သင်္ဘောတစ်စီးကို ဒီဇိုင်းရေးဆွဲလျှင် ရေပေါ်တွင် တည့်မတ်စွာ (၉၀ ဒီဂရီ တည့်မတ်စွာ) တည်နေရန် ဒီဇိုင်းရေးဆွဲသည်။ ထို့ကြောင့် သင့် Hull Form ဒီဇိုင်းအပြီးသတ်သောအချိန်နှင့် သင်္ဘော၏ စက်ပစ္စည်းများ ဥပမာ- Engines, Generators, pumps အစရှိသည်တို့ကို ထည့်သွင်းသောအခါတွင် Load Distributionကို ဂရုပြုရန် လိုအပ်သည်။ Tanks arrangement များမှာ Hull form ဖန်တီးစဉ်ကပင် ထည့်သွင်းစဉ်းစားပြီး ဖြစ်သဖြင့် အထူးမဖော်ပြတော့ပေ။
Stability ဆိုသည်မှာ အကုန်နစ်မြုတ်နေသည်ဖြစ်စေ၊ တစ်ပိုင်းတစ်စနစ်မြုတ်နေသည်ဖြစ်စေ၊ အဆိုပါရေတွင် နစ်မြုတ်နေသော အရာဝတ္တုကို တည့်မတ်သော အခြေအနေတွင် တည်ရှိနေစေခြင်းဖြစ်သည်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ တည်ငြိမ်မှု့ (Stability) ပျက်ယွင်းသွားသောအခါတွင်လည်း မူလ တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းဖြစ်သည်။
Stability ဟုဆိုရာတွင် သင်္ဘောကို အလျှားလိုက် (Longitudinal Stability)နှင့် ကန့်လက်ဖြတ် (Transverse Stability)ဟူ၍ နှစ်မျိုး သတ်မှတ်နိုင်သည်။ ပုံမှန်အားဖြင့် သင်္ဘောများတွင် Longitudinal Stability သည် လုံလောက်လေ့ရှိသည်။ သင်္ဘောသည် အနံထက် အလျှားသည် ပိုမိုရှည်လျှားသည်။ ထို့ကြောင့် ယခုအခန်းတွင် Transverse Stability အကြောင်းကိုသာ အဓိက ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခန်းတွင် Stability ဟုသုံးနှုန်းပါက Transverse Stability ဟုသာ ယူဆကြပါရန်။
သင်္ဘောတစ်စီးတွင် ၆ ဒီဂရီမျှသော အနည်းငယ်တိမ်းစောင်းသည့် ဒီဂရီ ပမာဏကို Initial Stability ဟုခေါ်သည်။
အထက်ပါပုံကိုကြည့်ပါ။ အစက်ကလေးများနှင့် ပြသထားသေား လိုင်းကို ထိုခေါက်ချိုးညီ အရာဝတ္တု၏ ရေစူးအမှတ်(ရေတွင်နစ်မြုတ်နေသော အမှတ်) ဟုယူဆပါ။ ရေပေါ်တွင် ပေါ်နေသော အရာဝတ္တုတစ်ခုသည် မည်သည့် အလေးချိန်ကိုမျှ ထပ်မံ ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ခြင်းမရှိဘဲ တစ်ဘက်သို့ တိမ်းစောင်းနေသော အခြေအနေတွင် တြိဂံ (သပ်) ပုံစံ Buoyance တစ်ခုသည် အဆိုပါအရာဝတ္တု၏ ရေထဲသို့ တိမ်းစောင်းနေသော ဘက်ခြမ်းတွင် ဖြစ်ပေါ်လာပြီး အခြားတစ်ဘက်တွင် နောက်ထပ် တြိဂံ(သပ်ပုံစံ) တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့မြင်နိုင်သည်။ အကယ်၍သာ အဆိုပါ အရာဝတ္တု၏ တိမ်းစောင်းမှု့ ပြောင်းလဲခြင်းမရှိပါက အဆိုပါ တြိဂံနှစ်ခု၏ ထုထည်သည် အတူတူပင်ဖြစ်သည်။
ထိုဖြစ်ပေါ်လာသော တြိဂံ နှစ်ခု၏ ရေတွင်နစ်မြုတ်သည့် ထုထည်ပြောင်းလဲမှု့ အကျိုးသက်ရောက်မှု့ကြောင့် အဆိုပါ အရာဝတ္တုတစ်ခုလုံးကို ပင့်တင်ထားသော Buoyance၏ ဗဟို (Centre of Buoyancy)သည် ၄င်း၏ မူလ တည်ရှိရာ အလယ်ဗဟိုမှ ရေတွင်နစ်မြုတ်သွားသော တြိဂံ(သပ်ပုံစံ) အပိုင်းဘက်သို့ ရွှေ့သွားသည်။ ထိုသို့ပြောင်းလဲသွားသော Centre of Buoyance (B) ၏ အမျိုးမျိုးသော ထောင့်များကို စိတ်ကူဖြင့် ပုံဖော်ကြည့်နိုင်သည်။
ကျွန်တော်အခြားအကြောင်းအရာများကို ဆက်လက်၍ မဖော်ပြခင် သင်္ဘောများတွင် Stability နှင့်ပတ်သတ်ပြီး ခေါ်ဝေါ်သော အသုံးအနှုံးများအကြောင်းကို အနည်းငယ် ဖော်ပြပေးသွားပါမည်။ သင်္ဘောတစ်စီး၏ Buoyance ကို များသောအဖြင့် B သင်္ကေတအဖြစ် ဖော်ပြလေ့ရှိကြသည်။ Buoyance ကြောင်းကို အထက်တွင် ဖော်ပြပေးထားပါသည်။
Metacenter ကို M သင်္ကေတဖြင့် ဖော်ပြသည်။ Metacenter ဆိုသည်မှာ ချိန်သီးတစ်ခု ဘယ်၊ညာလွှဲနေသည်ကို မြင်ယောင်ကြည့်ပါ။ ၄င်းချိန်သီးသည် ဆုံချက်တစ်ခုပေါ်တွင် မူတည်ရွှေ့ ဘယ်ဘက်သို့လည်းကောင်း၊ ညာဘက်သို့လည်းကောင်း ကြိမ်နှုန်းတစ်ခုနှင့် လွှဲနေသည်ကို သင်တွေ့ဖူးပါလိမ့်မည်။ ထိုနည်းတူ သင်္ဘောတစ်စီး၏ Metacenter ဆိုသည်မှာ သင်္ဘော၏ လွှဲချက်ဗဟို ဟုအကြမ်းဖြင်း ယူဆနိုင်ပါသည်။
Center of Gravity (CG or G) သည် သင်္ဘောပေါ်တစ်စီးလုံးပေါ်သို့ မြေထုမှာ ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာသော အား၏ တည်နေရာကို ဖော်ပြသော အမှတ်ကို ဆိုလိုသည်။ ကျွန်ုပ်တို့ယူဆသော Reference or Coordinate အပေါ်မူတည်၍ ၄င်း Center of Gravity ကို အခေါ်အဝေါ်အားဖြင့် LCG, TCG နှင့် VCG ဟု ကွဲပြားသည်။ သင်္ဘော၏ အလျှား (Length) နှင့် အဆိုပါ Gravity အမှတ်ကို နှိုင်းယှဉ်ဖော်ပြပါက LCG (Longitudinal Centre of Gravity)၊ သင်္ဘော၏ အနံ (Breadth) သို့ မဟုတ် ကန့်လက်ဖြတ်အားဖြင့်(Transverse) အဆိုပါအမှတ်ကို နှိုင်းယှဉ်ဖော်ပြပါက TCG (Transverse Centre of Gravity)၊ သင်္ဘော၏ အမြင့် သို့မဟုတ် စောက်အနက် (Depth) သို့မဟုတ် ထောင့်မတ်(Vertical) အားဖြင့် နှိုင်းယှဉ်ဖော်ပြပါက TCG (Transverse Centre of Gravity) ဟုခေါ်ဆိုနိုင်သည်။ အဆိုပါ အခေါ်အဝေါ်များကို သုံးဖက်မြင်ပုံ ဖြင့် အောက်ပါအတိုင်း မြင်နိုင်သည်။
Metacentric Height ဆိုသည်မှာ အထက်တွင်ဖော်ပြခဲ့သည့် Centre of Gravity (G) နှင့် Metacenter (M) တို့ကြားရှိ အကွာအဝေး ကိုလိုဆိုသည်။ Metacentric Height ကို GM သင်္ကေတဖြင့် ဖော်ပြသည်။ သင်သည်သင်္ဘောနှင့် ခရီးသွားသောအခါ ဤသင်္ဘောသည် အလွန်လူးသည်၊ ဤသင်္ဘောသည် သိပ်မလူး ဟု ပြောဆိုလေ့ရှိကြသည်ကို တွေ့မြင်ဖူးလိမ့်မည်။ အဆိုပါအချက်သည် Metacentric Height (GM) အကျိုးသက်ရောက်မှု့ပေါ်မူတည်သည်။ ဤသို့ဖြစ်ခြင်းမှာ GM အလျှားရှည်သော သင်္ဘောများသည် အလွန်းလူးလေ့ရှိပြီး ခရီးသည်များအတွက် သက်တောင့်သက်သာ မရှိလှပေ။ သို့သော် GM အလျှားအလွန်တိုလျှင် သင်္ဘောမှာ သိပ်မလူးလှသော်လည်း သင်္ဘောတိမ်းမှောက်ရန်(Capsize) အလွန်လွယ်ကူသည်။ ထိုကြောင့် IMO (International Marine Organization) ခေါ် နိုင်ငံတကာ ရေကြောင်း အဖွဲ့အစည်းကဲ့သို့သော အဖွဲ့အစည်းများမှ ပင်လယ်ပြင်သွား သင်္ဘောများအတွက် မဖြစ်မနေ အနည်းဆုံးရှိမည် ဘေးကင်းလုံခြုံမှု့ဆိုင်ရာ သက်မှတ်ချက်များ(minimum safety margins)၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (Regulation)များကို ပြဠာန်းထားခြင်းဖြစ်သည်။ Stability မလုံလောက်မှု့ကြောင့် တိမ်းမှောက် နစ်မြုတ်ဖူးသော သာဓက များစွာရှိသည်။ လူအသက်ပေါင်းများစွာ ဆုံးရှုံးနိုင်သည်။ ဥပမာအားဖြင့် အောက်ပါ link ကို ကြည့်ရှု့နိုင်သည်။
“K” သင်္ကေတမှာ Keel ကို ကိုယ်စားပြုသည်။ Keel ဆိုသည်မှာ ရှေးယခင် သစ်သားသင်္ဘောများတည်ဆောက်သောအခါ သင်္ဘော၏ ၀မ်းဗိုက် အလယ်တွင် သစ်သားတုံးကို အသုံးပြုခဲ့ကြသည်။ သင်္ဘောဧရာတိုင် ဟုခေါ်သည်။ ထိုသစ်သားတုံးမှာ သင်္ဘောဝမ်းဗိုက်၏ အောက်ဆုံး အမှတ်တွင်တည်ရှိသည်။ ယခုအချိန်တွင် သံမဏိ၊ အလူမီနီယမ်၊ GRP အစရှိသည်တို့ကို အစားထိုး အသုံးပြုလာကြသော်လည်း သဘောတရားမှာ တူတူပင် ဖြစ်သည်။ ထိုသင်္ဘော၏ အောက်ခြေအမှတ်ကို “K” သင်္ကေတဖြင့် ဖော်ပြသည်။
အထက်ပေါ်ပြပါ သင်္ကေတများဖြစ်သော G, B, M နှင့် K တို့ကို အကျဉ်းချုံးဖော်ပြပြီးနောက် Intact Stability အကြောင်းကို ဆက်လက်၍ ဖော်ပြသွားပါမည်။ သင်္ဘောတစ်စီးသည် တိမ်းစောင်းသောအခါ မည်သည့်ဘက်သို့မဆိုတိမ်းစောင်းနိုင်သည်။ ရှေ့နောက်၊ ဘယ်ညာ သို့သာမက အမျိုးမျိုးသော အခြေအနေသို့ တိမ်းစောင်းနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် လျှားလိုက် Longitudinal နှင့် ဒေါင်လိုက် Transvse ၂ မျိုးကိုသာ များသောအားဖြင့် ထည့်သွင်းစဉ်းစားသည်။ ယခု သင်္ဘောကို ဒေါင်လိုက် Transverse အားဖြင့် ဖော်ပြပါမည်။
ယခုမြင်တွေ့ရသော Transverse section ပုံသည် သင်္ဘောတစ်စီး၏ Midship ကို ဖော်ပြထားသော ပုံဖြစ်သည်။ ၄င်းပုံတွင် Buoyance force “B” သည် ဗက်တာ(Vector) တစ်ခုအနေဖြင့် ရေပြင်ညီလိုင်းကို ထောင့်မှန်ကျ သင်္ဘောကို ပင့်တင်ထားသည်ကို တွေ့မြင်ရမည်။ အထက်တွင် မြေထုဆွဲငင်အား (Grivity) သည် ထောင့်မှန်အနေဖြင့် သင်္ဘောကို သက်ရောက်နေသည်ကို တွေ့မြင်ရမည်။ ၄င်းပုံတွင် သင်္ဘောစတင်တိမ်းစောင်းမှု့ကြောင့် Buoyance ရွှေ့လျှားသွားသည်ကို ဖော်ပြထားသည်။ ထိုနောက် သင်္ဘောတိမ်းစောင်း သွားပုံကို အောက်ရှိပုံတွင် ကြည့်ပါ။
ယခုပုံတွင် သင်္ဘောသည် တစ်ဘက်သို့ တိမ်းစောင်းသွားသောအခါ ၄င်းသင်္ဘောအပေါ်သက်ရောက်သော Buoyant Force “B” သည် တိမ်းစောင်းသောဘက်သို့ ရွေ့လျှားသွားသည်ကို တွေ့မြင်ရမည်။ ထိုပုံတွင် သင်္ဘော၏ တိမ်းစောင်းမှု့ ဆုံချက်ကို Metacenter အဖြစ်ဖြင့် မြင်ရမည်ဖြစ်သည်။ MG နှင့် MB ကြားတွင် ထောင့်ကျဉ်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုထောင်သည် သင်္ဘော၏ တိမ်းစောင်းသွားသော ထောင့်ဖြစ်သည်။
Metacenter “M”၏ တည်နေရာကို အောက်ပါ ညီမျှခြင်းဖြင့် တွက်ချက်နိုင်သည်။
MB = lb/Vol
MB ဆိုသည်မှာ Center of Buoyancy (B) နှင့် Metacenter ကြားရှိ ဒေါင့်မတ်အကွာအဝေးဖြစ်သည်။
lb ဆိုသည်မှာ ရေစူး (Water line)၏ Transverse moment of inertia.
Vol ဆိုသည်မှာ ရေတွင်နစ်မြုတ်နေသော သင်္ဘော၏ ထုထည်ဖြစ်သည်။
သင်္ဘော၏ထုထည် Vol နှင့် lb နှစ်ခုစလုံးကို Hydrostatic Table မှ ရယူနိုင်သကဲ့သို့ တွက်ချက်နိုင်သည်။ သို့သော် တွက်ချက်မှု့အသေးစိတ်ကို ဤအခန်းတွင် ချန်လှပ်ထားသည်။
ကျွန်ုပ်တို့သည် righting lever ကို တွက်ချက်ရန်အတွက် GM၏ တန်ဖိုးကို သိရှိရန်လိုအပ်သည်။
Meter centric height ကို အောက်ပါ formula ဖြင့် တွက်ချက်နိုင်သည်။
MG = MB+BK-GK
ပုံတွင်မြင်ရသည့်အတိုင်း သင်္ဘောပေါ်သက်ရောက်သော မြေထုဆွဲငင်အား G အမှတ်သည် vector တတ်ခု အနေဖြင့် အောက်သို့ ထောင့်မှန်ကျ သက်ရောက်လျှက်ရှိသည်။ ရေထုမှ ပင့်တင်အား “B”သည် vector တစ်ခု အနေဖြင့် Meter center ဆီသို့ဦးတည်ကာ ထောင့်မှန်ကျ အထက်သို့ သက်ရောက်လျှက်ရှိပြီး အဆိုပါ Length of Lever ကို
GZ = GM Sin (φ) ဖြင့် တွက်ချက်နိုင်သည်။
၎င်း GZ ကို သင်္ဘောတစ်စီး၏ static lever of initial stability ဟုခေါ်သည်။
၎င်း GZ ၏ တန်ဖိုးကို ဒီဂရီတန်ဖိုးအမျိုးမျိုး ပေး၍ တွက်ချက်ရယူသည်။ ရရှိလာသော ရလဒ်များကို Graph ပေါ်တွင် အမှန်ချကြည့်ပါက “Curve of static lever” ခေါ် “GZ curve” ကိုရရှိမည်ဖြစ်သည်။ ၄င်း GZ curve ကို Meter “m” unit ဖြင့် ဖော်ပြသည်။ ရရှိလာသော ရလဒ်များကို သင်္ဘော၏ အလေးချိန် “P” ဖြင့် မြှောက်လိုက်ပါက Ton-meter (T-m) တန်ဖိုးများရရှိမည်ဖြစ်သည်။ ၄င်းမှ ရရှိလာသော Graph ကို “Curve of intact stability” သို့မဟုတ် “Cross Curve” ဟုခေါ်သည်။
ပုံမှန် GM တန်ဖိုးမှာ သင်္ဘောအမျိုးအစားပေါ်တွင် များစွာမူတည်သည်။ ခရီးသည်တင်သင်္ဘောများမှာ GM value ကို ၀.၅ မီတာ ကဲသို့ နည်းအောင် တည်ဆောက်လေ့ရှိကြသည်။ ထိုမှသာ သင်္ဘော၏ တိမ်းစောင်းချိန်ကြာမြင့်ပြီး ခရီးသည်များကို သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။
ကျောက်မီးသွေးတင်ဆောင်သော Bulk carrier ကဲ့သို့သော သင်္ဘောများမှာ GM တန်ဖိုးကို မြင့်အောင် ဒီဇိုင်းပြုလုပ်လေ့ရှိသည်။ ထိုသင်္ဘောများ ကုန်တင်ဆောင်သောအခါ အဆိုပါကုန် (ကျောက်မီးသွေး)၏ center of gravity သည် အလွန်ကြီးမားသောကြာင့် ဖြစ်သည်။ ကျောက်မီးသွေး သို့မဟုတ် Grain များကို တင်ဆောင်လိုက်သော အခါ သင်္ဘော၏ ကုန်လှောင်ခန်းများသည် ပြည့်သွားပြီး GM value နည်းသွားသည်။ ဆီတင်သင်္ဘော (Tankers)များမှာလည်း အလားတူ ပင်ဖြစ်သည်။ သို့သော် Tanker သင်္ဘောများအတွက်မူ free surface effect ကိုမူ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ Free surface effect အကြောင်းကို Negative influences of Stability စာပိုဒ်တွင် ထည့်သွင်းဖော်ပြသွားပါမည်။
Barge များ၊ ကုန်မတင်ရသေးသော Bulk carrier များ၊ ကုန်မတင်ရသေးသော Tanker များကဲ့သို့သော ဗျက်ကျယ်ပြီး ရေစူးနည်းသော သင်္ဘောများးသည် Initial Stability များပြားလုံလောက်သည်။ ခရီးသည်တင်သင်္ဘောများ၊ ကြီးမားသော freeboard များသော ရေစူးနက်သည့် ကွန်တိန်နာတင်သင်္ဘောများကဲ့သို့သော ဗျက်ကျဉ်းပြီး အလျှားရှည်သော သင်္ဘောများတွင် Initial Stability နည်းပါးသည်။
ထို့ကြောင့် သင်္ဘောတစ်စီးကို စတင် ဒီဇိုင်းရေးဆွဲချိန်ကပင်လျှင် တင်ဆောင်မည့် ကုန်စည် အမျိုးအစား၊ Ballast စနစ် စသည်အချက်အလက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
Positive influences of Stability
သင်္ဘော၏ ရေးစူးအမှတ်တွင်ရှိသော သင်္ဘော၏ ဗျက်ကျယ်ပြန်ခြင်းသည် moment of intertia မြင့်မားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် MB ၏ အလျှားသည်လည်း ပိုမို များပြားသည်။ အကယ်၍ သင်္ဘောများသည် Stability မလုံလောက်ပါက Blister Tank သို့ Sponspoons Deck ကို ထပ်မံထည့်သွင်း တည်ဆောက်ကြသည်။ ၄င်း Tank များသည် သင်္ဘော၏ Parallel Mid body ခေါ် ဗျက်၏ စုစုပေါင်း အလျှားကို ပိုမိုများပြားစေသည်။
Negative influences of Stability
သင်္ဘောများ၏ ကုန်းပတ်ပေါ်တွင် လေးလံကြီးမားသော ကုန်စည်များကိုတင်ဆောင်ခြင်းဖြင့် အဆိုပါသင်္ဘော၏ centre of gravity (G) ကို မြင့်တက်စေသည်။ ရေခဲသော ဒေသများနှင့် ရေခဲသော အခြေအနေများတွင် သင်္ဘော၏ ရွက်များ သို့ ရေကြောင်းအချက်ပြမီးများတပ်ဆင်ထားသော ရွက်တိုင်များ၊ ၀န်ချီစက်များ အစရှိသော နေရာများတွင် ရေခဲများ ဖြစ်ပေါ်စေပြီး ၄င်းရေခဲများ၏ အလေးချိန်ကြောင့် G အမှတ်သည် အ န္တရာယ်ရှိသော အခြေအနေသို့ မြင့်တက်လာစေသည်။ အချို့သော ငါးဖမ်းသင်္ဘောများသည် ရေခဲများအလွန် ဖုံးလွှမ်းခြင်းခံရမှု့ကြောင့် နစ်မြုတ်နိုင်သည်။ အချို့သော သင်္ဘောများတွင် တပ်ဆင်ထားသော ၀န်ချီစက်များ၏ လေးလံသော အစိတ်အပိုင်းများကြောင့်လည်း Stability အတွက် ပြဿနာ ရှိနိုင်သည်။ ကုန်တင်ခန်းများအတွင်းရှိ နေရာလွတ်များတွင် ရှိသော အရည်များကြောင့်လည်း ကြီးမားသော အနှုတ်လက္ခဏာဆောင်သည် Stability အပေါ် အကျိုးသက်ရောက်မှု့များ ဖြစ်ပေါ်စေသည်။ ကားတင်သင်္ဘော (Ro-Ro ferry) ရှိ ကားထားသော အခန်းများတွင် ၀င်နေသော အနည်းမျှရှိသည့် ရေပမာဏသည် အဆိုသင်္ဘောကို အ န္တရာယ်ပေးစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သင်္ဘောတစ်ဘက်သို့ တိမ်းစောင်းသွားသောအခါ၊ ရေများသည် တိမ်းစောင်းရာဘက်သို့ စီးဆင်းသွားပြီး သင်္ဘော၏ Centre of gravity ကို တိမ်းစောင်းသည့်ဘက်သို့ပိုမိုများပြား ရွေ့လျှားသွားစေသည်။ ထို့ကြောင့် အရည်ပမာဏ များပြားပါက သင်္ဘောကို တိမ်းမှောက်စေသည်အထိ အန္တရာယ်ပေးစေနိုင်သည်။ ထို့ကြောင့်ပင်လျှင် ဆီတင်သင်္ဘောများ (Tankers) များတွင် ဆီတင်အကန့် (Tanks) များ တစ်ခုချင်းစီရှိ အရည်များ အခြားအကန့်များသို့ စီးဆင်းခြင်းကြောင့်ဖြစ်ပေါ်လာသော centre of gravity ကို ထိန်းချုပ်နိုင်ရန်အတွက် အလျှားလိုက် ရေလုံခန်းစီးများ (Longitudinal Bulkheads)များကို တပ်ဆင်ထားခြင်းဖြစ်သည်။
သင်္ဘောတွင် ရှိသော အပေါက်များမှ ရေ၀င်မှု့ကြောင့် သင်္ဘောကို ကြီးမားသော အကျိုးသက်ရောက်မှု့ဖြစ်ပေါ်စေသည်။ ရေများသည် ထိုအပေါက်မှတစ်ဆင်သင်္ဘောထဲသို့ ၀င်ရောက်လာနိုင်ပြီး free liquid surface များကို ဖြစ်ပေါ်စေသည်။
Reference : SHIP KNOWLEDGE (A Modern Encyclopedia),
ကျွန်တော့်ရဲ့ ဟိုဘက် ဘလော့ဂ် ကို ပိတ်ဖို့ ကြံစဉ်နေတာကြောင့် နေရာလာရွှေ့ထားခြင်းဖြစ်ပါသည်။ ဘလော့ဂ် နှစ်ခုကြား ဗျာများနေသောကြောင့် ဘလော့ဂ် တစ်ခုသာ ထားရန် စဉ်းစားမိသောကြောင့်ပါ။
No comments:
Post a Comment