စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, July 4, 2012

ရှန်ဟိုင်းရဲ့ နွေ



ရွက်ဝါကြွေ မြေမှာခ
လေရူးတစ်သုတ်မှာဖြင့်
သံချိုချို ဥသြရယ်က
ပိုပိုသာ လွမ်းအောင်ကူလို့
ဒီနွေမှာ မောင်ရူးရချည့်…
         
          ရွက်ဝါကလေးတွေ ဖြိုက်ခနဲ့ကြွေ…. လေရူးက တစ်ဝေ့… ရိုးတံကြဲကြဲနဲ့ အပင်လေးတွေတွေက ငုပ်တုတ်.. အို.. လွမ်းစရာ့ နွေပန်းချီကားလို့ စိတ်ကူယဉ်ကောင်းသူများအတွက်ကတော့ ချယ်ချင်တိုင်းချယ်၊ မှုန်းချင်တိုင်းမှုန်းပေါ့။  ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ နွေဆို မုန်းတယ်။  အထူးသဖြင့် ရှန်ဟိုင်းရဲ့နွေပေါ့။ မြွေတွေဟာ တစ်နှစ်ကို တစ်ခါ အရေခွံလဲသလိုပဲ.. ကျွန်တော်လည်း တစ်နှစ်တစ်ခါ အရေခွံလဲရတယ်။  ဒီသောက် “နေ” နဲ့ သောက် “နွေ” က ဒီလောက်ပူမှတော့ တစ်ကိုယ်လုံးက အရည်ပြားတွေလဲ ခြောက်ပြီးတော့ ကွာပါထွက်ကရော။ မျက်နှာဆိုရင် ကိုမန်ဒို တပ်က စစ်သားတွေ အမဲရောင်လိုင်းတွေ ဆွဲထားသလိုပဲ… သဘာဝအတိုင်းကို မဲတဲ့နေရာကမဲ၊ ဖြူတဲ့နေရာကဖြူ။
နဖူးကချွေး ခြေမကျတယ် ဆိုတာ ရှန်ဟိုင်းရဲ့ နွေကိုပြောတာ။  နဖူးမှာတင်ချွေးထွက်တာမဟုတ်ဘူး၊ တစ်ကိုယ်လုံး လျှော်ပြီးသွားအ၀တ်ကို ရေညှစ်ထားသလိုပဲ။  ရွှဲရွှဲကိုစိုလို့။  အလုပ်များတဲ့နေ့ဆိုလို့ကတော့ ဘာပြောကောင်းမလဲ Dehydration ရလုရခင်ပဲ။  မျက်လုံးတွေပြာပြီးတော့ ညှောင်ညှောင်တောင် မမည်နိုင်ဘူး။  ခုလည်း အပူချိန်က ၃၈ နားကပ်လာပြီ။  နောက်လဆို ၄၀ ကျော်တော့မယ်။  အဲ့ဒီ နွေကို အသေမုန်း၏။

ခုရက်ပိုင်း ဘယ်မှလဲ မသွားဖြစ်… တစ်ရက်မှလည်း မနား။  အလုပ်တွေပိနေသည်။  ဒီကြားထဲ နွေကပူတော့ ပိုဆိုးသည်။  ဒီလိုနွေမှာ ဇီးသီးနဲ့ ထန်းလျှက် ထိုးထားတဲ့ ယို ကို စားပေးရသည်ဟုဆိုသည်။  မဟုတ်ပါက နေမြင့်လေ ဘာရင့်လေဆိုလဲ လိုဖြစ်တတ်တယ်ဆိုပဲ။  “အုတ်ကြားမြက်ပေါက်” ဒီကောင်တွေလည်း ဒီနွေမှာတော့ သေကြပြီ။  ရုံးခန်းအပြင်မှာပေါက်နေတဲ့ မြက်… အုတ်ချပ်နှစ်ခုကြားထဲမှာပေါက်နေတာ… လှလို့ ဓာတ်ပုံလေးတောင် ရိုက်ထားလိုက်သေးတယ်။  အဲ့.. အခုတော့ ညိုတိုတိုနဲ့ သေမလို ဖြစ်နေကြပြီ။  ရှင်များ ရှင်မလားလို့ ရေသွားလောင်းကြည့်လိုက်တာ.. မြက်ပင်ကို ပြုတ်လိုက်သလို ဖြစ်သွားလားတော့မသိ… နောက်တစ်နေ့ ပိုမဲသွားသည်။  ဒီနွေကိုတော့ နောက်ထပ် ၃ လလောက် အန်တုရဦးမည်။



5 comments:

  1. ဟုတ်တာပေါ့နွေဆိုတာ လူအတော်များများက မုန်းကြတယ်
    ပုံနှစ်ပုံနှိုင်းယှဉ်ပြထားတာလေးသဘောကျမိတယ်

    ReplyDelete
  2. ပုံထဲက အပင်လေးတွေကတော့ ချစ်စရာ....

    ReplyDelete
  3. ဟိုက်ရှားဘားစ်...

    ကိုအောင်ထွဋ်က ဒါမျိုးတွေလည်း အဖြစ်သားကလား...ဖြူတဲ့လူများ နေလောင်ရင် အနှီလို ဖြူတစ်ကွက် မည်းတစ်ကွက် ဖြစ်တတ်မှန်းသိလို့ ကျွန်တော်တို့တော့ နေမလောင်ခင်ကတည်းက မည်းအောင်လုပ်ထားလိုက်သဗျား...နေပူထဲမှာ မြက်ပင်ကို ရေလောင်းတာ ပြုတ်လိုက်သလိုဖြစ်သွားတယ်ထင်တယ်ဆိုတဲ့အတွေးကတော့ လှပါဘိ...း)

    ReplyDelete
  4. ကွန်မန်ဒိုHTကို မြင်ကြည့်လိုက်မိပါရဲ့..။

    ReplyDelete
  5. ကွန်မန်ဒိုAHကို မြင်ကြည့်လိုက်မိပါရဲ့..။
    (လက်ကွက်မှားသွားလို့ စာလုံးပေါင်းပြန်လာပြင်ပါ၏ :)

    ReplyDelete