စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 19, 2012

ကျွန်တော်နှင့် C သုံးလုံး ဒုက္ခများ


          C သုံးလုံးဆိုတာ နေရာတိုင်းမှာ တွေ့ရသည့် ဒုက္ခ။  အထူးသဖြင့် သင်္ဘောကျင်းတွေမှာ။  အရင်တုန်းကတော့ သင်္ဘောကျင်းမှာ ကိုယ်ကသင်္ဘောဆောက်ပေးသူ။ အခု Owner Representative ပြောင်းလုပ်တော့ ၀ဋ်ပြန်လည်တာပဲ။  တစ်ကမ္ဘာလုံး ဘယ် သင်္ဘောကျင်းသွားသွား ဒီ C ၃ လုံးပြဿနာကတော့ ရှိမြဲ။  C သုံးလုံးဆိုတာက ရယ်စရာမောစရာလိုမျိုး ပြောတတ်ကြတာ။  ဒါပေမယ့် ပြဿနာကတော့ မသေးလှ။  Specification, new building contract, ITP (Inspection and Test Plan)၊ Yard Standard ဒါတွေအားလုံးဟာ သင်္ဘော မဆောက်ခင်ကထည်းက သင်္ဘောကျင်းနဲ့ သင်္ဘောအပ်နှံသူကြားထဲမှာ ရှိရမယ့် မရှိမဖြစ် သဘောတူညီမှု့တွေ။  သင်္ဘောစဆောက်တာနဲ့ ဒီသဘောတူညီမှု့အတိုင်း တည်ဆောက်မှု့ အဆင့်အဆင့်ရဲ့ အဆင့်တိုင်းကို သွားရမှာ။  အဆင့်တိုင်းရဲ့ တည်ဆောက်မှု့တွေကို Classification society က သူ့ကြည့်ရမယ့် အပိုင်းကို လိုက်ကြည့်၊ owner ကတော့ အကုန်လုံးလိုလိုကို လိုက်ကြည့်။  သံပြားဖြတ်တာကစလို့၊ သံပြားတွေ ဂဟေဆော်ဆက်၊ သင်္ဘောပုံစံပေါ်၊ ပန်ကာတွေ ဆင်၊ အင်ဂျင်တွေထိုင်၊ လျှပ်စစ်ကြိုးသွယ်… ဘာညာ အကုန်လုံးဆိုပါတော့လေ။  ဒီတော့ သင်္ဘောကျင်းဆိုတာကလည်း မ တစ်ရာ သားသမီးတွေကို အုပ်ချုပ်ရတဲ့ အဖွဲ့အစည်း၊ ဒီကြားထဲမှာ Management က ဖွတ်ဖြစ်နေရင် ဒီ မ တစ်ရာ သားသမီးတွေက သင်္ဘောကို လုပ်ချင်တိုင်း လုပ်ကုန်ကြရော။  ဒါကိုမှ သင်္ဘောကျင်းက မထိန်းနိုင်ရင် ပြဿနာတွေက အဲ့ဒီ မတစ်ရာ သားသမီး လူတွေမှာ မဟုတ်တော့ပဲ သင်္ဘောကိုယ်တိုင်က ပြဿနာ အတုံးလိုက်ကြီး ဖြစ်သွားရော။  အဲ့ဒီတော့ စောစောက သင်္ဘောတူညီချက်တွေ အတိုင်း စစ်ဆေးတဲ့ အခါကျတော့ ပြဿနာက စသပေါ့လေ။
သင်္ဘောကျင်းတွေရဲ့ C သုံးလုံး ဥပဒေက Convince, Confuse and Cheat။ သင်္ဘောကျင်းတွေရဲ့ပထမဆုံး tactic C က convince။  စောစောက ပြောခဲ့တဲ့ Contract, specification, ITP, Yard Standard စတာတွေနဲ့ မညီတဲ့ quality issue တွေအကုန်လုံးနဲ့ပါတ်သတ်ပြီးတော့ သူတို့က convince (ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ဖြစ်သင့်တယ်၊ ပြင်ပေးမယ်၊) ဒါမျိုးလေးတွေနဲ့  စသပေါ့လေ၊ လုပ်တာက တစ်မျိုး မလုပ်တာက တစ်မျိုး.. မနက်ဖြန်များစွာရှိတယ် ဆိုတဲ့ ဒိုးလုံး သီချင်းလိုမျိုး မနက်ဖြန်တွေကို ရွှေ့ရင်း ရွှေ့ရင်းနဲ့  ပြဿနာလေးတွေ ပုံပုံလာပြီး ပြဿနာပုံ တော်တော်ကြီးလာ။  အဲ့.. နောက် နဲနဲ ပိုပြီး ပြဿနာကြီးလာရင်တော့ Confuse stage ကိုရောက်ရော။  ဒီအဆင့်ကျရင်တော့ သင်္ဘောကျင်းတွေက ငြင်းမယ်၊ေ၀၀ါးအောင်လုပ်မယ်၊ လမ်းကြောင်းပြောင်းမယ်၊ အပေးအယူတွေလာမယ်၊ စသည်အားဖြင့် ပြဿနာတွေကို ဖြေရှင်းမယ်။  ဒီအဆင့်မှာလည်း ဘယ်လိုမှ လုပ်မရတော့ဘူးဆိုရင်တော့ Cheat အဆင့်ကို ရောက်သွားပြီ။  Cheating ဆိုရင်တော့ ဒါဟာ သင်္ဘောရဲ့ quality ကို တိုက်ရိုက်ကို ထိတော့တာ။  ခိုးလုပ်မယ်၊ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ နွားမ ရွှံပိတ်လုပ်တော့မယ်။  ဒီလိုနဲ့ C သုံးလုံးက စတယ်။ 

C သုံးလုံးစရင် ကျွန်တော်တို့ကတော့ p, bp, vbp, vgfp ဆိုပြီး သုံးကြတယ်။  p ဆိုတာက problem။ ပြသနာ အသေးလေးတွေ။  အသေးအမွှားကိစ္စလေးတွေကို အောက်ခြေ အဆင့်မှာ ရှင်းလို့ရတယ်။  bp ဆိုရင် big problem အဆင့်ကို ရောက်သွားပြီ။  ပါးစပ်နဲ့ ပြောလို့မရတော့ဘူး အနည်းဆုံးတော့ လိုအပ်ရင် contract၊ specification၊ drawing၊ ITP တွေ ပြန်ကိုးကား၊ ၊ meeting တွေခေါ်၊ ရှင်း ဒါမျိုးပေါ့လေ။  bp အဆင့်ရောက်ရင် ရွှေပေလွှာလေးတွေ ပါးရပြီ။  ရှိရှိသမျှ project ထဲမှာ ပါတဲ့ လူတွေ အကုန်လုံးကို စာလွှာ ပါးပါးလေးတွေပို့၊ ထိပ်ပိုင်းက လူတွေပါ ရွှေပေလွှာလေးတွေထဲမှာ cc ခံပြီး သတင်းပေး။  အဲ… VBP  very big problem အဆင့်ရောက်ရင်တော့ ရှိရှိသမျှ ကျင်းရဲ့ GM, MD, President, Vice President တွေကို ပါခေါ်၊ Classification Society တွေရဲ့ Head of Division တွေကို ခေါ်၊ သင်္ဘော အပ်နှံသူတွေရဲ့ President၊ GM၊ MD စတဲ့ ထိပ်ပိုင်းတွေ အသိပေး သူတို့ အချင်းချင်း တိုက်ရိုက်တွေ့။  ဂတိ၊ က၀တ်တွေပြု၊ စာချုပ်တိုင်း လုပ်ပါ့မယ် ဘာညာ စသည်အားဖြင့်ပေါ့လေ။  အဲ့ ပေးပြီးတဲ့ ကတိတွေ လေထဲရောက်သွားပြီဆိုရင်တော့ vbfg အဆင့်ကို ရောက်သွားပြီ။  vbfg ဆိုတာက very big f***** problem ကို ပြောတာ။  အဲ့ဒီ အဆင့်ရောက်ရင်တော့ ရှေ့နေတွေ ရောက်လာသပေါ့လေ။  ဥပဒေနည်းလမ်းအတိုင်း ရှင်းကြရုံ ရှိသပေါ့။  ပြဿနာကို ငွေနဲ့ ရှင်းရတဲ့ အဆင့်ရောက်သွားသပေါ့။  သင်္ဘော စာချုပ်ထဲမှာ ပါတဲ့ ငွေ amount ထဲက သင်္ဘော quality မမှီတဲ့အတွက်၊ ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့ ပြဿနာတွေ အတွက်၊ delivery နောက်ကျတဲ့ အတွက် ဘာညာ သာရကာ စတာတွေကို သင်္ဘောကျင်းက owner ကို လျှော်ကြေးပြန်ပေး။   ပေးဖို့ သဘောမတူရင် တရားရုံးသွား၊ စကားတွေပြော၊ နောက်ဆုံး ဘယ်လိုမှ စေ့စပ်လို့မရရင်တော့ မျိုးကြီးရဲ့ ကတီပါလမ်းခွဲပေါ့။  သင်္ဘောအစုတ်ကြီးကတော့ သင်္ဘောကျင်းမှာ ကျန်ခဲ့။  နောက်ထပ် ၀ယ်လက်ကို သင်္ဘောကျင်းက ထိုင်စောင့်။  owner တွေလည်း လက်ဗလာနဲ့ပြန်။  အားလုံး win-win position မဖြစ်တော့ပဲ နှစ်ဖက်လုံး အရှုံးကြီးပေါ့။ 
သင်္ဘောဆောက်ရင် ဒီသံသရာ က လည်နေတာပဲ။  ပြဿနာဆိုတာကလည်း တစ်နေ့ တစ်မျိုး ရိုးမှ မရိုးပဲ။  မရိုးတော့ ပြဿနာ ဆိုလည်း သြော်.. ပြဿနာပေါ့လေ။  ရှိသမျှ ပြဿနာတွေကို စာရင်းလုပ်၊ Punch List (Deficiency List) ထဲထည့်။  Report မှန်မှန်တင်။  Yard ကို pressure များများပေး၊ Yard က ကိုယ့်ကို Pressure တွေပြန်ပေး၊ ဖြစ်ချင်တာ ဖြစ်၊ နောက်ဆုံး ကိုယ်လိုချင်တဲ့ အရည်အသွေး ရရင်ပြီးတာပဲ၊ သင်္ဘော ပင်လယ်ထဲရောက်လို့ ၁ နှစ်လောက်အတွင်း ဘာပြဿနာမှ မတတ်ရင်ပြီးတာပဲ။  နောက် နှစ် ၂၀၊ ၃၀ လောက် ကောင်းကောင်း ပင်လယ်ထဲမှာ ခုတ်နေလို့ရနေရင်ပြီးတာပဲ။  သင်္ဘောအသစ် ပင်လယ်ထဲရောက်မှ ပြဿနာတွေ တစ်ပုံကြီးတက်ရင် သင်္ဘောကျင်းဆီ warranty claim ပို့၊ လျှော်ကြေးတောင်းတာက နောက်၊ ဒီသင်္ဘောဆောက်တဲ့ superintendent သောက်သုံးမကျချက်ကတော့ သူဆောက်တဲ့ သင်္ဘောတွေကို သာကြည့်ဆိုပြီး ကိုယ်တွေပဲ နာမည်ပျက်ဦးမှာ။  သို့ပေမယ့် ခုတစ်လော ပြဿနာတွေက လှိမ့်တက်နေတော့ ဘာမှ မလုပ်ရပဲ ခဏနေရင် အစည်းအဝေး၊ ခဏနေရင် အစည်းအဝေး၊ အစည်းအဝေးပြီးရင် သင်္ဘောပေါ်ကို ပြေးတက်၊  အမှားပေါ် ထပ်ပြီး ဆင့်ထားတဲ့ အမှားတွေကို လိုက်ကြည့်၊ ပြီးရင်ပြန်ဆင်း၊ ရှိသမျှ ပြဿနာတွေကို စားရင်းချုပ်၊ ပြဿနာ စာရင်းချုပ်မှတ်တမ်းကြီးဆိုပြီး ရွှေပေလွှာတွေ လျှောက်ပို့၊ ရှိရှိသမျှ Rules & Regulation တွေ ပါးစပ်က အမြှုပ်ထွက်အောင်ရွတ်ပြ၊ ပင်လယ်ထဲမှာ ဒီအတိုင်းဆိုရင် ဂျုန်းဂျုန်းကျ ပြီး ဘယ်လိုမှ အရည်အသွေးက လက်ခံနိုင်စရာမရှိပါဘူးလို့ ဆိုနေတာတောင်မှ no problem ဆိုပြီး ခေါင်းခါခါ၊ လည်ခါခါနဲ့ ဖင်ကန် ငြင်းနေတဲ့ အရည်မရ အဖတ်မရ အစည်းအဝေးတွေနဲ့ အချိန်ကုန်။  နောက်ဆုံး… သင်္ဘောကျင်းက သောက်မြင်ကပ်ပုဒ်မနဲ့ ကိုယ့်ကို ကျင်းထဲ အ၀င်မခံတော့ရင် အထုတ်ပိုက်ပြီး ပြန်ရဦးမယ်။  ဒါက အရေးတော့ သိပ်မကြီး။  Burn တော့လည်း burn ပေါ့၊  ချောင်းမရိုက်ရင် ပြီးတာပဲ။  ဒီလိုနဲ့ လျှောက်သာရေးနေရရင် ပြီးတော့မှာ မဟုတ်။  ဖတ်သူများကို အားနာလာသည်။  လောလောဆယ် ခက်တာက ဘလော့ဂ်ရေးဖို့ အချိန်မရတော့တာ။  မိုးနတ်မင်းကြီးကို ဆုတောင်းရမလိုလိုဖြစ်နေပြီ။  ဒီလိုနဲ့ ကျွန်တော်သည် ထိုထို ပြဿနာများကို မိုးနတ်မင်းကြီး ပေးသနားသော တန်ခိုးများဖြင့် ရှင်းလင်းနိုင်သော အချိန်မှ တစ်ဝကြီး ဘလော့ဂင်း ဦးမည် ဖြစ်ပါကြောင်း.........

1 comment:

  1. ဖတ်သွားပါတယ်ဗျာ......
    BTW...........( Burn တော့လည်း burn ပေါ့၊ )
    Ban လို့  ပေါင်းတာပါ

    ReplyDelete