့တွေ လိုအပ်တယ်၊
ဒီအတွက် စကားတွေ များများ ပြောကြရတယ်၊ ဒါပေမယ့် လက်တွေ့လုပ်ဖို့လည်းလိုအပ်တယ်။ စကားတွေပဲ လှိမ့်ပြောပြီးတော့ လက်တွေ မလုပ်ရင် ဘာမှ
ဖြစ်လာမှာမဟုတ်ပါဘူး။ ထမင်းစားဖို့အတွက် အနည်းဆုံးတော့
ထမင်းအိုးမီး ခလုပ်ကို ပလပ်ပေါက်ထဲထည့်၊ ဆန်ဆေး၊ ရေထည့် မီးခလုပ်နှိပ်ပြီး ထမင်းချက်ရတာပဲလေ။ ဒါကိုမှ မိသားစု တစ်ခုထဲမှာ ဘယ်သူမှ မလုပ်ချင်ရင်၊
စကားတွေဖောင်ဖွဲ့အောင်ပြော၊ တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးတွေထိုး နေရင်တော့ အချိန်တန်ရင်
စားစရာ ထမင်း မရှိဘူးပေါ့။
တိုးတက်ဖို့ အားယူနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ
ဒါမျိုးတွေကို တတ်နိုင်သလောက် ရှောင်လွှဲနိုင်ဖို့ အရေးကြီးလှပါတယ်။ နောက်တစ်ခုက နိုင်ငံသားတိုင်းရဲ့ ရည်မှန်းချက်ပါ။ ခုအချိန်မှာတော့ အခြေခံ လူတန်းစားအလွှာမှာ တစ်နေ့လုပ်မှ
တစ်နေ့စား တဲ့နေ့ရက်တွေကို ဖြတ်သန်းနေကြရတယ်ပေါ့။
ကျွန်တော် အထူးသဖြင့်ဆိုလိုတာက လူငယ်လေးတွေပါ။ အထူးသဖြင့် ပညာရှာပြီးလို့ အလုပ်ခွင်ဝင်ကြမယ့် လူငယ်မျိုးဆက်သစ်လေးတွေကို
ကျွန်တော် ဆိုလိုတာပါ။ အလုပ်လုပ်ရင် ၀င်ငွေရရှိပါတယ်။ နေ့စဉ် အသုံးစရိတ်မှာ ထွက်ငွေရှိပါတယ်။ မခန့်မှန်းနိုင်တဲ့ အခြေအနေတွေမှာ မဖြစ်မနေ သုံးရမယ့်
ငွေရှိပါတယ်။ ဥပမာ - အရေးပေါ် ဆေးရုံတက်ရတာမျိုးပေါ့။ ဒါကို မျှတာအောင် သုံးမှ ဖူလုံမှု့ဆိုတဲ့ ဝေါဟာရ
ရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ ခံစားရမှာပါ။
နောက်တစ်ခုက အသက်အရွယ်ရဲ့ အပိုင်းအခြားကို ခွဲခြားဖို့လိုပါတယ်။ အလုပ်လုပ်နိုင်သေးတဲ့ အချိန်မှာ ၀င်ငွေရရှိပြီး
အလုပ်မလုပ်နိုင်တဲ့တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ နောက်တစ်ခုက ၀င်ငွေရဲ့ အစိတ်အပိုင်းတွေကို ခွဲခြားတတ်ဖို့
အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင် ငွေကို ဘယ်တော့မှ
စုဆောင်းမိမှာ မဟုတ်ပါဘူး။ စုဆောင်းတယ်ဆိုကတာလည်း
ငွေတွေကို လက်ထဲ ကျစ်ကျစ်ပါအောင် ကိုင်ထားတာကို မဆိုလိုပါဘူး။ ခိုင်မာတဲ့ ရင်းနှီမြှုပ်နှံမှု့တွေနဲ့ အသွင်ပြောင်းထားနိုင်ပါတယ်။ ဒါဟာ ကုန်ဈေးနှုန်းကြီးမြင့်လာမှု့ကိုလည်း ကာကွယ်ပေးနိုင်တဲ့
စုဆောင်းမှု့ တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက မရှိမဖြစ်မ၀ယ်ယူလို့ရတဲ့
ပစ္စည်းတွေကို ၀ယ်ယူသင့်တဲ့ အချိန်ကို သိရှိသင့်ပါတယ်။ ငါဟာ ဒီပစ္စည်းကိုမှ မ၀ယ်ရင်၊ ဒီပစ္စည်း မရှိရင် ဘာဖြစ်သွားမလဲ
ဆိုတာကို စဉ်းစားကြည့်ပါ။ ဘာမှ မဖြစ်သွားရင်တော့
ဒီပစ္စည်းဟာ မလိုအပ်ဘူးပေါ့။ ဒီအတွက် ငါ့ဝင်ငွေရဲ့
အစိတ်အပိုင်း ဘယ်လောက်ကို သုံးရမလဲ? ကိုယ့်အတွက်
သုံးစွဲရမယ့် အတိုင်းအတာပမာဏအတွင်းမှာ လုံလောက်တယ် ဆိုရင်တော့ ၀ယ်ပေါ့။ သုံးစွဲသင့်တဲ့ အတိုင်းအတာထက် ကျော်လွန်နေရင်တော့
မ၀ယ်နဲ့ပေါ့။ နောက်တစ်ခုက ၀ယ်ယူမယ့် ပစ္စည်းရဲ့
သက်တမ်း၊ ဒီပစ္စည်းကို ဘယ်လောက်ကြာကြာသုံးလို့ရမလဲ၊ ပေးရတဲ့ ငွေနဲ့ တန်ရဲ့လား? ဒါမျိုးလေးတွေကို
စဉ်းစားကြည့်စေချင်သည်။ ဒီလိုမှ မစုဆောင်းမိရင်
ဖူလုံနဲ့ မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ ထိုနိုင်ငံသားတွေ စုပေါင်းထားတဲ့ နိုင်ငံဟာလည်း
ဖူလုံတဲ့ နိုင်ငံ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် တိုးတက်မှု့လှိုင်း မှာရေးခဲ့သလိုပဲ နောက်ပိုင်း ပေါ်လာမယ့် ခရက်ဒစ်ကဒ် စနစ်တွေအတွက်လည်း အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေအတွက်
စိုးရိမ်မိပါတယ်။
ဒီတော့ ငွေဆိုတာက လူတစ်ဦးချင်းစီအတွက်လည်း
ထီပေါက်လို့ အလုံးလိုက်ကြီးရလည်း စီမံခန့်ခွဲမှု့မရှိရင် ထွက်ငွေစီးကြောင်းအောက်မှာ
ရေထဲကို ထည့်လိုက်တဲ့ ဆားလိုပါပဲ။ ငွေရဖို့ဟာ
ငွေကို ဘယ်လိုအသုံးချရမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ အစိုးရ၀န်ထမ်း၊
ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ် ငွေဟာ လူတစ်ဦးချင်းစီရဲ့ စီမံခန့်ခွဲမှု့အပေါ်မှာပဲ မူတည်ပါလို့
ကျွန်တော်က မြင်ပါတယ်။
No comments:
Post a Comment