စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, August 30, 2012

ကျွန်တော်နှင့် ယောက်မ မြင်းစီးခြင်း


          သမီးလေး ဆိုပြီး ပိုစ့်တစ်ခုရေးဖြစ်သည်။  ငါ့သမီးလေး တော်လိုက်တာနော်…. ဆိုပြီးတော့မှ အခုမှ ယောက်မ မြင်းစီးပြီးထွက်လာသည်ဟု ပြောလျှင်ခံရမည်။  မတတ်နိုင်။  သမီးလေး ဆိုသည်မှာ ကျွန်တော့် လက်ရှိဆောက်နေသော သင်္ဘောကို ရည်ညွှန်းခြင်းသာ။  ဒီသင်္ဘောကိုဆောက်ဖို့ရွေးတော့ သင်္ဘောကျင်းတွေ အများကြီးလျှောက်ရွေးကြသည်။  Keppel’၊ Damen၊ Samsaung စသည်ဖြင့်။  နောက်ဆုံးတော့ Samsaung နှင့် တည့်သည်။  ကိုရီးယားမှာဆောက်ဖို့ညွှန်းတဲ့ ကျင်းက သိပ်မကောင်းလှ၊ ထို့ကြောင့်ပင် ခု တရုတ်မှာရှိတဲ့ ကျင်းသို့ရောက်လာသည်။  ကောင်းသည်။  Infrastructure တွေအားလုံးကောင်းသည်။  Block Sub-assembly တွေအားလုံးကို work shop ရုံကြီးတွေထဲမှာ၊ overhead crane တွေမှ အများကြီး၊ facility မှ အပြည့်။  Block sub-assembly ပြီးလို့ Painting & Blasting လုပ်ရင်လည်း Blasting ရုံကြီးတွေမှ အများကြီး၊ မိုးရွာရွာ၊ နေပူပူ ဘာမှ ပူစရာမလို၊ မုန်တိုင်းတိုက်နေတုန်းပင် Blasting အလုပ်မပျက်။  Humidity ထိန်းပေးသည့် စက်တွေလည်းရှိသည်။  Blasting ပြီးလျှင် Painting ရုံထဲကို Block ကို ရွှေ့သွားရုံသာဖြစ်သည်။ အားလုံးကောင်းသည်၊ တစ်ခုပဲလိုသည်… တစ်ခုပဲ မကောင်း။  မကောင်းသည်မှာ လူဖြစ်သည်။ 
          Organization ဟု စာရွက်ပေါ်တွင် သိပ်ကြည့်လို့ကောင်းသည့် လူများ အစီအရီ တန်းစီထားသည်။  Block Stage တုန်းက သင်္ဘောတွေကို ပေါင်မုန့်လှီးထားသလို အပိုင်းလိုက် သူ့ trade နှင့် သူ့လူနှင့်သူ ဆောက်သည်။  ပိုက်တွေကို Work Shop ထဲမှာ Spool Pieces တွေထုတ်သည်။  အားလုံးဟုတ်သည်။  အခု Block erection stage ရောက်လာတော့ Trade တွေအားလုံးရောကုန်ပြီဖြစ်သည်။  နေရာတစ်ခုထဲမှာ Block နှစ်ပိုင်းကို ဆက်သူက ဆက်သည်။  ပိုက်ပြေးသူက ပြေးသည်။ လျှပ်စစ်ကြိုးပြေးဖို့ Cable Tray တွေ ဂဟေဆော်တဲ့ ကောင်တွေဆော်သည်။  Air-con နဲ့ Ventilation Ducting တွေစပြီ။  ဒီကြားထဲ ဆေးသမားတွေက ဟိုမှာ ဒီမှာ Roller တစ်ကိုင်ကိုင်နှင့် လျှောက်ပြေးနေသည်။  ဒီတော့ Project Manager ဘယ်မှာလဲ၊ Project Coordinator ဘယ်မှာလဲ လိုက်ရှာရသည်။  သင်္ဘောထဲကို မျောက်တွေဝင်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသလိုပင်။  ဒီက တရုတ် PM တို့မည်သည် ခုံထုခြင်း၊ အော်ဟစ်ခြင်းတို့တွင် အလွန်တစ်ရာတော်လှသည်။  ရော့ ဒီအလုပ်၊ ငါဒီနေ့ ပြီးချင်တယ်။ မပြီးလျှင် ခုံကို တစ်ဘုန်းဘုန်းထုမည်၊ အော်မည်။ ထို့ကြောင့် သင်္ဘောထဲကို အလုပ်သမားတွေ မောင်းသွင်းလိုက်သည်၊  ထိုအလုပ်သမားတွေကလည်း သူ့အလုပ်ပြီးရေးသူလုပ်သည်။  သို့သော် အစီအစဉ် ရှေ့နောက် ဘာမှ မကြည့်၊ ဆေးသမားက သူဆေးသုတ်စရာရှိသည့်နေရာ ဆေးသုတ်သွားသည်၊  ဆေးပင်မခြောက်သေး ပိုက်အတွက် သံကို အ၀ိုင်းပေါက်ထပ်ဖောက်သည်၊ ထိုနေရာကိုပင် လျှပ်စစ်သမားတို့က ဖြတ်ပြီးတော့ Cable Tray ဆွဲသည်။  3D Model သည် ၁၀၀% အမှားမကင်းနိုင်။  ဒင်းတို့က သူတို့အလုပ်မဟုတ်လျှင် ငါနှင့်မဆိုင် ဆိုသည်ကို လက်ကိုင်ထားသည်။  ဒီလိုနှင့် Block Erection ပြီးခါစ Multi Trade တွေ ၀င်တော့ ဖြစ်ချင်တိုင်းကို ဖြစ်ပြီး ၃ ပတ်လောက် အုန်းအုန်းထသွားသည်။  သင်္ဘောနောက်ကျနေသည်။  နည်းမျိုးစုံသုံးသည်။ ဒီလိုအခြေအနေနဲ့ ဆက်သွားလို့မရကြောင်း၊  စနစ်တကျ sequence မိအောင် လုပ်ပြီး၊ လူတွေကို ထပ်တိုးဖို့လိုကြောင်း၊  လုပ်နေတဲ့ လူတွေကို ထိန်းဖို့လိုကြောင်း ပြောသည်။  ကျွန်တော်တို့ သင်္ဘောဆောက်သူဘက်ကတော့ ယခု သင်္ဘောကျင်းကို  ချော့သည်၊ ခြောက်သည်၊ Pressure ပေးသည်၊ Motivate လုပ်သည်၊ ရာဇသံ စာလွှာတွေ ပါးသည်။  ဟုတ်ပါတယ်၊ ပြီးအောင် လုပ်ပါ့မယ်ဆိုတဲ့ ကတိတွေ တစ်ပုံကြီးရပြီး  ဘာမှ မထူး။  လျှာထွက်လာတာသာ အဖတ်တင်သည်။

Tuesday, August 28, 2012

စီးကြဦးမလား စက်ဘီးများ



          YouTube မှာဒီနေ့ ကြည့်ဖြစ်လိုက်တာက ကမ္ဘာ့အသေးဆုံး စက်ဘီးလေးကို စီးသွားတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုလေးပါ။  စက်ဘီးက လက်တစ်ဝါးသာသာပဲရှိတာ… ဒါပေမယ့် ကပ်သီးကပ်သပ်ကို နင်းသွားတာ….  ကဲ စိတ်ဝင်စားသူများ ဗီဒီယိုလေးကို ရှု့စားကြပါကုန်….

အဲ... နောက်တစ်ခုကတော့ စက်ဘီးမဟုတ်ဘူး... ဘက်ထရီ ဆိုင်ကယ်လေးတွေ...  Tron ရုပ်ရှင်ထဲက အတိုင်းကို လုပ်ထားတာ... အတော်မိုက်သဗျာ.. ဈေးကတော့ မသေးဘူး။  အင်း ခဏနေရင် တရုတ်ကလည်း လိုက်ထုတ်လိမ့်မယ်ထင်ပ...

Thursday, August 23, 2012

Inclining Test and Lightship Survey အကြောင်း


          ဒီပိုစ့်မှာတော့ အဓိကအားဖြင့် Inclining Test နဲ့ Lightship Survey အကြောင်းလေးကို ပြောပြသွားချင်ပါတယ်။  သင်္ဘောအသစ်တစ်စီး Launching လုပ်ပြီးသွားရင် Inclining Test ကို ဦးစွာလုပ်ရပါတယ်။  သင်္ဘောတွေ စတင်ဒီဇိုင်းရေးဆွဲချိန်မှာ Preliminary Stability ကိုထည့်သွင်းတွက်ချက်ပါတယ်။  သင်္ဘောပြီးစီးသွားချိန်မှာတော့ Inclining Test လုပ်ပြီးတော့ ရလာတဲ့ အချက်အလက်တွေနဲ့ Intact Stability ဆိုပြီးတော့ ပြီးပြည်စုံတဲ့၊ တိကျတဲ့၊ တကယ့် သင်္ဘောရဲ့ Stability ကိုထပ်မံ တွက်ချက်ပါတယ်။  ဒါကို IMO ရဲ့ Resolution A.749(18) – Code of Intact Stability For AllTypes Of Ships Covered By IMO Instruments ကို ဒေါင်းလုပ်လုပ်ပြီးတော့ အသေးစိတ်ဖတ်နိုင်ပါတယ်။  လောလောဆယ် Inclining Test အကြောင်းကို အဓိကဖော်ပြချင်တာကြောင့် Intact Stability အကြောင်းကို ချန်ထားခဲ့ပါရစေ။  Inclining Test နဲ့ Lightship Survey ဟာ Intact Stability ရဲ့ အစိတ်အပိုင်းတစ်ခုလို့သာ မှတ်ယူထားပါ။
          Inclining Test နဲ့ Light Ship Survey ကိုခွဲခြားမယ်ဆိုရင် SOLAS ရဲ့ Chapter II-1 Regulation 22 အရ (IS ရဲ့ Resolution MSC. 267(85) ထဲက 8.1.1 မှာလည်း ဖော်ပြထားပါတယ်)၂၄ မီတာ (Load Line Convention ရဲ့ ဥပဒေသ အတိုင်း ယူထားတဲ့ အလျှား) ထက်ကျော်လွန်တဲ့ သင်္ဘော အသစ်တိုင်းကို Inclining Test လုပ်ပေးရပါမယ်။  တစ်ခါတစ်လေမှာတော့ သင်္ဘောပုံစံတူတွေ(Sister Vessels)ကို သင်္ဘောကျင်းတွေမှာ အတွဲလိုက်ဆောက်ကျပါတယ်။  ဒီလိုအခါမှာဆိုရင်တော့ Classification တွေဟာ ပထမဆုံး သင်္ဘောကို Inclining test လုပ်ပြီးတော့ သူ့နဲ့ ပုံစံတူ သင်္ဘော လေးစီးအထိကို Lightship survey ခွင့်ပေးပါတယ်။  ဆိုလိုတာက နံပါတ် ၁ တစ်စီးကို Inclining Test လုပ်မယ်ဆိုရင် ၂၊ ၃၊ ၄ အထိကို Lightship survey လုပ်ခွင့်ရှိပါတယ်။  ၅ စီးမြောက် ပုံစံတူသင်္ဘောဆိုရင်တော့ Inclining test ထပ်မံလုပ်ပေးရပါမယ်။  ဒီလို sister vessel တွေကို Lightship survey လုပ်ခွင့်ရှိတဲ့နေရာမှာလည်း IS ရဲ့ Resolution MSC. 267(85) ထဲက 8.1.1 မှာလည်း ဖော်ပြထားတဲ့အတိုင်း sister vessel ရဲ့ lightship mass ဟာ မီတာ ၅၀ အောက် သင်္ဘောဆိုရင် ၂% ထက်မကျော်ရပါဘူး။  LCG ဟာ 0.5% ထက်မကျော်ရပါဘူး။  မီတာ ၁၆၀ အထက် သင်္ဘောဆိုရင် lightship mass ဟာ ၁% ထက်မကျော်ရသလို LCG ဟာလည်း 0.5% ထက် မကျော်ရပါဘူး။  ဒီအချက်အလက်တွေနဲ့ ပြည်စုံမှသာ Lightship survey လုပ်ခွင့်ရမှာဖြစ်ပြီး တစ်ကယ်လို့ အထက်ပါ အချက်အလက်တွေထက် ကျော်လွန်သွားမယ်ဆိုရင်တော့ အဆိုပါ sister vessel ကို inclining test ပြန်လုပ်ရမှာဖြစ်ပါတယ်။  (ဒီအထဲမှာ စကားချပ်အနေနဲ့ Passenger Ship တွေအတွက် SOLAS Chapter II : Construction – structure, stability, installations ထဲက Regulation 22 ရဲ့ နံပါတ် ၃ မှာ သင်္ဘောသက်တမ်း ၅ နှစ်မပြည့်ခင်အချိန်မှာ အဆိုပါ ခရီးသည်တင်သင်္ဘောတွေကို Lightship Survey လုပ်ပါမယ်။  ဒီအချိန်မှာ အဆိုပါ ခရီးသည်တင်သင်္ဘောရဲ့ displacement ဟာ မူလ Intact Stability ထဲကထက် ၂% မကျော်ရသလို၊ LCG (Load Line Length –L အပေါ်မူတည်ပြီး) ၁% မကျော်ရပါဘူး။  ဒီသတ်မှတ်ချက်ထက် ကျော်လွန်ရင်တော့ Inclining Experiment ကို ပြန်လုပ်ပေးရပါမယ်။)
          Inclining Test ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင်္ဘောရဲ့ Lightship Weight၊ Center of Gravity (LCG, VCG, TCG) တွေကို အတိအကျ သိချင်လို့ဖြစ်ပါတယ်။  Preliminary Stability Booklet မှာ GM ကို ခန့်မှန်းတွက်ချက်ထားတာပါ။  Inclining Test လုပ်တော့မှာသာ GM အတိအကျကို သိရှိနိုင်ပြီးတော့ အဲ့ဒီကနေ GZ-curve ကတစ်ဆင့် Maximum Righting Arm အတိအကျကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။  ဒီအတွက် Inclining Test လုပ်တဲ့အချိန်မှာ သင်္ဘောရဲ့ အခြေအနေကို တတ်နိုင်သလောက် ပြည့်စုံနေအောင် ပြင်ဆင်ထားဖို့လိုပါတယ်။  ပြင်ဆင်မှု့တွေကတော့ အောက်မှာ အပိုဒ်လေးတွေခွဲပြီး ပြောပါရစေ။

Dennis Ritchie သို့ ကွန်ပျူတာ ဒစ်ဂျစ်တယ်လောကရဲ့ပုံစံသစ်ကို ထုဆစ်ခဲ့သူ


          Steve Jobs ကွယ်လွန်သွားတော့ သတင်းတွေထဲမှာ ပလူပျံပြီးတော့ ၀မ်းနည်းကြောင်းတွေ ဖော်ပြကြတယ်။  Steve Jobs သာ မပေါ်ပေါက်ခဲ့ရင် ကမ္ဘာပေါ်မှာ iPhone, iPad Macbook တွေကစလို့ အိုင်တစ်ခေတ်ကို စမ်းသစ်စေခဲ့တဲ့ လူ၊ ၂၁ ရာစုရဲ့ ဆုံးရှုံးမှု့ကြီး တစ်ရပ်လို့ခေါင်းစဉ်တပ်ခဲ့ကြတယ်။  ဒါပေမယ့် ကျွန်တော်တို့မေ့နေတဲ့ လူတစ်ယောက်ရှိပါတယ်။  သူကတော့ Dennis Ritchie သို့မဟုတ် ခေတ်သစ် ကွန်ပျူတာ ဒစ်ဂျစ်တယ်လောကရဲ့ အရေးအကြီးဆုံး အုတ်မြစ်ကို ထုဆစ်ခဲ့သူတစ်ယောက်။  သူ့ရဲ့ ဖန်တီးမှု့ကြောင့် ကျွန်တော်ခုရေးနေတဲ့ အကြောင်းအရာတွေကို ဖတ်လို့ရနေတာပါ။  သူသာ မဖန်တီခဲ့ရင် ကွန်ပျူတာတွေကို ဒီနေ့အချိန်မှာ ဒီလိုအဆင်ပြေတဲ့၊ user friendly ဖြစ်တဲ့ အခြေအနေနဲ့ မြင်တွေ့ချင်မှ မြင်တွေ့ရနိုင်တယ်။  သူဖန်တီးခဲ့တာကတော့ C programming language  ပါပဲ။  နောက်ပြီးတော့ Unix operating system ကိုပူးတွဲဖန်တီးခဲ့တဲ့ သူဖြစ်ပါတယ်။
          သူဟာ Steve Jobs နဲ့မရှေးမနှောင်းမှာ ကွယ်လွန်ခဲ့ပါတယ်။  သူကွယ်လွန်တဲ့အချိန်မှာ သူတစ်ယောက်ထဲ အထီးကျန်စွာနေခဲ့တဲ့ အိမ်လေးထဲမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ သူကွယ်လွန်သွားတဲ့ အချိန်အတိအကျကိုတောင် ဘယ်သူမှ မသိခဲ့ပါဘူး။  ၂၀၁၁ အောက်တိုဘာ ၁၂ ရက်နေ့မှာ ကွယ်လွန်တယ်လို့ပဲ ပြောနိုင်ခဲ့ပါတယ်။  ဒီလိုနဲ့ပဲ သူဟာ လူမသိ၊ သူမသိ လောကကြီးကို ကျောခိုင်းပြီး ထွက်ခွာသွားခဲ့တယ်။  တစ်ကယ်လို့ Dennis သာမရှိရင် C programming ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။  C programming သာ မရှိခဲ့ရင် Unix, Windows ဒါမှ မဟုတ် Linux စတဲ့ OS တွေလည်း ရှိလာမှာ မဟုတ်ပါဘူး။  C programming မရှိခဲ့ရင် C++ ဒါမှမဟုတ် Object C စတာတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။  သူသာမရှိခဲ့ရင် MacOS X, iOs, Photoshop, FLStudio, Firefox, Safari, Google Chrome, Playstation, Xbox စတာတွေလည်း ရှိလာမှာမဟုတ်ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ၉၀% သော အသုံးချဆော့ဖ်ဝဲတွေကို C ဒါမှမဟုတ် C++ နဲ့ ရေးထားလို့ဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးဝင်လှတဲ့ Programming Language တစ်ခုကို ဖန်တီးခဲ့တဲ့ Dennis Ritchie ရဲ့ ကွယ်လွန်သွားမှု့ကို ဒီကနေပြီးတော့ပဲ ဂုဏ်ပြုလိုက်ပါရစေဗျာ။
Photo source : (Link)

Reference : (Wikipedia)

Wednesday, August 22, 2012

ဂျာမနီနိုင်ငံက အမှိုက်ပုံးစီးပွဲတော်


          ဖော်မြူလာဝမ်း (F1) ကားပြိုင်ကားပွဲတွေ၊ ဆိုင်ကယ်စီးပွဲတွေ၊ စက်ဘီးစီးပွဲတွေခြိမ့်ခြိမ့်သည်း အားပေနေရတာရိုးနေပြီးလား… ဂျာမနီနိုင်ငံမှာတော့ ထူးထူးခြားခြား အမှိုက်ပုံးစီးပြိုင်ပွဲပါတဲ့။  ဂျာမနီ၊ သြစတြီယား၊ လူဇင်ဘတ်နိုင်ငံတွေကနေ ပြိုင်ပွဲဝင် ၆၀ကျော်ပါဝင်ကြတယ် ပြိုင်ပွဲမှာ Norman Schafer ဆိုသူဖြစ်ပြီးတော့ ၂၁.၁ စက္ကန့်နဲ့ သူ့ရဲ့ ချန်ပီယံဆုကို ကာကွယ်ကာ ချန်ပီယံအဖြစ်ထပ်မံ ဗိုလ်စွဲသွားပါသတဲ့။  အစကတော့ ဒီပြိုင်ပွဲကို Hermeskeil က အမှိုက်ပုံးအဖွဲ့အစည်းကနေပြီးတော့ စတင်ခဲ့တာဖြစ်ပြီးတော့ ခုအချိန်မှာတော့ အသင်းဝင်ပေါင်း ၄၀ ကျော်ရှိနေပါပြီတဲ့။  ကဲ.. အမှိုက်ပုံးစီးပြိုင်ပွဲလေးကို ရှု့စားကြပါဦး….

Tuesday, August 21, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၂


အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏   

ဖဘ မှ ဖဘ တန်းတန်းစွဲနေတဲ့ ကျွန်တော်တို့ ရေချိုးရင်တောင် ဒီလို လိုက်ကာလေးနဲ့.........

Sunday, August 19, 2012

ပန်းချီဆွဲတဲ့ မြည်း


          မြည်းကတော့ မြည်းပဲ။  ဒါပေမယ့် ထူးခြားတာက ဒီမြည်းလေးက ပန်းချီဆွဲတတ်ပါသတဲ့။  လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းက ဒီမြည်းကလေး ပတ်တီ ကို အင်္ဂလန်က လေလံပွဲမှာ တွေ့လို့ဝယ်ယူပြီးတော့ စောင့်ရှောက်ခဲ့တာပါ။  အဲ့ဒီအချိန်တုန်းကတော့ ပတ်တီဟာ ကြုံလှီသေးကွေးလို့ မြည်းရုပ်တောင် မပေါက်ရှာဘူးလို့ဆိုပါတယ်။  ဒီလိုနဲ့ သူ့ရဲ့ သခင် ဗစ်ကီ ဂရင်းစလိတ်ရဲ့ စောင့်ရှောက်မှု့အောက်မှာ ပြန်လည် ကျန်းမာလာခဲ့ပါတယ်။  တစ်နေ့တော့ ဗစ်ကီဟာ ပန်းချီဆွဲနေတုန်း သူ့နားမှာရပ်နေတဲ့ မြည်းကလေး ပတ်တီရဲ့ ပါးစပ်ထဲကို စုပ်တံပေးလိုက်တော့ မြည်းကလေးဟာ ပန်းချီဆွဲတော့တာပဲတဲ့။  နောက်ထပ် ရက်သတ္တပတ် ၃ ပတ်ကြာပြီးမှာတော့ ပတ်တီဟာ ရောင်စုံခြယ်ထားတဲ့ ပန်းချီကားချပ်တွေကို ဆေးသားတွေ ခြယ်မှုန်းလို့ ပန်းချီဆွဲပါတော့တယ်။  သူ့သခင်ဗစ်ကီက “ပတ်တီကတော့ သူ့ပန်းချီပြပွဲကို အတော်ကြီးသဘောကျနေလေရဲ့၊  သူ့လက်ရာတွေကို လူတွေက ၀ိုင်းကြည့်တာကို သူ ကြိုက်တယ်လေ” လို့ ဆိုသွားပါတယ်။  ဘရစ်စတိုက ပန်းချီပြခန်းမှာတော့ ဒီမြည်းကလေးဆွဲထားတဲ့ လက်ရာတွေကို ဒေါ်လာ ၁၅၀ နှင့် အထက်ဈေးသက်မှတ်ထားပြီး ၀ယ်ယူလို့ ရပါသတဲ့။  အင်း… မြည်းဆွဲတဲ့ ပန်းချီတစ်ချပ်ကို ဒေါ်လာ ၁၅၀ ကျော်ပေးဝယ်နေကြတယ်ဆိုတော့ ကျွန်တော်လည်း စုပ်တံကိုက်ရမလိုလိုဖြစ်နေပြီ။

Saturday, August 18, 2012

လွှတ်တော်ထဲမှာ ၀ါး.............


          ရွှေပြည်တော်ကြီးမှာ ခေတ်မီ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးတည်ဆောက်ဖို့ နေ့မနား၊ ညမအား ကြိုးပမ်းနေတဲ့ လွှတ်တော်အမတ်မင်းများတင် (ပင်ပန်းတဲ့ အခါမျိုးပေါ့လေ...စကားချပ်) အိပ်ငိုက်ပြီး ၀ါး.... ဆိုသမ်းတာမဟုတ်ပါဘူး… ကမ္ဘာအရပ်ရပ်က  တိုင်းပြုပြည်ပြု နိုင်ငံရေးသမားများရဲ့ ထောက်ခံမှု့အပြည့်နဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပူတင်းကြီးလည်း ငိုက်

တိုယားမား ကမ်းခြေက အပြာရောင်ည


          ဂျပန်နိုင်ငံ တိုယားမား ကမ်းခြေမှာတော့ နှစ်စဉ်နှစ်တိုင်း မတ်လကနေ ဇွန်လပိုင်းလောက်ဆိုရင် ညပိုင်းဆိုရင် ပင်လယ်ကမ်းခြေတစ်လျှောက်မှာ အပြာရောင်တောက်နေတဲ့ အလင်းရောင်လေးတွေကို မြင်တွေ့ရမှာပါ။  ဒီလို ပြာလဲ့လဲ့အလင်းရောင်လေးတွေဟာ Firefly squid လို့ခေါ်တဲ့ ကင်းမွန် (ပြည်ကြီးငါး)တစ်မျိုးကနေ ထွက်လာတဲ့ အလင်းရောင်လေးတွေဖြစ်ပါသတဲ့။ ၃လက်မလောက်သာ ရှည်တဲ့  ဒီလိုငါးတွေဟာ ပုံမှန်အားဖြင့် ပင်လယ်အောက် ပေ ၁၂၀၀ အနက်လောက်မှာ ရှင်သန်နေကြတဲ့ ငါးတွေဖြစ်ပါတယ်။  ဒါပေမယ့် တိုယားမား ပင်လယ်အော်က V ပုံသဏ္ဏန်ပင်လယ်ကြမ်းပြင် ကျောက်ဆောင်တွေကြောင့် ပင်လယ်ရေစီးလှိုင်းတွေဟာ ထိုငါးတွေကို ကမ်းခြေဆီကို တွန်းထုတ်လိုက်သလိုဖြစ်ပြီးတော့ ဒီငါးတွေရဲ့ ဇီဝ သဘာဝ အရ photophores လို့ခေါ်တဲ့ ပြာလဲ့လဲ့ အရောင်လေးတွေကို ထုတ်ပေးပါတယ်။  ဒီလိုနဲ့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ညဆိုရင် အပြာရောင်လွှမ်းနေတယ်လို့ ဆိုပါတယ်။  ဒီလိုအချိန်မှာဆိုရင် တန်ပေါင်းများစွာသော အဆိုပါ ကင်းမွန်တွေကို လွယ်လင့်တစ်ကူပဲ ငါးဖမ်းသင်္ဘောတွေဟာ ဖမ်းယူနိုင်ကြပါတယ်။  ဒီလိုမြင်ကွင်းလေးကို ကြည့်ချင်တယ်ဆိုရင်တော့ နာမီရိကာဝါ ငါးဖမ်းဆိပ်ကမ်းမှာ မနက် ၃နာရီလောက်ဆိုရင် ကမ်းခြေတစ်လျှောက် အပြာရောင်သန်းနေတဲ့ မြင်ကွင်းလေးကို ကြည့်ရှု့နိုင်ဖို့ အပျော်စီး သင်္ဘောတွေလည်း စီစဉ်ပေးထားပါသတဲ့။ 

Friday, August 17, 2012

Heat Stroke & Urine Chart


          နွေသည် ပူ၏။  လေသည် ပူ၏။  သံသည် ပူ၏။  သံနှင့်ဆောက်ထားသော သင်္ဘောထဲသို့ ၀င်လျှင်ပိုပူ၏။  ပူသော် ချွေးထွက်၏။  ချွေးထွက်သော် ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံး၏။  ရေဓာတ်လို့ အလွယ်ပြောသော်လည်း ရေသာမဟုတ်၊ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ဆိုဒီယမ်၊ electrolytes တွေ ဆုံးရှုံးသည်။  လောလောဆယ်တော့ Urine Chart ကို ကြည့်ပြီး ရှုးရှုးပေါက်နေရသည်။  ဒါလေးက အတော် အသုံးဝင်သည်။  သင့်ရဲ့ ဆီးအရောင်ကို ကြည့်ပြီးတော့ ရေဓာတ်ဆုံးရှုံးမှု့ပမာဏကို မှန်းနိုင်သည်။  ချွေးအရမ်းထွက်လျှင် ကော်ဖီ၊ ကဖင်းဓာတ်ပါသော အရည်၊ သကြားတွေက ရေဓာတ်ပိုမို ဆုံးရှုံးစေသည်ဟုဆိုသည်။  အိမ်ကရှု့မငြီးကတော့ ပြောသည်၊ Dehydrate ရလျှင် ရေသောက်လျှင် ပိုဆိုးသည်၊ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေနည်းနေရတဲ့အထဲ ရေထပ်သွင်းတော့ ဓာတ်ဆားပိုကျဲသွားပြီး Dehydration ပိုရသည်ဟုဆိုသည်။  သူ့လို ဆရာဝန်မဟုတ်တော့ သူပြောသမျှ Medical Terms တွေ တစ်လုံးမှ နားမလည်။  ဓာတ်ဆားသောက်ရမည်တဲ့။  ကျင်းကတော့ ဓာတ်ဆားရေပုလင်းတွေပေးသည်။  သောက်ကောင်းကောင်းနှင့် တစ်နေ့ကို ၆ ပုလင်း ၇ပုလင်းလောက်သောက်သည်။  သွေးတိုးမည်ဟု ပြောပြန်သည်။  ဘာလုပ်ရမှန်းမသိ။  ရေတစ်ပုလင်း၊ ဓာတ်ဆားတစ်ပုလင်း တစ်လှည့်စီ သောက်ရမလိုဖြစ်နေသည်။  မနေ့ကတော့ တစ်ခြားနယ်က သင်္ဘောကျင်းမှာ အရှင်လတ်လတ် နှစ်ယောက် အပူရှပ်လို့ ဘ၀ပြောင်းသွားသည်ကြားသည်။  အနည်းငယ် လန့်သွားသည်။  အပူမရှပ်ချင်ရင် အပူ၊ အအေးမျှအောင်နေ။  ကိုယ့်အသက်ကိုယ်နှမျောရင် ကိုယ့်ဟာကိုယ် ကြည့်ထိန်း။  သူတို့ဆီက လမ်းညွှတ်ကတော့ ဟုတ်နေတာပဲ။  တစ်ခြား ဘာမှ ထွေထွေထူးထူး လျှောက်မပြော။  သေချင်လျှင် အပူထဲက ပြန်လာပြီးပြီးချင်း ရေချိုး။  သေချင်လျှင် နွေရာသီ ညဖက် ဖျာကိုရေဆွတ်၊ ၀ရံတာထွက်အိပ်၊ အနည်းဆုံးတော့ ကိုယ်တစ်ခြမ်းလောက် လှုပ်မရတာ အဖတ်တင်နိုင်သည်။

Thursday, August 16, 2012

ငါနှင့် ငါ့အကြောင်း


ငါဟာ ငါဖြစ်တယ်။  ငါ့ဖြစ်တည်မှု့ဟာ ငါဖြစ်တယ်။ ငါ့အတွက် ငါလို့ သတ်မှတ်ဖို့တော့ ခက်တယ်။  ငါ့ဟာ ဖြူစင်တဲ့ သိုးငယ်တော့ မဟုတ်ဘူး။ ငါဟာ မြေခွေးတစ်ကောင်။ ငါ့မှာ သွေးစုတ်ဖုတ်ကောင်လိုမျိုး အစွယ်ရှိတယ်.. ဒါပေမယ့် ငါ့အစွယ်တွေဟာ မင်းတို့ရဲ့ ထူလှတဲ့ အရေပြားကို တိုးလို့ မပေါက်နိုင်ဘူး။ ငါ့တို့ရဲ့ လူနေမှု့စရိတ်၊ လစာ၊ မိသားစု ဒါတွေကြားမှာ ငါဟာ ငါ့ဂုဏ်သိက္ခာကို ၂ သောင်းလောက်နဲ့လည်း ရောင်းချင်ရောင်းရရဲ့၊ ငါ့ မာနကိုလည်း သိန်း ဂဏန်းလောက်နဲ့ ရောင်းရင် ရောင်းရရဲ့။ အပ်ကြောင်းထပ်နေတဲ့ မဖြစ်သင့်တဲ့ အမှားတွေအောက်မှာ ငါ့ခေါင်းတွေကိုလည်း ခဏ ခဏ ငြိမ့်ရရဲ့။ ကြာလာတော့ ဒီအမှားတွေဟာ နေ့စဉ်စားသုံးတဲ့ လူမှု့ရေးထုတ်ကုန်တွေလို လှိုင်လှိုင်ထလို့။  လူတွေက အမှားတွေကြားမှာ ကခုန်မြူးတူးလို့၊ ဇာတ်တူသားတွေရဲ့ အသွေး၊ အသားတွေကို မြိန်ရည် ယှက်ရည်စားသုံးလို့။  ပတ်ဝန်းကျင်မှာလည်း အရေထူထူ၊ အစွယ်ဖွေးဖွေးတွေက ငါ့ကို ချောင်းမြောင်းကြည့်နေတယ်။  ဒီလိုနဲ့ ငါ့သွေးသား၊ ငါ့လူမျိုးတွေကို ငါကိုယ်တိုင် သစ္စာဖောက်တာ ခဏ ခဏပေါ့။  ဒီလိုနဲ့ ငါဟာ ငါ့မျိုးဆက်သစ်တွေကို မြေခွေးတွေလို ချောင်းမြောင်းတတ်အောင်၊ သွေးစုပ်ဖုတ်ကောင်လို အစွယ်တွေ ထွက်လာအောင် သင်ကြားပေးရမယ်။  ဒါမှ သူတို့ဟာ ဒီလိုပတ်ဝန်းကျင်မှာ ရှင်သန်နိုင်စွမ်းရှိကြမယ်။  ဒီလိုနဲ့ တစ်နေ့မှာ သူတို့ ငါ့ကို ကိုက်ဖြတ်စားသောက်ကြမယ်။  ဒါပေမယ့် ဒါဟာ သဘာဝပါပဲလို့ သူတို့ လွယ်လွယ်ကူကူ လက်ခံကြလာလိမ့်မယ်။  ခြတွေပြည့်နေတဲ့ ခြအိမ်ကြီးကို ငါတို့ ဖန်တီးကြမယ်။ ဒါဟာ မှားယွင်းမှု့လို့ သူတို့ ဘယ်တော့မှ သိတော့မှာ မဟုတ်တော့ဘူး။ 
ပြောင်းလဲမှု့တွေအောက်မှာ မပြောင်းလဲတာက ငါ့ ကိုယ်ကျင့်တရားလား၊ ငါ့ ပတ်ဝန်းကျင်လား နုနယ်သေးလွန်းပါတယ်ဆိုတာ အကြောင်းပြချက်တစ်ခုပဲလေ၊ ကလေးငယ်တွေ နုနယ်တယ်ဆိုတာ နှလုံးသားပါ ဖြူစင်တယ်၊ ဒါပေမယ့် ငါတို့ရဲ့ မဲညစ်တဲ့ နှလုံးသားတွေနဲ့ “နုနယ်မှု့”ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး နုနယ်ခြင်းကို အရောင်တွေ အထပ်ထပ်ဆိုးလို့။  တိုးတက်မှု့ကို စကားပြောရုံ၊ လက်ညှိုးလျှောက်ထိုးရုံနဲ့တော့ မရတာ ငါ့တို့ သိဖို့ကောင်းတယ်။  တိုးတက်ဖို့အတွက် ပေးဆပ်မှု့တွေဟာ သူ့တာဝန်လား၊ ဘယ်သူ့တာဝန်လည်း?  ငါ့တာဝန် မဟုတ်ရင် ပြီးတာပါပဲလေ။  ငါဟာ တိုးတက်မှု့ရဲ့ သစ်သီးတွေကိုသာ စားသုံးဖို့ မွေးဖွားလာတာ။  မနေနိုင်သူတွေသာ ပေးဆပ်ကြမပေါ့။  တန်ရာတန်ကြေးရဲ့ ၀န်ဆောင်မှု့ကို ငါတို့ သဘောမပေါက်ဘူး။  ငါ့မျက်နှာက အပြုံးတွေဟာ ငါ့အလုပ်ကို ရောက်ရင် ပျောက်သွားတာကြာပေါ့။  ဒါပေမယ့် ငါတို့မေ့နေတာဟာ ငါတို့ရပ်တည်မှု့အတွက် အလုပ်လိုအပ်တယ်ဆိုတာကို။  နောက်တစ်ခုက အလုပ်ဆိုတာဟာ ၀န်ဆောင်မှု့ တစ်မျိုးဖြစ်တယ်ဆိုတာကို ငါတို့မေ့နေတယ်။  ငါတို့ သာယာလှတဲ့ ပတ်ဝန်းကျင်ကို လိုချင်တယ်။  ငါတို့ တိုးတက်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်တယ်။  သာယာဖို့ဆိုတဲ့ ၀ိသေသ နောက်မှာ အပြုံးတစ်ပွင့်လိုအပ်တယ်။  ငါကိုယ်တိုင်က ပြုံးဖို့ မေ့လျှော့နေတော့ ငါ့ပတ်ဝန်းကျင်မှာလည်း အပြုံးပွင့်တွေ ဆိတ်သုန်းနေကြတာ ဘာဆန်းတုန်း။  ငါ့အလုပ်ထဲကို ရောက်လာတဲ့ ဖောက်သည်တွေဟာ ငါ့ကို ပင်ပန်းအောင် နှိပ်စက်တဲ့ လူသားတွေ၊  ဒီလို လူသားတွေကို ငါဘာဖြစ်လို့ ကောင်းရမှာလဲ၊ မဟုတ်ဘူးလား၊ ဒါဟာ အမှန်တရားလို့ ငါယူဆတယ်။  ငါ့နှလုံးသားကို ငါ့ကိုယ်တိုင် မှန်ထဲပြန်ကြည့်ဖို့မေ့နေတာ ပင့်ကူမျှင်တွေတောင် တက်ပေါ့။  ငါ့အတွက်… ငါ့ဟာ… ငါကောင်းဖို့… နဲ့ ငါ ငါ ငါ… ငါသည် အစွယ်ဖွေးဖွေးတို့ကြားမှာ မိုးခါးရေတွေ တစ်ရှိုက်မက်မက်သောက်လို့။   ဒီလိုနဲ့ ဒီလို အတွေးမျိုးတွေးတဲ့ ငါဟာ အမှားကြီးကို မှားနေသပေါ့။  တိမ်ညိုညိုတွေအောက်မှာ မိုးရေ ခါးခါးတွေက ရွာလို့ ကောင်းတုန်း……….

Wednesday, August 15, 2012

ရှန်ဟိုင်း အပိုင်းအစများ


          ရှန်ဟိုင်းသည် ရှန်ဟိုင်းသာလျှင်ဖြစ်သည်။  ရှန်ဟိုင်းသည် တိုက်တွေ တိုးထွက်နေသည်၊ လူတွေ ပြွတ်သိပ်နေသည၊် ကားတွေ ကြပ်ညပ်နေသည်။  ရှန်ဟိုင်းသည် ရှန်ဟိုင်းသာလျှင်ဖြစ်သည်။  The Bun ကို အပြင်ကကြည့်ကြည့် ပုံစံတူကြည့်ကြည့် The Bun သည် The Bun သာလျှင်ဖြစ်တော့သည်။  သို့သော် Planning ကတော့ အရေးကြီးသည်။  ကိုယ့်လူကိုယ် လက်ကုပ်ပြီး ငါးပွက်ရာ ငါးစာချ၊ ဆောက်ချင်တာတွေ လျှောက်ဆောက်လျှင် မြို့အလှသည် ဖြစ်ချင်တာတွေဖြစ်ကုန်လိမ့်မည်။ ခုတော့ ကျွန်တော်တို့ဆီမှာ မြို့ပြစီမံကိန်းဆိုလျှင် ဟိုနားမှာ ဟိုတိုက်၊ ဒီနားမှ ဒီတိုက် တောင်တစ်လုံး၊ မြောက်တစ်လုံး။  ရေနုတ်မြောင်းစနစ်၊ underground စနစ်ကောလို့ သွားမမေးနဲ့၊ မေးမိတဲ့လူ မှားသည်။  အားလုံးမှန်သည်။  

Tuesday, August 14, 2012

စန္ဒယားနှင့် တယော ပေါင်းစပ်ထားတဲ့ အိမ်ကလေး


          ဂီတကို ခုံခုံမင်မင် ချစ်မြတ်နိုးကြတဲ့ လူတွေအတွက်တော့ စွဲဖက်ဖွယ် ဒီဇိုင်းအဆန်းလေးနဲ့ အိမ်လေးပါ။  ဒီအိမ်လေးကတော့ စန္ဒယားနဲ့ တယောတစ်လက်တွဲဖက်ပြီး တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်ဆန်လှတဲ့ အိမ်ကလေးဖြစ်ပါတယ်။  တရုတ်နိုင်ငံ ဟွေနန်မြို့မြို့မှာရှိတဲ့ ဒီအဆောက်အဦးကိုတော့ Hefei University of Technology ဗိသုကာပညာရပ်လေ့လာနေတဲ့ ကျောင်းသားတွေက ၂၀၀၇ ခုနှစ်မှာ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်တဲ့။   မှန်တွေနဲ့ တည်ဆောက်ထားတဲ့ တယောထဲကို လှေကားထစ်လေးတွေနဲ့လည်း ၀င်ကြည့်လို့ ရသေးသတဲ့။ 

Monday, August 13, 2012

၁၉၅၇ ခုနှစ်က မြန်မာနိုင်ငံ ပုံရိပ်များ


          မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေပြီးတော့ ၉ နှစ်အကြာမှာ ရိုက်ထားတဲ့ ရုပ်သံမှတ်တမ်းလေးပါ။  မြန်မာနိုင်ငံက ခေါင်းကောင်းလှတဲ့ လူတွေတော့ ဘယ်လိုတွေးသည်မသိ၊ ထိုခေတ်ကထည်းက အရေးကြီးလှတဲ့ ဧရာဝတီနဲ့ သံလွင်မြစ်အကြောင်းကို ဗီဒီယိုလေးရဲ့ အဖွင့်မှာ ပြသွားသည်။  ထိုမြစ်များမရှိလျှင် မြန်မာပြည်ဆိုပြီး လက်ညှိုးထိုးပြဖို့ ရာဇ၀င်ထဲမှာပင် ရှိချင်မှ ရှိခဲ့ပေမည်။  ၁၉၅၇ ၀န်းကျင်က ဓလေ့စရိုက်လေးတွေကို ပြန်မြင်ရသည်။  တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်တွေ တွေ့ရသည်၊ ရဟန်ခံ ရှင်ပြု အလှူလည်းပါသည်။  ရွှေရောင်တ၀င်းဝင်းနှင့် သပ္ပာယ်လှသော ရွှေတိဂုံကြီးကို ဖူးရမည်။  သို့သော် ရိုဟင်ဂျာဟူသော လူမျိုးကိုတော့ မတွေ့ရ။  တွေးပြန်တော့လည်း သြော်.. ဦးနု.. ဦးနု… မင်းလုပ်ရက်လိုက်လေချင်းကွာလို့သာ အော်ရမလို။  ကြည့်ရင်းလွမ်းလှသည်။  သမိုင်းသင်သည်ဆိုသည်မှာ မအ အောင်ဟု ဆရာကြီး ဒေါက်တာသန်းထွန်းကပြောခဲ့သည်။  ကျွန်တော်တို့လက်ထက်ထဲက ကြက်တူရွေးအာခေါင်နီ တွတ်တွတ် တွတ်တွတ်နှင့် တစ်ကြောင်းသွား ပညာရေးက စနေပြီ။  သမိုင်းဆိုသည်မှာ ကျက်ပြီး ၏သည်မရွေး ပြန်ဖြေနိုင်လျှင် အမှတ်ပြည့်ရသည့် မေးခွန်းပုံစံဖြစ်နေပြီ။ 
          ဟိုတစ်လောက စင်္ကာပူပြန်ရောက်တော့ အိမ်မှာ နောက်ရင်းပြောင်ရင်း ၉၀ နောက်ပိုင်း မွေးသော ကလေးတွေနှင့် စကားပြောဖြစ်သည်။  သီပေါမင်း ဘယ်တုန်းက ပါတော်မူလဲဆိုတော့ ၁၉၈၄ တဲ့။  ဘယ်ကိုပါတော်မူလဲဆိုတော့ သီရိလင်္ကာပါတဲ့။  ပြီးတော့ ပြောလိုက်သေးသည် မယုံရင် google ကို ခေါက်ကြည့်ဆိုပြီး အတည်ကြီးတောင် ပြောလိုက်သေးသည်။  အာဇာနည်ခေါင်းဆောင်ကြီးတွေ နာမည်ကို မပြောနဲ့ ဘယ်နှစ်ဦးကျဆုံးသွားလဲဆိုတာကို မမှန်တော့။  လွတ်လပ်ရေးမရခင် ကျဆုံးသွားလား၊ မရခင် ကျဆုံးသွားလားလဲမသိ၊  ကိုယ့်နိုင်ငံကို ဘယ်သူတွေက ဘာကြောင့် သိမ်းသွားသည်ကိုပင် ခပ်မေ့မေ့။  မြန်မာနိုင်ငံတော်သီချင်းက တို့မြန်မာ အစည်းအရုံးရဲ့ မူရင်းသီချင်းကို အခြေခံပြီး ထပ်ဆင့်ပွားထားသော သီချင်းဆိုတော့ တို့ဗမာဆိုတာ ဘယ်လိုမျိုးအဖွဲ့လည်းတဲ့။  သမိုင်းကို ကျက်စာလို လုပ်ပစ်လိုက်တော့ သမိုင်းသင်လည်း ကြက်တူရွေးတွေ အ ကုန်ကြပြီ။  သမိုင်းရဲ့ သွေး၊ ချွေး မြေကျခဲ့ရတဲ့ ဖြစ်ရပ်တွေ၊ ရှေးလူတွေ တော်ခဲ့ကြတဲ့ သမိုင်းတွေ၊ အသုံးမကျခဲ့ကြတဲ့ အကြောင်းတွေ၊ ဘာကြောင့် ဒီလိုဖြစ်ခဲ့ကြတယ်၊ ငါတို့အလှည့်ကျရင် ဘယ်လို လုပ်သင့်တယ်၊ မမှားသင့်တဲ့ အမှားတွေကို ဘယ်လို သင်ခန်းစာယူကြရမယ် ဒါမျိုးတွေက ကျောင်းသင်ရိုးမှာ မရှိတော့။  သိပြီးရော ဘာထူးမှာတုန်းလို့ ဘုတော်လိုက်သေးသည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဟု အော်သည်မှာ စကားလုံးခပ်ကြီးကြီးကို နားထဲကို ဆောင့်ထိုးခြင်းသာဖြစ်သည်။  မျိုးချစ်စိတ်ရှိဖို့ သမိုင်းမသိလျှင် ဘာကို ချစ်ရမှန်းသိမည်မဟုတ်။  မသိသောကြောင့် ကိုယ့်ကိုယ်ကို ဘာအမျိုးဟုပင် မသိတော့ပြီ။  ဘာကို လက်ညှိုးလိုက်ထိုးရမယ်မသိ…. ခက်တော့လည်း ခက်သား။  ငါမှားတာနေမှာပါလေဟု ဖြေသိမ့်ကြည့်သည်။  ထားပါတော့လေ… ကဲ ၁၉၅၇ ၀န်းကျင်က ဗီဒီယိုလေးသာ ကြည့်ကြပါစို့ဗျာ။

မိဘမေတ္တာ


          မိဘတို့ရဲ့ မေတ္တာဟာ တုနှိုင်းလို့မရနိုင်ပါဘူး။  လူတွေမပြောနဲ့ တရိစ္ဆာန်တွေတောင်မှ သူတို့ရဲ့ သားသမီးတွေကို အသက်နဲ့ လဲပြီးတော့ ကာကွယ်စောင့်ရှောက်ကြပါတယ်။  ချီလီနိုင်ငံ Santa Rosa de Temuco ဆိုတဲ့ မြို့ကလေးမှာမီးလောင်မှု့ဖြစ်ပွားတော့ Amanda ဆိုတဲ့ ခွေးမကြီးဟာ သူ့ရဲ့ ၁၀ ရက်သာရှိသေးတဲ့ ခွေးကလေးတွေကို မီးလောင်တဲ့နေရာကနေ တစ်ကောင်ချင်းစီ ကိုက်ချီလို့ မီးသတ်ကားဆီကို သယ်လာတဲ့ မြင်ကွင်းလေးပါ။  ဒါပေမယ့် စိတ်မကောင်းစရာကတော့ ခွေးကလေး ၅ ကောင်ထဲက Amparo ဆိုရဲ့ ခွေးငယ်ကလေးကတော့ မီလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။  ကျန်တဲ့ ခွေးကလေး ၅ ကောင်ကတော့ ကျန်းကျန်းမာမာနဲ့ မီးဘေးက လွတ်ခဲ့ပါသတဲ့။  ထူးခြားလှတာကတော့ ခွေးမကြီး Amanda ဟာ သူ့ကလေးတွေကို ပြုစုဖို့လာတဲ့လူတွေကို အနားကပ်မခံပဲ ကာကွယ်ပေးနေတာပါ။  အထူးသဖြင့် သေဆုံးသွားတဲ့ ခွေးငယ်လေး Amparo ကို သူနဲ့အတူ ထားရှိပြီးတော့ ယူဆောင်ခွင့်မပေးပါဘူးတဲ့။  သြော်.. မိဘ.. မိဘ.. ကျွန်တော်လည်း ဒီသတင်းလေးဖတ်မိတော့ လူလားမြောက်အောင် ကျွေးမွေးလာတဲ့ မိဘတွေကို ငါဘာဖြည့်ဆည်းပြီးပြီလည်းလို့ ပြန်တွေးမိတယ်။

Sunday, August 12, 2012

ယွိယွမ် ပန်းခြံသို့ တစ်ခေါက်


            မနေ့ကတော့ ရှန်ဟိုင်းမှာ လျှောက်သွားသည်။  သွားရင်းနဲ့ မြို့ဟောင်းဘက်ကိုရောက်သည်။  ထိုမှ ယွိယွမ် ပန်းခြံ (Yuyang)ထဲသို့ရောက်သည်။  ၀င်ကြေးက တစ်ယောက်ကို ၃၀ ယွမ်ဖြစ်သည်။  ပန်းခြံဆိုပေမယ့် ရှေးခေတ်တရုတ်ကားတွေထဲက အိမ်ကြီးတွေ အတိုင်းပင်ဖြစ်သည်။  အဆောင်တွေ….. အဆောင်တွေ၊ ရေကန်လေးတွေ၊ ပေါင်းကူးတံတားလေးတွေ၊ သစ်ပင်လေးတွေ၊ ကျောက်တုံးတွေနှင့် ပြည့်နေသည်။  လျှောက်သွားရင်း မျက်စိလည်နေသည်။
          အင်တာနက်မှာ ပြန်ရှာကြည့်တော့ ယွိယွမ် အကြောင်းလေး ဖတ်မိသည်။  ၁၉၅၅ ခုနှစ်မှာ ပန်ယွီဒန် ဆိုတဲ့လူက သူ့အဖေ ၀န်ကြီး ပန်အန် အသက်ကြီးလာတော့ အနားယူဖို့တဲ့စိတ်ကူးနဲ့ ဖန်တီးမယ်ဆိုပြီး အကြံရတယ်လို့ဆိုပါတယ်။  နောက်ပိုင်း သားဖြစ်သူ ပန်ဟာ စီချွမ်ပြည်နယ် အုပ်ချုပ်ရေးမှုးအဖြစ်တာဝန်အပ်နှင်းခြင်းခံရတော့ ဒီပန်းခြံကြီးကို ဆက်ပြီးတော့ မဆောက်ဖြစ်ပြန်ပါဘူး။  ၁၅၇၇ နောက်ထပ်နှစ်ပေါင်း ၂၀ ကျော်ကြာမှ ပြန်လည်တည်ဆောက်ဖြစ်တယ်လို့ ဆိုပါတယ်။  နောက်တော့ ပိုင်ရှင်တစ်ယောက်ပြီးတစ်ယောက်ပြောင်း၊ စစ်အတွင်းကာလတွေမှာ အင်္ဂလိပ်တွေ လက်ထဲရောက်၊ ဂျပန်တွေလက်ထဲရောက်နဲ့ ၁၉၅၆ ကနေ ၁၉၆၁ ခုနှစ်အတွင်းမှာ ရှန်ဟိုင်းအစိုးရက ပြန်လည်ပြင်ဆင်ခဲ့ပြီးတော့ ၁၉၈၂ ခုနှစ်မှာတော့ နိုင်ငံရဲ့ အထင်ကရ အဆောက်အဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

အိပ်ကြဦးမလား တရုတ်နိုင်ငံက IKEA


       IKEA ဆိုတာက ကမ္ဘာကျော် အိမ်တွင်း ပရိဘောဂ၊ ကုတင်စတာတွေ ရောင်းချတဲ့ ကုမ္ပဏီကြီးပါ။  ဈေးကွက်တွေချဲ့ထွင်လာတော့ သူလည်းပဲ တရုတ်နိုင်ငံမှာ သွားရောက်ရင်းနှီမြှုပ်နှံပြီး ဆိုင်ခန်းတွေ၊ Show Room တွေဖွင့်တာပေါ့လေ။  သို့ပေမယ့် တစ်ခြားနိုင်ငံတွေနဲ့ မတူပဲ ကိုရွှေတရုတ်တွေရဲ့ အားပေးကြမ်းပုံကတော့ show room မှာ မ၀ယ်ပဲနဲ့ အဲကွန်းအေးအေး မွေ့ရာ အသစ်စက်စက်တွေပေါ်မှာ အိပ်နေကြတာပါတဲ့….  
          တစ်ခါတစ်လေများတော့ မိသားစုတစ်ခုလုံး လာအိပ်နေကြပါသတဲ့။  အဖိုးအဖွားတွေက လူကြီးအိပ်မွေ့ရာတွေပေါ်မှာ အိပ်နေချိန်မှာတော့ ကလေးတွေကတော့ ကလေးအိပ်ယာတွေပေါ်မှာ ဖက်လုံးတွေနဲ့ ဆော့နေတတ်ပါသတဲ့။  IKEA ကတော့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ၀ယ်သူတွေစိတ်ကြိုက် သုံးကြည့် ကြိုက်မှဝယ်ဆိုတဲ့ မူဝါဒကိုအခြေပြုလို့ Show room အကြီးကြီးတွေမှာ ပရိဘောကတွေ အစုံထည့်လို့ ၀ယ်သူစိတ်ကြိုက်စမ်းဖို့ ဖန်တီးပေမယ့် ခုလို မ၀ယ်ပဲနဲ့ လာလာအိပ်နေတော့ ခက်တော့ ခက်သားကလား.. တစ်ကယ်ဝယ်မယ့်လူတွေလည်း ဒီလိုမျိုး များပြားလှတဲ့ လူတွေနဲ့ ပြည်နေတဲ့ IKEA ရဲ့ show room ရဲ့ ပစ္စည်းတွေကို မ၀ယ်ယူချင်ကြတော့ဘူးလို့လဲ အချို့ အရောင်းဝန်ထမ်းတွေက ဆိုပါတယ်။

Friday, August 10, 2012

အာကာသထဲက မျောက်


          လူသားတွေဟာ လပေါ်ကို ခြေချနိုင်တဲ့အခါမှာ အောင်ပွဲခံကြတယ်။  နိုင်ငံသားတွေက ဆီးကြိုကြတယ်။  ဒါပေမယ့် လူတွေ အာကာသထဲ မရောက်ဖူးခင်မှာ အာကာသထဲကို အရင်ရောက်ဖူးတာဟာ မျောက်တွေပါဆိုရင် သင်ယုံပါ့မလား?  ဒါဟာ တစ်ကယ့် အဖြစ်အပျက်ပါ။  အာကာသထဲကို လူတွေ မလွှတ်တင်ခင် မျောက်တွေကို စမ်းသတ်ပြီး လွှတ်တင်ခဲ့ပါတယ်တဲ့။  မျောက်တင်မကပါဘူး.. အခြားသော တရိစ္ဆာန်တွေ၊ သက်ရှိ သတ္တ၀ါတွေ၊ အပင်တွေ စတဲ့ အရာတွေများစွာနဲ့ စမ်းသပ်ခဲ့ကြပါတယ်။  ဒါပေမယ့် မျောက်တွေကတော့ အများဆုံး စမ်းသပ်တာမို့လို့ အာကာသထဲက မျောက်များလို့ ပိုစ့်နာမည်လေးပေးလိုက်တာပါ။






Thursday, August 9, 2012

ချစ်သက်လည် ရော့ အထူးရှယ်… ဆင်ချေးတုံးကဒ်


            ချစ်သူများနေ့လို့ ရိုမန်းတစ်ဆန်တဲ့ နေ့ကလေးတစ်နေ့မှာ ကိုယ်ချစ်ရတဲ့ ချစ်သူကို ဗယ်လင်တိုင်းကဒ်ကလေးတွေ ပေးချင်တာ ချစ်သူတိုင်းရဲ့ ဆန္ဒပေါ့။  အဲ့.. ဒါပေမယ့် အဲ့ဒီလို ကဒ်ကလေးကို ဆင်ချေးတုံးနဲ့ လုပ်ထားတဲ့ ကဒ်ကို ပေးမယ်ဆိုရင် ဘယ်လိုနေမလဲ?  အရင်တုန်းကတော့ ဆင်ချေးတုံး ဆပ်ပြာဆိုပြီး ပေါ်ဖူးတယ်။  အခု အန္ဒိယနိုင်ငံမှာတော့ ဆင်ချေးတုံးကနေ လက်ဆောင် ကဒ်လေးတွေ ထုတ်လုပ်နေပါပြီတဲ့။  Ijender Shekhawat ဆိုတဲ့ လူကတော့ လစဉ် ဆင်ချေးပေါင်း တန် ၃၀ ကို အသုံးချပြီးတော့ အထူးရှယ် ကဒ်တွေ ထုတ်လုပ်နေပါပြီတဲ့။  ဆင်တွေဟာ မြက်တွေ၊ အရွက်တွေ စားသုံးတဲ့အခါမှာ ဒီအရွက်တွေရဲ့ အမျှင်တွေဟာ ကြေဖျက်ခြင်းမရှိပဲ ၀င်တုန်းကလိုပဲ ထွက်ပါသတဲ့။  အဆိုပါ အမျှင်တွေဟာ Ijender အတွက်တော့ အရေးပါလှတဲ့ ကုန်ကြမ်းပါပဲတဲ့။
          “ဆင်တွေ စားတဲ့ အစားအစာတွေထဲက ၄၀% ဟာ ခြေဖျက်ခြင်းနိုင်ပါဘူးတဲ့။  ဒါပေမယ့် ပိုမို နူးညံသွားပြီး ပြုပြင်ပြီးဖြစ်သွားပါတယ်။  အဲ့ဒီတော့ ဒီလိုမျိုး ဆင်ချေးတွေကနေ ပြီးတော့ အရမ်းကို အရည်အသွေးကောင်းလှတဲ့ ကဒ်လှလှလေးတွေ ထုတ်လုပ်နိုင်ပါတယ်လို့” ဆင်ချေးကဒ် တီထွင်ထုတ်လုပ်သူ Elephant Stamp ကုမ္ပဏီရဲ့ ပိုင်ရှင် Ijender ဆိုသွားပါတယ်။  အထင်တော့ မသေးနဲ့ဗျား ခုတော့ ဥရောပက ၀ယ်ယူလိုသူတွေကပါ အ၀ယ်လိုက်နေလို့ လုပ်ငန်းကို တိုးချဲ့ရမယ်လို့ ဆိုထားပါတယ်။  အဲ.. ဒါပေမယ့် ၀ယ်ယူသူတွေကတော့ ဒီကဒ်လေးတွေရဲ့ အနံကိုတော့ နည်းနည်းလန့်နေတယ်လို့ ဆိုပါတယ်။  ဒါပေမယ့် မပူပါနဲ့တဲ့  ဒီ ဆင်ချေတုံး ကဒ်ကလေးတွေဟာ အခြားသော ဗယ်လင်တိုင်း ကဒ်လေးတွေလိုပဲ မွှေပျံတဲ့ ရနံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါသတဲ့။  အင်း….. ကဒ်လက်ဆောင်ရလို့ အားရပါးရ ရှုနိုင်တဲ့ သဘောပေါ့လေ။  

သွားကြဦးမလား ကုလားအုပ်ပွဲတော်


          နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ရောက်ပြီဆိုရင် အန္ဒိယနိုင်ငံ ဘီကနာက လဒ်ဒီရာ ဆိုတဲ့ ရွာကလေးမှာ နှစ်ရက် နှစ်ညတိုင်တိုင် ကုလားအုပ်ပွဲတော် ကျင်းပလေ့ရှိပါတယ်။  ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကတော့  အဲ့ဒီအချိန်ဆိုရင် ကုလားအုပ်ပိုင်ရှင်တွေရဲ့ အဆန်းကြယ်ဆုံးဖြစ်အောင် ပြင်ဆင်ထားတဲ့ ကုလားအုပ်တွေကို ကြည့်ရှု့ဖို့ ရောက်လာလေ့ ရှိပါတယ်။ 
          အဲ့ဒီအချိန်ဆိုရင် ကုလားအုပ်တွေမှာ ဆန်းကြယ်လှတဲ့ လက်ဝတ်ရတာနာတွေ၊ ဒီဇိုင်းအဆန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ပွဲ စတင်ကြတာပေါ့။  ကုလားအုပ်ပွဲတော်မှာ လူတွေ စိတ်အ၀င်စားဆုံးကတော့ ကုလားအုပ် အပြေးပြိုင်ပွဲပါ… ဒိုင်း ကနဲ သေနတ်ဖောက်လိုက်တာနဲ့ ကုလားအုပ်တွေကို စီးရင်း သူ့ထက်ငါ အမြန်ဆုံးဖြစ်အောင် အပြေးပြိုင်ကြတာဟာ မရိုးနိုင်တဲ့ ပွဲတော် အစဉ်အလာတစ်ခုပါတဲ့။  နောက်တစ်ခုကတော့ ရိုးရာ ရာဂျက်သန် အကနဲ့ ကုလားအုပ်တွေ ကပြဖျော်ဖြေတာပဲ ဖြစ်ပါတယ်။  စိတ်ဝင်စားစရာ ကောင်းသေးတာကတော့ ကုလားအုပ် နို့ညှစ်ပွဲတော်ပါတဲ့။  ကုလားအုပ်တွေရဲ့ နို့ဟာ အရသာ အနည်းငယ် ငံပေမယ့် အဟာရဖြစ်စေတဲ့ ဓာတ်တွေ အများကြီးပါဝင်ပါသတဲ့။  တစ်ကယ်လို့ သင်သာ ကုလားအုပ်ပွဲတော်ကို ရောက်ခဲ့ရင် ကုလားအုပ်နို့နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ချိုချိုကိုလည်း အားပါးတရ သောက်သုံးနိုင်မှာ ဖြစ်ပါသတဲ့။
          ညပိုင်းမှာဆိုရင်တော့ ရိုးရာ ကခုန်မှု့တွေနဲ့ ကုလားအုပ်ပွဲတော်ကို ဆင်နွှဲကြပြန်ပါတယ်။  ဒုတိယမြောက်ညဆိုရင်တော့ မီရှုးမီးပန်းတွေ ပစ်လွှတ်ပြီး ဆင်နွှဲကြတယ်လို့ ဆိုပါတယ်။  ကဲ…  သဲကန္တာရရဲ့ သင်္ဘောတွေဖြစ်တဲ့ ကုလားအုပ်တွေရဲ့ ပွဲတော်လေးတွေကို ဓာတ်ပုံလေးတွေက တစ်ဆင့် လည်ပတ်ကြပါစို့လားဗျာ..

Wednesday, August 8, 2012

ပြဲ


          မိုး….. သူ့ကိုမျှော်နေသည်မှာ ကြာလှပြီ…  သူ့ရဲ့ အေးမြမှု့ကို လိုချင်မိသည်။  ထို့ကြောင့်ပင်သူ့ကို မျှော်သည်။  
          မျက်နှာကို မိုးစက်လေးတွေ လာမှန်တော့ ပျော်သည်… မျှော်လင့်ထားသော မိုးစက်ကလေးတွေ စိုစိုစွတ်စွတ်ဖြစ်လာတော့ ပျော်သည်။
          သို့သော် ခက်သည်က မုန်တိုင်းပါ တိုက်ခြင်းဖြစ်သည်။  ရှန်ဟိုင်းနားကို မုန်တိုင်းက ဖြတ်ပြီးတော့ ပွတ်သည်။  ပွတ်သောကြောင့် မိုးရော၊ လေရောပါသည်။  အစ တုန်းကတော့ မျှော်လင့်မိသည်၊ မုန်တိုင်းလာလျှင် စောင်ခြုံပြီး ကွေးမည်ဟု။  သို့သော် မှန်းချက်နှင့် နှမ်းထွက်က မကိုက်၊  မုန်တိုင်းက ပွတ်ရုံသာ ပွတ်သည်။  တီဗီထဲမှာတော့ မုန်တိုင်းကျတဲ့ မြို့တွေမှာ ကားတွေတုန်းလုံးလဲနေကြတဲ့ ပုံတွေ၊ အပင်တွေ လဲနေကြတဲ့ ပုံတွေ ပြသည်။  လူပေါင်း ၂ သိန်းကို evacuated လုပ်သည်ဟု သတင်းတွေထဲမှာ ပါသည်။  ထို ၂သိန်းသော လူတွေထဲမှာ ကျွန်တော့်ကိုတော့ အဖက်လုပ်ပြီးတော့တောင် evacuated အလုပ်ချေ။  ထိုထက်ဆိုးသည်မှာ ဒီမှာတော့ အလုပ် လားလားမျှ မနားချေ။  အလုပ်မနားသောကြောင့် အိမ်ထဲ စောင်ခြုံကွေးရမည့်အစား မိုးကာခြုံကာ ကျင်းထဲဆင်းပြီး တောင်ကြည့်မြောက်ကြည့် လျှောက်ကြည့်ရပြန်သည်။  ဆောက်လက်စ သင်္ဘောက Floating dock ပေါ်မှာ တင်ထားသည်။  မုန်တိုင်းကြောင့် သင်္ဘောချည်ထားသော ကြိုးပြတ်သွားလျှင် မြစ်လယ်သို့ ရောက်သွားနိုင်သည်။  ဒါကိုလည်း ခဏ၊ ခဏ သွားကြည့်ရသည်။  Frequency Converter တွေ၊ Main Switch board တွေက သင်္ဘောပေါ်ရောက်ကုန်ပြီ။  တစ်ချို့ကတော့ မိုးထဲ လေထဲမှာ ဒီအတိုင်း။  ဒါတွေကိုလည်း သွားသွားကြည့်ရပြန်သည်။  မပဒါ ဘယ်လိုရူးသွားသည်တော့မသိ၊  ကိုယ့်မှာတော့ ဒီသင်္ဘော၊ ဒီပစ္စည်းတွေ၊ ဒီမုန်တိုင်းနှင့် တောင်ပြေးမြောက်ပြေး။
          ကျင်းက Infrastructure ကတော့ အတော်တောင့်သည်။  မုန်တိုင်းတိုက်နေတာတောင်မှ သူတို့ရဲ့ လေလုံ မိုးလုံ Work shop တွေက အေးရာအေးကြောင်းပင်။  ထို့ကြောင့် work shop ထဲမှာ အလုပ်တွေက မနား။  ဒုတိယ တစ်စီးအတွက် Blocks တွေက erection စနေကြပြီ။  ယင်းတို့ကို မိုးထဲရေထဲ သွားကြည့်ရပြန်သည်။  ထို့ကြောင့် ပြဲသည်။  ဖင်ပြဲ အောင် အလုပ်လုပ်ရသည်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း အခုမှ သဘောပေါက်သည်။  Coverall တွေ အကုန်လုံး ဖင်ပြဲကုန်ကြပြီ ဖြစ်သည်။  Coverall တွေလည်း အသစ်လဲရဦးမည်။  မုန်တိုင်းကတော့ ကျလို့ကောင်းတုန်း။  စောင်ခြုံပြီးကွေးမည်ဟု မက်ထားတဲ့ အိပ်မက်ကတော့ မုန်တိုင်းနှင့် အတူလွင့်သွားပြီဖြစ်သည်။  မုန်တိုင်းကိုသာ ထိုင်ဆဲရန်ရှိသည်။  မတတ်နိုင်။

Monday, August 6, 2012

Oscar Pistorius သို့ ခြေထောက်မရှိတဲ့ အမြန်ဆုံး အပြေးသမား


            ကျွန်တော်တို့ဘ၀မှာ ခြေထောက်နှစ်ဖက် မရှိတော့ဘူးဆိုရင် ဘယ်လိုခံစားရမလဲ?  ခြေထောက်နှစ်ဖက်မရှိတာနဲ့ အရာရာ ဆုံးရှုံးသွားပြီလား?  ၂၀၁၂ လန်ဒန် အိုလံပစ်မှာတော့ ထူးထူးခြားခြား အပြေးသမားတစ်ယောက်ဟာ တောင်အာဖရိကနိုင်ငံကို ကိုယ်စားပြုပြီးတော့ ၀င်ရောက်လာတယ်။  သူ့မှာ ခြေထောက်နှစ်ဖက်မရှိဘူး။  သူဟာ အထူးတီထွင်ထားတဲ့ သတ္တုစပ် ခြေတုကို အသုံးပြုပြီးတော့ သာမန်ခြေထောက်ပါရှိတဲ့ လူတွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။  ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာတုန်းကတော့ သူဟာ တောင်အာဖရိကနိုင်ငံကိုယ်စား အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။  ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ် ဇွဲလုံလတွေကြောင့် ခုတော့ လန်ဒန် ၂၀၁၂မှာ သူ့အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး အပြေးသမားတွေထဲက တစ်ယောက်အဖြစ် ပြသခွင့်ရဖို့ အကောင်အထည်ပေါ်ခဲ့ပါပြီ။  ပြီးခဲ့တဲ့ သြဂုတ်လေးရက်နေ့တုန်းက ပြိုင်ပွဲဝင်ငါးယောက်နဲ့အတူ မီတာ ၄၀၀ ပြေးပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဒုတိယနေရာကနေ ပန်းဝင်သွားလို့ ခုဆိုရင် ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရသွားပါပြီ။  သူကတော့ Oscar Pistorius လို့ခေါ်တဲ့ “Blade Runner” ပါပဲ။

Sunday, August 5, 2012

အင်္ဂါဂြိုလ်ပေါ်သို့ ဆင်းသက်တော့မည့် Curiosity


          နာဆာရဲ့ ၂၀၁၁ နိုဝင်ဘာ ၂၆ ရက်နေ့မှာ လွှတ်တင်လိုက်တဲ့ အင်္ဂါဂြိုလ်စူးစမ်းရေး ယာဉ် Curiosity ကတော့ မနက်ဖြန် (သြဂုတ်လ ၆ ရက်နေ့) ဂင်းနစ်စံတော်ချိန်၀၅၃၁ အချိန်မှာ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်  ဒီလို ဆင်းသက်မယ့် မြင်ကွင်းကိုတော့ နယူးယော့ခ်မြို့က Times Square မှာ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားပါဦးမတဲ့။  အရင်တုန်းက လွှတ်တင်ခဲ့တဲ့ Spirit နဲ့ Opportunity တို့ပြီးရင်တော့ Curiosity ဟာ ခေတ်အမှီဆုံး အင်္ဂါဂြိုလ်စူးစမ်းရေး ယာဉ်ဖြစ်ပါသတဲ့။  အလေးချိန် ၁ တန်နီးပါရှိတဲ့ (၈၉၉ ကီလိုဂရမ်) ဒီယာဉ်ငယ်ဟာ သူ့နောင်တော် ယာဉ်ငယ်တွေဖြစ်တဲ့ Spirit, Opportunity တို့ထက် ပိုမိုကြီးမားပါတယ်။  အင်္ဂါဂြိုလ်ပေါ်ရောက်ရင်တော့ ဒီယာဉ်ငယ်လေးဟာ တစ်နာရီကို ပျမ်းမျှ ၃၀ မီလာလောက် ရွှေ့လျှားနိုင်ပါသတဲ့။  ဒီယာဉ်ငယ်လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့ဖူးသလား ဆိုတာကို စူးစမ်းဖို့၊ အင်္ဂါဂြိုလ်ရဲ့ ရာသီဥတု၊ ဘူမိဗေဒ စသည်တို့ကို လေ့လာဖို့ ဖြစ်ပါတယ်။  နောက်ပြီးတော့ အင်္ဂါဂြိုလ်ပေါ်ကို လူသားတွေ စေလွှတ်နိုင်ဖို့အတွက်လည်း အထောက်အကူပြုစေဖို့ စီမံကိန်းရေးဆွဲနိုင်ဖို့ ရည်ရွယ်ပါသတဲ့။  ဒီနေ့ Youtube မှာ အဲ့ဒီ အကောင်လေး ဘယ်လို ဆင်းသက်ပြီးတော့ ဘယ်လို အလုပ်လုပ်မယ်ဆိုတာကို ကြည့်ဖြစ်တာနဲ့ စာမြည်းလေး ပေးလိုက်တာပါ။  အသေးစိတ်သိချင်ရင်တော့ အောက်က လင့်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်ခင်ဗျာ။  ကဲ… ဗီဒီလိုလေး ကြည့်လိုက်ပါဦး

Saturday, August 4, 2012

တံဆိပ်နာမည်တွေ ဘယ်ကစတယ် ၂

Vodafone ကတော့ voice, data နဲ့ telefone တို့ကို ပေါင်းစပ်ထားတာပါတဲ့။

တံဆိပ်နာမည်တွေ ဘယ်ကစတယ် ၁

နာမည်ကြီး နစ်ကီရဲ့ တံဆိပ်ကတော့ ဂရိစစ်ဘုရားတစ်ဦးရဲ့ နာမည်ကို ယူထားပါသတဲ့။  အမှန်လေးခြစ်ထားတဲ့ Swoosh လို့ခေါ်တဲ့ တံဆိပ်ပုံစံလေးကို ဖန်တီးသူကတော့ Carolyn Davidson ဆိုတဲ့ ဒီဇိုင်းပညာရှင်ဖြစ်ပြီးတော့ ၁၉၇၁ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။  အဲ့ဒီတုန်းကတော့ သူမဟာ ဒီလိုတံဆိပ်လေး ရေးဆွဲခအဖြစ် ၃၅ ဒေါ်လာ တောင်းခဲ့ပါတယ်။  ၁၉၈၃ ခုနှစ်မှာတော့ Nike ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Knight ကနေပြီးတော့ သူမကို ရွှေနဲ့ပြုလုပ်ထားပြီး စိန်တစ်ပွင့်မြှုပ်ထားတဲ့ Nike ပုံစံ အမှတ်တရ တစ်ခုကို လက်ဆောင်အဖြစ်ပြန်ပေးခဲ့ပြီးတော့ စာအိတ်တစ်အိတ်လဲ ပေးခဲ့ပါတယ်။  အဲ့ဒီစာအိပ်ထဲမှာတော့ နစ်ကီရဲ့ တန်ဖိုးသတ်မှတ်မထားတဲ့ စတော့ရှယ်ရာတွေ ပါဝင်ခဲ့ပါတယ်။

Friday, August 3, 2012

ထီးရောင်စုံနဲ့ လှနေတဲ့မြို့ကလေး


ပေါ်တူဂီနိုင်ငံက Agueda ဆိုတဲ့ မြို့ကလေးဟာ မှာ ဇူလိုင်လရောက်ရင် လမ်းတစ်ချို့မှာ ခုလိုမျိုး ထီးကလေးတွေ ရောင်စုံ လမ်းမပေါ်မှာ မိုးလို့ လှချင်တိုင်း လှနေပါသတဲ့။  ဒီပုံလေးကို Patricia Almeida ရဲ့ Flickr ကနေ ကူးယူဖော်ပြပါတယ်။  စိတ်ကူးကောင်းကောင်းလေးနဲ့ ဖန်တီးထားတာမို့ တော်တော်လေး ကြိုက်မိပါတယ်။  တစ်နေ့တော့ ကျွန်တော်လည်း ကျွန်တော့်ခြံထဲမှာ ဒီလိုမျိုး ထီးရောင်စုံမိုးကြည့်ချင်သေးသပ။




အိုလံပစ်ကြည့်ဖို့ တရုတ်ကနေ လန်ဒန်ကို စက်ဘီးစီးသွားတဲ့ အဖိုး

               အိုလံပစ်ပွဲကြီးကျင်းပတော့ တကမ္ဘာလုံးကလူတွေ ရုပ်မြင်သံကြားကနေ ကြည့်ကြသပေါ့။  ဒါပေမယ့် အိုလံပစ်ပွဲတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်တဲ့ ငွေကြေးတတ်နိုင်တဲ့ လူများကျတော့လည်း လန်ဒန်ကို သွားကြည့်ကြတာပေါ့လေ။  တရုတ်နိုင်ငံက လယ်သမား အဖိုးအိုက ချန်ကွမ်းမင် တော့ အင်္ဂလိပ်စကားလည်း မပြောတတ်၊ ငွေကလည်း မတတ်နိုင်၊ သူ့မှာ ရှိတာဆိုလို့ ဘီးသုံးဘီးပါတဲ့ စက်ဘီးလေး တစ်ခုသာပိုင်ပါသတဲ့။ 
          ဒီတော့ အိုလံပစ်ပွဲကို ကြည့်ချင်လှတဲ့ အဖိုးအိုဟာ သူ့ရဲ့ သုံးဘီးစက်ဘီးလေးနဲ့ပဲ လန်ဒန်ကို အရောက်သွားဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။  ဒီလိုနဲ့ ၂၀၁၀ မေလ ၂၃ ရက်နေ့မှာ အဖိုးအိုဟာ သူ့အိမ်ကနေ စတင်ပြီးတော့ ထွက်ခွာခဲ့တာ ဇူလိုင် ၉ ရက်နေ့မှာတော့ လန်ဒန်မြို့ကြီးကို ရောက်ခဲ့ပါသတဲ့။  အဖိုးအိုဟာ ကီလိုမီတာပေါင်း ၆ သောင်းကျော်ကို နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကျော်ဖြတ်ပြီးတော့ လန်ဒန်ကို အရောက်လာခဲ့တာပါ။  ခရီးတလျှောက်လုံးမှာ ရေလွှမ်းမှု့တွေ၊ စစ်ပွဲတွေ၊ တောင်တွေ၊ -၃၀ အောက်အထိ အေးနေတဲ့ ရာသီဥတုတွေကို ကြံကြံခံပြီးတော့ ခရီးနှင်ခဲ့ပါသတဲ့။ 
          သူလန်ဒန်ကိုရောက်သာရောက်လာတာ အင်္ဂလိပ်လို တစ်လုံးမှ မပြောတတ်ပါဘူးတဲ့။  တရုတ်လို တစ်လုံးစ နှစ်လုံးစပြောတတ်တဲ့ မစ္စတာ ဘီစတင်နဲ့ တွေ့တော့မှသာ သူကို တရုတ်ပြည်ကမှန်းသိလို့ တရုတ်တန်းကို ခေါ်သွားကာ ဖြစ်ကြောင်းရယ်မှ ကုန်စင် ပြောပြခိုင်းပြီး အဖိုးအိုရဲ့ အဖြစ်အပျက်ကို သိရပါသတဲ့။  အဖိုးအိုကတော့ ပြောပါတယ် “လန်ဒန်မြို့ဟာ လှပတဲ့ မြို့တစ်မြို့ပါပဲတဲ့”

Thursday, August 2, 2012

ကမ္ဘာ့ အကုန်အကျ အများဆုံး ခွေးမင်္ဂလာဆောင်


             နယူးယောက်မှာတော့ ခွေးသတို့သမီး Baby Hope Diamond နဲ့ ခွေးသတို့သား Chilly Pasternak ဆိုတဲ့ ခွေးတို့ကို ဆင်စီးပြီး မြင်းရံ၊ တူစုံနွဲလို့ ခြိမ့်ခြိမ့်သည်း မင်္ဂလာဆောင်ပေးလိုက်တာ ဒေါ်လာ ၁ သိန်းခွဲကျော် ကုန်သွားလို့ ကမ္ဘာ့ဈေးအကြီးဆုံး ခွေးမင်္ဂလာဆောင်အဖြစ် ဂင်းနစ် စံချိန်ဝင်သွားပါတဲ့။  ဒီမင်္ဂလာပွဲကိုတော့ Baby Hope Diamond ရဲ့ သခင် ဖြစ်သူ Wendy Diamond ကဆိုတဲ့  တိရိစ္ဆာန်များ ရေးရာ အဖွဲ့မှာ တက်တက်ကြွကြွဆောင်ရွက်တဲ့ ခွေးချစ်တဲ့ ပိုင်ရှင်က Humane Society of New York(ပိုင်ရှင်မရှိတဲ့ အိမ်မွေး တိရိစ္ဆာန်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဂေဟာ) ကိုရံပုံငွေ ရရှိစေဖို့အတွက် ကျင်းပပေးခဲ့ပါသတဲ့။  စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၅၈၁၈၇.၂၆ ဖြစ်ပါသတဲ့။  မင်္ဂလာဆောင်တာမှ ရိုးရိုးတောင်မဟုတ်သေးဘူးတဲ့ဗျား… နာမည်ကြီး မင်္ဂလာဆောင်ပွဲစီစဉ်သူ၊ တက်ရောက်လာတဲ့ ခွေးတွေအတွက် အ၀ဆွဲ ဘူဖေး စသည်စသည်တို့ ပါဝင်ပါသတဲ့ဗျား။  ဒီအတွက် အားလုံးကို အလှူရှင်တွေက လှူဒါန်းခဲ့တာဖြစ်ပါသတဲ့။  မင်္ဂလာပွဲကို တက်ရောက်ဖို့လည်း လက်မှတ်ဝယ်ယူပြီး တက်ရောက်ခဲ့ကြပါသတဲ့။  လက်မှတ်ဖိုးငွေကိုတော့ Manhattan fundraiser ကို လှူဒါန်းမှာဖြစ်ပါတယ်။  သတို့သမီး ကတော့ ပေါ့သေးသေးခွေးမဟုတ်ပါဘူးတဲ့.. Twilight ဇာတ်ကားထဲက နာမည်ကြီး မင်းသမီး  Kristen Stewart အပါအ၀င် နာမည်ကြီး ၃၀၀ ကျော်နဲ့ ဓာတ်ပုံတွဲအရိုက်ခံဖူးလို့ နာမည်ကြီးများနှင့် ဓာတ်ပုံတွဲအရိုက်ခံဖူးဆုံးခွေး ဆိုပြီးတော့ ဂင်းနစ်မှတ်တမ်းဝင် ခွေးဖြစ်ပါသတဲ့ဗျား။  အလုပ်မရှိ ကြောင်ရေချိုး.. အဲလေ အလုပ်မရှိ ခွေးမင်္ဂလာဆောင် လို့ပြောရမလို ဖြစ်နေပြီ။

အိုလံပစ် သမိုင်းကြောင်း စိတ်ဝင်စားစရာလေးတွေပါ



Source : (Link)

Wednesday, August 1, 2012

စေတနာလား အဿပြာလား


          ဆေးဖိုးဝါးခ ဆိုတဲ့ စကားလုံးလေးက အတော်လေး လှသည်။  မည်သို့မည်ပုံ ဆေးဖိုးဝါးခ ဟူသော စကားလုံး ဖြစ်တည်လာသည်ကိုတော့ ကျွန်တော်မသိ။  သို့သော် ယနေ့ခေတ်ကြီးမှာတော့ အဆိုပါ စကားနှစ်လုံးကို မြင်လျှင် ဆေးဖိုးရယ်၊ ၀ါးခရယ် ဆိုပြီး ရွှေပြည်ကြီးမှာ ခွဲပြီး မြင်ကြသည်။  စေတနာ လှိုင်လှိုင်ပေါလှပါသည်၊ ကူညီတတ်သော မြန်မာလူမျိုးများဟု ကမ္ဘာက ယူဆခဲ့ကြသည်။  ဒီနေ့ ဆေးရုံတွေ သွားလျှင်တော့ အဆိုပါ အရာများကို တွေ့ဖို့ရာမလွယ်။  ဇစ်မြစ်ကို ရှာလိုက်တော့လည်း ဂျာအေးကို သူ့အမေရိုက်နေပြန်သည်။  ကျန်းမာရေးဝန်ထမ်းတွေက လစာမလောက်လို့၊ ဆေးရုံတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ ပစ္စည်းတွေ မလုံလောက်လို့၊  ပြည်သူတွေအတွက် ကျန်းမာရေး ဘက်ဂျက် မရှိလို့ စသည် စသည်ဖြင့် မုန့်ကြိုးလိမ်သလိုကျစ်နေလေတော့ ကြက်ဥအစ ရှာမရ။  ဒီလိုနဲ့ လူတွေရဲ့ အကျင့်စာရိတ္တတွေ ယိုယွင်းလာကြသည်။  သို့ပေမယ့် အထူးကု ဆေးခန်းတွေကတော့ ဟော ဟိုမှာ တစ်လုံး၊ ဟော ဒီမှာ တစ်လုံး ပေါ်လာနေသည်။  ဆေးရုံတွေ ပေါလာပေမယ့် စေတနာတွေကတော့ ရှားရှားလာသည်။  ခေတ်ရေးစီကြောင်းပေမယ့် ရောဂါဖြစ်လာလို့ ကုစရာ ငွေမရှိရင် သေဖို့ပြင်ရုံသာ။  ဟင် ငွေမှ မရှာနိုင်တာ သေပေါ့ ဆိုတဲ့ ရက်စက်လှတဲ့ စိတ်ဓာတ်မျိုးစေ့တွေ မျိုးဆက်သစ်တွေထဲ ခေါင်းထဲကို ပတ်ဝန်းကျင်က ရိုက်သွင်းမှာကို စိုးရိမ်လှသည်။ 
          ဒီနေ့ အန္ဒိယက သတင်းလေး ဖတ်လိုက်ရတော့ တော်တော်လေး ရင်ထဲမှာ မကောင်းဖြစ်သွားသည်။  အန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်က ပြည်သူဆေးရုံမှာ ဖြစ်သွားတဲ့ သတင်းလေးကို ဒီကနေ ဖတ်ဖြစ်လိုက်ခြင်း ဖြစ်သည်။  အဖေက ကြုံရာ ကျပန်း လက်လုပ်လက်စား အိမ်တွေလိုက်ပြီး ဆေးသုတ်တဲ့ အလုပ်သမား။  အမေကတော့ ဘာလုပ်သည်မသိ။  သူတို့နှစ်ယောက်မှာတော့ လမစေ့ပဲ သမီးလေးကို ပြည်သူ့ဆေးရုံကြီးတွင်မွေးသည်။  ရင်နှစ်သည်းခြာ လေးကို ပေးနိုင်သည်က ချစ်ခြင်းသာဖြစ်သည်။  ပိုက်ဆံဆိုသည်မှာ တစ်နေ့လုပ် တစ်နေ့စား လူတန်းစားအတွက် အလုပ်ရှိမှ ၀င်ငွေရှိသည်။  အလုပ်မရှိလျှင် ၀င်ငွေမရှိ။  သူတို့မွေးတဲ့ သမီးငယ်လေးက လမစေ့တော့ လမစေ့ပဲ မွေးတဲ့ ကလေးတွေကို ထားရတဲ့ incubator ထဲမှာ ထည့်ထားရသည်။  ထည့်ထားရတော့ ဆေးရုံက လျှပ်စစ်ဖိုးဆိုပြီး ရူပီး ၂၀၀ တောင်းသည်။  ရူပီး ၂၀၀ သည် မြန်မာငွေ ၃၀၀၀ ၀န်းကျင်သာ။  ခက်သည်က ကလေးအဖေ ကူမားမှာ ငွေနှင့်တူတာ ခြူတစ်ပြားမှမရှိ။  ဆေးရုံကို ငွေရှာပေးပါ့မည်၊ သမီးလေးကိုတော့ incubator ထဲမှာ ထည့်ပေးထားပါလို့ အထပ်ထပ်အခါခါ တောင်းပန်သော်လည်း ဆေးရုံကလက်မခံ။  နောက်ဆုံးဆေးရုံက ကလေးငယ်ကို incubator ထဲကနေထုတ်လိုက်သည်။ ကလေးငယ်အတွက် ချိတ်ပေးထားသော အားဆေးပိုက်ကိုလည်း ပိုက်ဆံမပေးနိုင်လို့ဆိုပြီးတော့ ဖြုတ်ပစ်လိုက်သည်။  ကလေးငယ်လေးဟာ incubator ထဲက ထုတ်ပြီးတော့ ၃နာရီ အကြာမှာ သေသွားသည်။  ပိုက်ဆံ ၃၀၀၀ ကျပ်ကြောင့် သေသွားသည်။  မိခင်ဖြစ်သူကတော့ ယူကြုံးမရ ဆေးရုံက သူ့သမီးလေးကို သတ်တာပါဟု မည်တမ်းပြီးတော့သာ ငိုရှာသည်။  ဖြစ်တာတွေတော့ ဖြစ်ပြီးသွားပြီ။  သက်ဆိုင်ရာတွေကတော့ ၂ ရက်အတွင်း အဖြစ်မှန်ရအောင် စုံစမ်းမည်ဟုဆိုသည်။  အဆိုပါလင်မယားကိုလည်း နစ်နာကြေး (မြန်မာငွေနှင့် တွက်လျှင် ၁၅ သိန်းခွဲခန့်) ပေးမည်ဟုဆိုသည်၊ ကျွန်တော်ဆိုလျှင်တော့ အဆိုပါငွေကို ယူပြီးတော့ ဆေးရုံကလူတွေရဲ့ မျက်နှာကို လိုက်ပေါက်ဖြစ်မည်ထင်သည်။ အန္ဒိယ နိုင်ငံမှာ ဖြစ်သွားတဲ့ သတင်းလေးကတော့ ဒီမှာတင်ပြီးသွားသည်။