စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, August 23, 2012

Inclining Test and Lightship Survey အကြောင်း


          ဒီပိုစ့်မှာတော့ အဓိကအားဖြင့် Inclining Test နဲ့ Lightship Survey အကြောင်းလေးကို ပြောပြသွားချင်ပါတယ်။  သင်္ဘောအသစ်တစ်စီး Launching လုပ်ပြီးသွားရင် Inclining Test ကို ဦးစွာလုပ်ရပါတယ်။  သင်္ဘောတွေ စတင်ဒီဇိုင်းရေးဆွဲချိန်မှာ Preliminary Stability ကိုထည့်သွင်းတွက်ချက်ပါတယ်။  သင်္ဘောပြီးစီးသွားချိန်မှာတော့ Inclining Test လုပ်ပြီးတော့ ရလာတဲ့ အချက်အလက်တွေနဲ့ Intact Stability ဆိုပြီးတော့ ပြီးပြည်စုံတဲ့၊ တိကျတဲ့၊ တကယ့် သင်္ဘောရဲ့ Stability ကိုထပ်မံ တွက်ချက်ပါတယ်။  ဒါကို IMO ရဲ့ Resolution A.749(18) – Code of Intact Stability For AllTypes Of Ships Covered By IMO Instruments ကို ဒေါင်းလုပ်လုပ်ပြီးတော့ အသေးစိတ်ဖတ်နိုင်ပါတယ်။  လောလောဆယ် Inclining Test အကြောင်းကို အဓိကဖော်ပြချင်တာကြောင့် Intact Stability အကြောင်းကို ချန်ထားခဲ့ပါရစေ။  Inclining Test နဲ့ Lightship Survey ဟာ Intact Stability ရဲ့ အစိတ်အပိုင်းတစ်ခုလို့သာ မှတ်ယူထားပါ။
          Inclining Test နဲ့ Light Ship Survey ကိုခွဲခြားမယ်ဆိုရင် SOLAS ရဲ့ Chapter II-1 Regulation 22 အရ (IS ရဲ့ Resolution MSC. 267(85) ထဲက 8.1.1 မှာလည်း ဖော်ပြထားပါတယ်)၂၄ မီတာ (Load Line Convention ရဲ့ ဥပဒေသ အတိုင်း ယူထားတဲ့ အလျှား) ထက်ကျော်လွန်တဲ့ သင်္ဘော အသစ်တိုင်းကို Inclining Test လုပ်ပေးရပါမယ်။  တစ်ခါတစ်လေမှာတော့ သင်္ဘောပုံစံတူတွေ(Sister Vessels)ကို သင်္ဘောကျင်းတွေမှာ အတွဲလိုက်ဆောက်ကျပါတယ်။  ဒီလိုအခါမှာဆိုရင်တော့ Classification တွေဟာ ပထမဆုံး သင်္ဘောကို Inclining test လုပ်ပြီးတော့ သူ့နဲ့ ပုံစံတူ သင်္ဘော လေးစီးအထိကို Lightship survey ခွင့်ပေးပါတယ်။  ဆိုလိုတာက နံပါတ် ၁ တစ်စီးကို Inclining Test လုပ်မယ်ဆိုရင် ၂၊ ၃၊ ၄ အထိကို Lightship survey လုပ်ခွင့်ရှိပါတယ်။  ၅ စီးမြောက် ပုံစံတူသင်္ဘောဆိုရင်တော့ Inclining test ထပ်မံလုပ်ပေးရပါမယ်။  ဒီလို sister vessel တွေကို Lightship survey လုပ်ခွင့်ရှိတဲ့နေရာမှာလည်း IS ရဲ့ Resolution MSC. 267(85) ထဲက 8.1.1 မှာလည်း ဖော်ပြထားတဲ့အတိုင်း sister vessel ရဲ့ lightship mass ဟာ မီတာ ၅၀ အောက် သင်္ဘောဆိုရင် ၂% ထက်မကျော်ရပါဘူး။  LCG ဟာ 0.5% ထက်မကျော်ရပါဘူး။  မီတာ ၁၆၀ အထက် သင်္ဘောဆိုရင် lightship mass ဟာ ၁% ထက်မကျော်ရသလို LCG ဟာလည်း 0.5% ထက် မကျော်ရပါဘူး။  ဒီအချက်အလက်တွေနဲ့ ပြည်စုံမှသာ Lightship survey လုပ်ခွင့်ရမှာဖြစ်ပြီး တစ်ကယ်လို့ အထက်ပါ အချက်အလက်တွေထက် ကျော်လွန်သွားမယ်ဆိုရင်တော့ အဆိုပါ sister vessel ကို inclining test ပြန်လုပ်ရမှာဖြစ်ပါတယ်။  (ဒီအထဲမှာ စကားချပ်အနေနဲ့ Passenger Ship တွေအတွက် SOLAS Chapter II : Construction – structure, stability, installations ထဲက Regulation 22 ရဲ့ နံပါတ် ၃ မှာ သင်္ဘောသက်တမ်း ၅ နှစ်မပြည့်ခင်အချိန်မှာ အဆိုပါ ခရီးသည်တင်သင်္ဘောတွေကို Lightship Survey လုပ်ပါမယ်။  ဒီအချိန်မှာ အဆိုပါ ခရီးသည်တင်သင်္ဘောရဲ့ displacement ဟာ မူလ Intact Stability ထဲကထက် ၂% မကျော်ရသလို၊ LCG (Load Line Length –L အပေါ်မူတည်ပြီး) ၁% မကျော်ရပါဘူး။  ဒီသတ်မှတ်ချက်ထက် ကျော်လွန်ရင်တော့ Inclining Experiment ကို ပြန်လုပ်ပေးရပါမယ်။)
          Inclining Test ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင်္ဘောရဲ့ Lightship Weight၊ Center of Gravity (LCG, VCG, TCG) တွေကို အတိအကျ သိချင်လို့ဖြစ်ပါတယ်။  Preliminary Stability Booklet မှာ GM ကို ခန့်မှန်းတွက်ချက်ထားတာပါ။  Inclining Test လုပ်တော့မှာသာ GM အတိအကျကို သိရှိနိုင်ပြီးတော့ အဲ့ဒီကနေ GZ-curve ကတစ်ဆင့် Maximum Righting Arm အတိအကျကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။  ဒီအတွက် Inclining Test လုပ်တဲ့အချိန်မှာ သင်္ဘောရဲ့ အခြေအနေကို တတ်နိုင်သလောက် ပြည့်စုံနေအောင် ပြင်ဆင်ထားဖို့လိုပါတယ်။  ပြင်ဆင်မှု့တွေကတော့ အောက်မှာ အပိုဒ်လေးတွေခွဲပြီး ပြောပါရစေ။

၁)။  သင်္ဘောဟာ Inclining Test အလုပ်ခင်မှာ အချောသပ်အခြေအနေကို တတ်နိုင်သလောက် ရှိနေရပါမယ်။  သင်္ဘောပေါ်မှာရှိနေတဲ့ Staging (Scaffolding) တွေ၊ Tool box တွေ၊ စတဲ့ သင်္ဘောပေါ်ကနေ ဖယ်ရှားရမယ့် ပစ္စည်းတွေကို ဖယ်ရှားရပါမယ်။  သင်္ဘောပေါ်မှာ တင်နေတဲ့ ရေ၊ အရည် စတာတွေကို ဖယ်ရှားထားရပါမယ်။  သံတိုသံစ၊ အမှိုက် စတဲ့ Rubbish တွေဟာလည်း သင်္ဘောရဲ့ Lightship weight ကို အများကြီးမဟုတ်တောင် အနည်းငယ် သက်ရောက်စေတဲ့အတွက် ဖယ်ရှားရပါမယ်။  Manhole Cover တွေ မတပ်ဆင်ရသေးရင်လည်း Manhole အပေါ်မှာ Temporary အဖြစ် ဖုံးထားရပါမယ်။  စသည်အားဖြင့် Weight ကြောင့် သင်္ဘောရဲ့ CG ပြောင်းလဲမသွားအောင် သင်္ဘောပေါ်မှာ တပ်ဆင်မည့် ပစ္စည်းတွေအားလုံး နေသားတကျ ရှိနေရမှာဖြစ်ပြီး၊ သင်္ဘောပေါ်က မလိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို ဖယ်ရှားရမှာဖြစ်ပါတယ်။

၂။  သင်္ဘောရဲ့ Heeling angle ဟာ ၀.၅ ဒီဂရီထက် မကျော်ရပါဘူး။  နောက်တစ်ခုက သင်္ဘောကို Incline လုပ်တဲ့အချိန်မှာ Free surface effect ကိုရှောင်ရှားရမှာဖြစ်ပါတယ်။  နောက်တစ်ခုက Trim နဲ့ Deflection of Keel ကို တတ်နိုင်သလောက် ၀ ဒီဂရီဖြစ်နေအောင် ညှိထားရပါမယ်။  ဒီအတွက် Tanks တွေထဲမှာ ရေလုံးဝ မရှိဖို့၊ ဒါမှမဟုတ်ရင်တော့ Tank တွေကို အရည် အပြည့်ဖြည့်ထားရပါမယ်။  Free Surface Effect ကြောင့် ပြောင်းသွားတဲ့ CG ကို လိုက်ပြီးတော့ တွက်ယူလို့ရပေမယ့် Tank ထဲက ရေကိုစုပ်ထုတ်လိုက်တာဟာ တွက်တာထက် ပိုမြန်ပြီးတော့ ပိုထိရောက်ပါတယ်။ ဒါကို IS Code, 2008, IMO.Res.A.749(18), Chap.7.3.2. 1-10, Chap. 7.3.2.5 and Annex 1 2.1, MSC.Res.267(85), Chap. 8.2.1 & Annex 1.2.1 & Chap. 8.2.2 and မှာလည်း ကြည့်နိုင်ပါတယ်။

၃)။ Mooring Line တွေဟာ တင်းနေလို့မရပါဘူး။  သင်္ဘောဟာ လွတ်လပ်စွာ ရေပေါ်မှာ ပေါ်နေနိုင်အောင် Mooring Line ကို လျှော့ထားရပါမယ်။  ရေအနက်ဟာ Inclining Test လုပ်ဖို့ လုံလောက်တဲ့ အနက်ရှိရမှာဖြစ်ပြီးတော့ မြစ်ထဲက လှိုင်းတွေ၊ ရေစီးကြောင်းတွေရဲ့ သက်ရောက်မှု့ကို တတ်နိုင်သလောက် ရှောင်ရှားရမှာ ဖြစ်သလို၊ Inclining Test လုပ်နေတဲ့ အချိန်မှာလည်း သင်္ဘောရဲ့ဘေးကို အခြားသင်္ဘောတွေ ဖြတ်သန်းမသွားနိုင်အောင် စီမံရမှာဖြစ်ပါတယ်။  နောက်တစ်ချက်က လေတိုက်နှုန်းဟာ သင်္ဘောရဲ့ Heeling ကို ဖြစ်စေလောက်တဲ့အထိ ပြင်လို့မရပါဘူး။  ဒီတော့ လေတိုက်နှုန်းနဲ့ တိုက်ခတ်တဲ့ အရပ်မျက်နှာကိုလည်း ကြည့်ရပါမယ်။ မိုးသည်ထန်စွာရွာနေရင်လည်း Inclining Test ကို လုပ်လို့မရပါဘူး။  ဒါကို IS Code, 2008MO. Res.A.749(18), Annex 1 2.2, MSC.Res.267, Annex 1.2.2 မှာလည်း ကြည့်နိုင်ပါတယ်။

၎)။  သင်္ဘော Incline ဖြစ်သွားဖို့ လိုအပ်တဲ့ Weight တွေကို ကြိုတင်ပြီးတော့ Calibrate လုပ်ထားရပါမယ်။  IS Code, 2008, IMO. Res.A.749(18), Chap.7.3.2. 1-10, MSC.Res.267(85), Chap 8.2.2 အရ Inclining Test လုပ်ရင် လိုအပ်တဲ့ minimum heeling degree ဟာ ၁ ဒီဂရီဖြစ်ပြီးတော့ အများဆုံးဟာ ၄ ဒီဂရီဖြစ်ပါတယ်။  ဒီတော့ Righting Arm ကို ကြိုတင်ချိန်ဆထားပြီးတော့ ထည့်သွင်းမယ့် Weight တွေကို Surveyor/ owner တွေနဲ့ calibrate လုပ်ချင်လုပ်၊ calibrate လုပ်ပြီးသား valid ဖြစ်သေးတဲ့ certificate ရှိရင်လည်း Inclining Test မစခင် ပါဝင်မယ့် အဖွဲ့အစည်းတွေအားလုံး သဘောတူညီမှု့ရဖို့ လိုအပ်ပါတယ်။

၅)။  Inclined degree ကို တိုင်းတာရာမှာ Inclinometer နဲ့ U-tube တွေကို Inclining test မှာ များသောအားဖြင့် တတ်နိုင်သလောက်ရှောင်ရှားပါတယ်။  Inclined degree ကို Pendulum နဲ့ တိုင်းတာပါတယ်။  အဲ့ဒီအခါမှာလည်း Pendulum ရဲ့ အရှည်ဟာ အနည်းဆုံး ၁၅၀ မီလီမီတာရှိရပါမယ်။  ပုံမှန်အားဖြင့်တော့ Pendulum ရဲ့ အလျှားဟာ ၃ မီတာ ၀န်းကျင် အရှည်ရှိတတ်ပါတယ်။  ကောင်းတာကတော့ Pendulum ရှည်လေ ကောင်းလေပါပဲ။  ဒီတော့မှ လွှဲချိန်ဟာ ပိုမိုတိကျစွာ တိုင်းတာနိုင်မှာဖြစ်ပါတယ်။ ဒါကို IS Code, 2008, IMO. Res.A.749(18), Chap. 7.3.2.10, MSC.Res.267(85), Chap.8.2.4 တို့မှာလည်း ဖတ်နိုင်ပါတယ်။


၆)။  အထက်ပါအချက်တွေ အဆင်သင့်ဖြစ်ရင်တော့ အဆင်သင့်ဖြစ်ကြောင်းကို သက်ဆိုင်ရာ Classification Society တွေကို စာရေးအကြောင်းကြားရပါမယ်။  စာထဲမှာလည်း Inclining Test အစီအစဉ်ကို ဖော်ပြရပါမယ်။  ခုအသင့်ဖြစ်၊ ခုခေါ်လို့တော့ မရပါဘူး။  ဒါဟာ IS Code, 2008, IMO.Res.A.478(18), Chap. 7.3.1, MSC. Res.267(85), Chap. 8.2.1 က ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ 

          Inclining Test စတင်ပြီဆိုရင်တော့ သက်ဆိုင်ရာ Classification Society က Surveyor၊ Owner Representative တွေ ပါဝင်မယ်ဆိုရင်လည်း Owner Rap. တွေနဲ့အတူ Inclining Test လုပ်မယ့် သင်္ဘောရဲ့ အခြေအနေကို စတင်စစ်ဆေးကြပါတယ်။  ဒီအခါမှာ စောစောကပြောခဲ့တဲ့ ပြင်ဆင်ထားတဲ့ အချက်တွေဖြစ်တဲ့ ပစ္စည်းတွေ နေရာတကျ ရှိမရှိ၊ သင်္ဘောပေါ်မှာ Free Surface Effect ဖြစ်ပေါ်နိုင်တဲ ရေ၊ အရည်တွေ  ရှိမရှိ၊ Tank တွေမှာ ရေအပြည့်၊ ဒါမှ မဟုတ် ရေမထည့်ထားခြင်းရှိမရှိကို Sounding တိုင်း၊ Inclining လုပ်မယ့် Weight တွေရဲ့ တည်နေရာကို သတ်မှတ်ပြီး မှတ်တမ်းယူ၊ Pendulum ရဲ့ တည်နေရာ၊ အမြင့်၊ အကွာအဝေး၊ Moring Line ဟာ သင်္ဘောကို effect ဖြစ်စေခြင်းရှိမရှိ၊ သင်္ဘောရဲ့ Heeling Degree 0.5 ကျော်လွန်းခြင်းရှိမရှိ၊ Trim ရှိမရှိ၊ စတာ စတာ တွေကို စစ်ဆေးကြပါတယ်။  ဒါ့အပြင် ပတ်ဝန်းကျင် အခြေအနေတွေကလည်း အထက်မှာဖော်ပြထားတဲ့အတိုင်း လေတိုက်နှုန်းပြင်းထန်မှု့ရှိမရှိ၊ မိုးရွာခြင်း ရှိမရှိ၊ ရေပြင်ငြိမ်သက်မှု့ ရှိမရှိ၊ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေရဲ့ သက်ရောက်မှု့ ရှိမရှိ စတာတွေကိုလည်း စစ်ဆေးပါတယ်။  သတ်မှတ်ချက်တွေအားလုံးနဲ့ ပြည့်စုံလို့ Inclining Test စပြီဆိုရင်တော့ အောက်ပါ Procedure နဲ့ ဆက်လက်ဆောင်ရွက်ပါတယ်။ 
         
Draft Reading
          Draft reading တိကျဖို့အတွက်ကတော့ ရေပြင်ငြိမ်သက်နေဖို့လိုပါတယ်။ Draft mark ဖတ်တဲ့အခါမှာ သင်္ဘောမှာရှိတဲ့ Draft Mark တွေအားလုံးကို ဖတ်ရမှာဖြစ်ပြီးတော့ Midship Draft mark မရှိဘူးဆိုရင်တော့ Forward and Aft Draft Mark တွေကို ဖတ်ပြီးတော့ Midship အတွက်ကတော့ Plimsoll Mark နဲ့ waterline ကြားမှာရှိတဲ့  အကွာအဝေးကို တိုင်းယူပါတယ်။  ပိုမိုကောင်းမွန် တိကျတဲ့ Draft တိုင်းတဲ့နည်းကတော့ ပိုက်အကြည်(ဖောက်ထွင်းမြင်နိုင်တဲ့ပိုက်ကို) ခပ်နက်နက်ရေထဲကို ချလိုက်ပြီးတော့ အဲ့ဒီကနေ ပေကြိုးနဲ့ Draft အတိအကျကို တိုင်းနိုင်ပါတယ်။  ဒါဆိုရင် လှိုင်းတွေရဲ့ သက်ရောက်မှု့ကို လျှော့ချနိုင်ပါတယ်။ Draft တိုင်းတာဟာ အလွန်အရေးကြီးပါတယ်။  အနည်းငယ်ကွာသွားတာနဲ့ သင်္ဘောရဲ့ Lighship mass ကို ပြောင်းလဲသွားစေပြီး သင်္ဘောရဲ့ VCG ကို လည်းလွဲသွားစေပါတယ်။  ဒါကို IS Code, 2008, IMO. Res.A.749(18), Annex 1 4.2.2., MSC.Res.267(85), Annex 1.4.2.2 မှာလည်း ဖတ်နိုင်ပါတယ်။
Measurement of Sea Water Density and Temperature
          Draft reading ပြီးပြီးချင်းမှာပဲ ပင်လယ်ရေရဲ့ သိပ်သည်းဆနဲ့ အပူချိန်ကို တစ်ဆက်ထဲ တိုင်းတာပါတယ်။  ဒီလိုတိုင်းတာတဲ့နေရာမှာလည်း နမူနာယူတဲ့ ပင်လယ်ရေကို တိကျမှု့ရှိစေဖို့ ခပ်နက်နက်ကနေ ခပ်ယူရင် ပိုပြီးတော့ တိကျတဲ့ အဖြေကို ရပါတယ်။  ဒီကနေပြီးတော့မှ Displacement အတိအကျကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကို IS Code, 2008, IMO.Res.A.749(18), Annex 1 4.2.4, MSC.Res.267(85), Annex 1.4.2.4 တို့မှာလည်း ဖတ်နိုင်ပါတယ်။ ဒါတွေပြီးရင်တော့ တစ်ဆက်ထည်း လုပ်လေ့ရှိတာက Wind Speed ကို တိုင်းတာတာပါ။

Additional Weights/ Missing weights/ Weights to be repositioned
          သင်္ဘောရဲ့ CG ကို ဖမ်းတဲ့နေရာမှာ weight တွေရဲ့ righting arm ဟာ အရေးပါလှသလို သင်္ဘောရဲ့ Lightship mass ကိုလည်း အကျိုးသက်ရောက်စေပါတယ်။  ဒီအတွက် သင်္ဘောပေါ်မှာ တပ်ဆင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ (သင်္ဘောပေါ် မရောက်သေးတဲ့ ပစ္စည်း အသေးအမွှားကစလို့) အရာတွေရဲ့ အလေးချိန်နဲ့ တည်နေရာကို Weight to be added ဆိုပြီးတော့ ထည့်သွင်းမှတ်ရပါတယ်။  နောက်ပြီးတော့ သင်္ဘောပေါ်ကနေ ဖယ်ရှားပစ်ရမယ့် (ဥပမာ- Tanks တွေထဲမှာ အရည်အပြည့်ဖြည့်ထားရင် ဖြည့်ထားတဲ့ Tank, Inclining Test အတွက်သုံးတဲ့ Weights, Pendulum စတဲ့ ပစ္စည်းတွေရဲ့ အလေးချိန်၊ သင်္ဘောပေါ်မှာ စစ်ဆေးနေတဲ့ လူတွေ) စတဲ့အရာတွေရဲ့ တည်နေရာ နှင့် အလေးချိန် အချက်အလက်တွေအားလုံးကို Weight to be removed ထဲမှာ ထည့်သွင်းပြီးတော့ စာရင်းပြုစုထားရပါတယ်။  နောက်ပြီးတော့ နေရာ အတည်တကျမဖြစ်သေးတဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းရမယ်ဆိုရင် Weight to be Positioned ဆိုပြီးတော့ ပစ္စည်းတွေရဲ့ တည်နေရာနှင့် အလေးချိန်ကို စာရင်းပြုစုရပါတယ်။

ဒါတွေပြီးရင်တော့ Inclined လုပ်မယ် weight တွေကို ရွှေ့မှာဖြစ်ပါတယ်။  ဒီလိုရွှေ့တဲ့နေရာမှာ Weight ၄ ခုကို အသုံးပြုပြီးတော့ ရွှေ့ပြောင်းမှု့ ၈ ကြိမ်ပြုလုပ်ပါတယ်။  တစ်ကြိမ်ခြင်းစီမှာ Pendulum ရဲ့ Inclined degree ကို ဖတ်ပြီးတော့ မှတ်ပါတယ်။  ရွှေလိုက်တဲ့ Weight တွေရဲ့ တည်နေရာ အတိအကျကို လည်း မှတ်သားရပါမယ်။  Pendulum reading ဟာ ၁ ဒီဂရီကနေ ၄ ဒီဂရီအတွင်းမှာ ရှိနေရပါမယ်။  မြင်သာအောင် ကျွန်တော့် အရင်သင်္ဘောက ပုံကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။




ဒါတွေအားလုံးပြီးရင်တော့ ရလာတဲ့ အချက်အလက်တွေအားလုံးကို စာရင်းပြုစုပြီးတော့ Inclining Test Report မှာ သက်ဆိုင်ရာ အဖွဲ့အစည်း(owner representative, Classification society, Ship yard) တွေက လက်မှတ်ထိုးပါတယ်။  ပြီးရင်တော့ ဒီအချက်အလက်တွေကနေပြီးတော့ Intact Stability Booklet ကို တွက်ချက်ပါတယ်။ Lightship survey ကတော့ အထက်မှာပြောခဲ့သလိုပဲ Sister Vessel တွေရဲ့ နံပါတ် ၂၊ ၃၊ ၄ မြောက် သင်္ဘောတွေကို Displacement နဲ့ LCG range အတွင်းဝင်ရင် Lightship Survey လုပ်ခွင့်ရှိပါတယ်။  ခပ်မြန်မြန်ရေးလိုက်လို့ လိုအပ်တာများ၊ ကျန်ခဲ့တာများရှိခဲ့ရင် comment ပေးခဲ့ပါခင်ဗျာ။

Reference :    Code on Intact Stability, 2008 (2008 IS Code)
                   Safety of Life at Sea 1974, as amended (SOLAS)
                   International Convention on Load Line, 1966 (ICLL) IMO.Res.A.749(18)
                   MSC.Res267(85)
                   IACS UI Recommendation 31: Inclining Test Unified Procedure (Rec 31)
                   GL (Leaflet for Inclining test and Lightweight Survey Version 2.0)



         

1 comment:

  1. ဗဟုသုတလေးတွေမှတ်သားသွားပါတယ်

    ReplyDelete