စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, July 31, 2012

လှေကားထစ်ကလေးများ


          ဒီနေ့ အင်တာဗျူးလေးတစ်ခုဖတ်လိုက်ရတော့ တော်တော်လေး အားတက်မိတယ်။ ကျွန်တော်များသောအားဖြင့် အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို တတ်နိုင်သလောက် လက်ခံဖို့ ကြိုးစားပါတယ်။  လှေကားထစ်လေးတွေထဲက လှေကားထစ် တစ်ထစ်ပြီး တစ်ထစ်ကို တက်ဖို့ အားယူနေတဲ့ မြန်မာပြည်အတွက် ဒီလိုသတင်းလေးတွေဖတ်ရတာ ပိုပြီးတော့ အားရမိတယ်။  သတင်းလေးကတော့ နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု့ဆိုင်ရာဥပဒေအသစ်ကို ဇူလိုင်လကုန်ပိုင်းမှာ အတည်ပြုနိုင်ဖို့ မျှော်လင့်တယ်ဆိုတဲ့ သတင်းလေးပါ။  ဒီ ဥပဒေ အသစ်ထဲမှာ နိုင်ငံခြားက လာရောက်ပြီး ရင်းနှီမြှုပ်နှံမယ့် ကုမ္ပဏီတွေအတွက် သက်လာတဲ့ အခွန်နှုန်းထား၊ ဒေသတွင်း မြေပိုင်တွေဆီကနေပြီးတော့ ပိုမိုလွတ်လပ်စွာ မြေယာ ငှားရမ်းနိုင်ဖို့ စတဲ့ အချက်အလက်တွေပါဝင်တဲ့ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။  လွှတ်တော်မှာ အတည်ပြုပြီးရင်တော့ သမ္မတကြီးဆီကို တင်သွင်းလို့ တရားဝင်ထုတ်ပြန်နိုင်မယ်လို့ ဆိုပါတယ်။  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု့ဆိုင်ရာ ဥပဒေ အသစ် အတည်ဖြစ်ဖို့ကတော့ ဇွန်လိုင် လကုန်လောက်မှန်းထားတယ်လို့ ဆိုထားပါတယ်။  ဒီအထဲမှာ ကိုကာကိုလာ ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စတင်ဖို့ ဆောင်ရွက်နေသလို GE (General Electric Co.) ကလည်း လျှပ်စစ် ဓာတ်အားပေးစက်တွေနဲ့ ပါတ်သတ်တဲ့ ထုတ်ကုန်တွေကို သွင်းဖို့ ဆွေးနွေးနေတယ်လို့ဆိုပါတယ်။  
            ရင်းနှီမြှုပ်နှံမှု့ဆိုင်ရာ ဥပဒေ အသစ် ပြဋ္ဌာန်းနိုင်မှသာ ပွင့်လင်းမြင်သာလို့ ရင်းနှီမြှု့ပ်နှံသူတွေ ၀င်ရောက်လာနိုင်မှာပါ။  နောက်တစ်ချက်ဖြစ်တဲ့ လျှပ်စစ် ကဏ္ဍကိုလည်း သမ္မတကြီးနဲ့CNE တို့ အင်တာဗျူးမှာ ဖြေသွားတာတွေ့တော် အတော်လေး အားတက်မိပါတယ်  ဆိုလေတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဟပ်ချလောင်းမဟုတ်ပေမယ့်၊ တဖြည်းဖြည်း ပွင့်လမ်းလာဖို့ အခွင့်အရေးတွေ မြင်မိတော့ အားတက်မိတယ်။  အလုပ်သမား သမဂ္ဂတွေ၊ သက်ဆိုင်ရာပါတီတွေလည်း ရင်းနှီးမြှုပ်နှံမှု့ ဥပဒေ မတင်ခင်က စလို့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကစတဲ့ အလုပ်သမား အခွင့်အရေးတွေနဲ့ ပါတ်သတ်တာတွေ ကြိုတင် ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။  အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေမှာလည်း နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပါတ်သတ်ပြီး ဖြစ်ပေါ်လာမယ့် အမှု့အခင်းတွေကို တိကျစွာ ကိုင်တွယ်နိုင်ဖို့ တိကျ၊ သေချာတဲ့ ဥပဒေမျိုးတွေ ကြိုတင်ဖြည့်စွက်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ကျွန်တော်က မြင်ပါတယ်။ 

          နောက်တစ်ခုက အလုပ်သမားတွေနဲ့ ပါတ်သတ်ပြီး ကျွမ်းကျင်အလုပ်သမား စံနှုန်း၊ လေ့ကျင့်မှု့ သင်တန်း စတာတွေကိုလည်း တိုးတက်လာမှု့နဲ့အတူ တွဲပြီးတော့ ရှိရမယ့် အချက်တွေပါ။  ကျွန်တော်တို့ တရုတ်နဲ့ ဂျပန်ကို ယှဉ်ကြည့်လိုက်ပါ။  နှစ်နိုင်ငံလုံးရဲ့ တိုးတက်လာပုံဟာ သိပ်မကွာလှပါဘူး။  အကုန်လုံးကို ကော်ပီလုပ်ပြီးတော့ ထုတ်လုပ်ခဲ့ကြတာပါ။  နောက်ပိုင်းတော့ ဂျပန်ဟာ ကော်ပီကို မူရင်းထက်ကောင်းအောင်၊ ပိုပြီးတိုးတက်လာအောင် ထွင်ကြတယ်ပေါ့။  ဒီတော့ ဈေးကွက်မှာ ဘာဖြစ်လို့ ဂျပန်ထုတ်ပစ္စည်းဆိုရင် ကျွန်တော်တို့စိတ်ထဲမှာ impression ရှိပြီးတော့ တရုတ်ထုတ်ပစ္စည်းဆိုရင် ဘာဖြစ်လို့ ဟင်.. ဒီစက်ကတော့ကွာ ခဏလောက်ပဲ အသုံးခံမှာပါလို့ ထင်ရလဲ?  ဒါဟာ နိုင်ငံတစ်ခုချင်းစီရဲ့ အလုပ်သမား စွမ်းအားစုကို မြှင့်တင်ပေးနိုင်မှု့နဲ့ ချမှတ်ထားတဲ့ မူဝါဒ၊ စနစ်နဲ့ သတ်ဆိုင်ပါတယ်။  အလုပ်သမားတွေရဲ့ကျွမ်းကျင်မှု့၊ သေချာမှု့စံနှုန်း စတာတွေကို ကျွန်တော်တို့ အနေနဲ့လည်း ခုကထည်းက ဘယ်လိုမြှင့်တင်ပေးမယ်၊ ဘယ်လို စံနှုန်းထားကို ထိန်းသိမ်းဖို့ လိုအပ်မယ် စတာတွေကို ပြင်ဆင်ထားသင့်ပါပြီ။  မဟုတ်ရင် နောင်တစ်ချိန် မြန်မာနိုင်ငံမှ ထုတ်လုပ်သည် ဆိုတဲ့ ပစ္စည်းတွေကို တခြားနိုင်ငံတွေက မြင်ရင် နှာခေါင်းရှုံ သွားပါလိမ့်မယ်။  ထုတ်ကုန်တစ်ခုကောင်းမွန်ဖို့ဆိုတာ စက်ရုံကောင်းနေရုံနဲ့ မပြီးပါဘူး၊ စက်ရုံကို လည်ပတ်ပေးနေတဲ့ လူတိုင်းရဲ့ အရည်အသွေး ကောင်းမှသာ ထုတ်ကုန်ကောင်းမှာဖြစ်ပါတယ်။  စက်ပစ္စည်းတစ်ခုမှာ ဂဟေ တစ်ချက်ဆော်လိုက်တဲ့ အလုပ်သမားတစ်ယောက်ရဲ့ အလုပ်ပြီးမြောက်မှု့ဟာ ဒီစက်ပစ္စည်းရဲ့ အရည်အသွေးကို စတင်ကိုယ်စားပြုသွားပါပြီ။  အဆိုပါဟဂေသားကို ချောမွေ့သွားအောင် Grinding လုပ်တဲ့ အလုပ်သမားရဲ့ အလုပ်ပြီးမြောက်မှု့ဟာ အဆိုပါစက်ပစ္စည်းရဲ့ အရည်အသွေးကို ကိုယ်စားပြုသွားပါပြီ။  ဒီလိုပဲ သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့ အလုပ်သမားတိုင်းရဲ့ ကျွမ်းကျင်မှု့၊ အရည်အသွေးဟာ ထိုထုတ်ကုန်ရဲ့ ကောင်းခြင်း၊ မကောင်းခြင်းကို အဆုံးအဖြတ်ပေးပါတယ်။  ဒီဇိုင်းကောင်းတိုင်း ထုတ်ကုန်ကောင်းတာမဟုတ်ပါဘူး။  ဒီတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံထုတ် ပစ္စည်းတွေ နောင်တစ်ချိန်မှာ အဆင့်မှီမှီနဲ့ ကမ္ဘာကို ပို့ဆောင်နိုင်ဖို့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု့ကို စနစ်ကျကျ မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်က ထင်မိပါတယ်။

2 comments:

  1. ရင်ထဲက ဆန္ဒအမှန်ပါ... မြန်မာကို ကမ္ဘာ့အဆင်မီနိုင်ငံ အဖြစ် မြင်ချင်မိတာ.. တစ်နေ့နေ့ပေါ့လေ.. မျှော်လင့်မိပါတယ်..

    ReplyDelete
  2. မြတ်နိုးသူ(MUFL)July 31, 2012 at 9:02 PM

    လှေကားထစ်လေးများအတိုင်းလျောက်လာခဲ့ပါတယ်နော်
    အားပေးသွားပါတယ်

    ReplyDelete