စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, November 4, 2011

ကျွန်တော်နှင့် ကျောင်းသားဘ၀ Sea Training (အပိုင်း ၂)


ဒီနေ့ ကျွန်တော့် လက်ရှိပရောဂျက်ရဲ့ နောက်ဆုံး သင်္ဘောအတွက် Sea Trial လိုက်နေတာနဲ့ ခုမှပြန်ရောက်ပါတယ်။  ပြန်ရောက်တော့မှ ဆက်ရေးမယ်ဆိုတော့ ဘာရေးရမှန်းက ရှာလို့မရ။  အဲ့ဒါနဲ့ပဲ အပိုင်း ၁ နောက် ဘာဆက်ရေးချင်လဲဆိုပြီး တွေးရင်းနဲ့ ကျားစီးကြခြင်းနဲ့ စပြီး ရေးလိုက်ပါတယ်။
ဟောဒါက သဋ္ဌေးကျွန်း၊ ကာစီနိုတွေရှိတယ်၊ ကိုယ်ပိုင်သင်္ဘောတွေနဲ့ လောင်းကစားလာလုပ်ကြတယ် ဖြတ်သွားတုန်း ရိုက်ထားတာ



ကျားစီးကြခြင်း
          ကျ ကျာ ကျား ဆိုတာက ကျွန်တော်တို့ အခေါ်။  အဲ့ဒါက ၀ီ၊ ရမ်၊ ဂျင် အကုန်ပါတယ်။  သင်္ဘောပေါ်စရောက်ကထဲက ဆွဲလာတဲ့ ပုလင်းတွေက သုံးရက်တောင်မခံလှပါဘူး။  သူငယ်ချင်းတစ်အုပ်နဲ့ ပြုတ်ပြုတ်ကို ပြုန်းရော။  အဲ့ဒါနဲ့ သင်္ဘောပေါ်မှာ လှည့်ပတ်ပြီး စပ်စုရပါတော့တယ်။  အခန့်သင့်လေတော့ ကိုကိုးကျွန်းမှာ ရောင်းဖို့ဆိုပြီးတော့ အဒေါ်ကြီးတစ်ယောက်က ဇေယျဝတီလား၊ ဇေလားမမှတ်မိတော့ဘူး အဲ့ဒီ အဖြူတွေကို ပုံးလိုက် ကိုယူလာတာ။ နောက်ပြီး သရက်သီးစိမ်းတွေလည်းပါရဲ့။  ဘာပြောကောင်းလိုက်မလဲ ကျွန်တော်တို့ ၀ိုင်းပြီးအားပေးလိုက်တာ အဲ့ဒီ ဇေ တွေ ဘယ်နှစ်ဒါဇင်မှန်းမသိဘူး ကိုကိုးကျွန်းတောင် မရောက်လိုက်ဘူး ကုန်တာပဲ။  သရက်သီးစိမ်းကတော့ အမြည်း ဖြစ်သွားပါ၏။  ထိုအချက်သည်လည်း ထမင်းဆိုင်နည်းတူ ပန်းကမ္ဘာသို့ ရောက်အောင်ပို့ဆောင်ပေးသော အစားအစာတစ်မျိုးလို့ ထင်ပါတယ်။  ညတိုင်း မိုးရွာတော့လည်း အချမ်းပြေ၊ နေသာတော့လည်း ရာသီဥတုကောင်းလို့နဲ့ ချီးယားလိုက် ကမ်းပေးလိုက်တာ မာလာမုန်တိုင်း မမိခင်အထိပဲ။  မာလာမုန်တိုင်းဆိုတာက မိုးဦးကျ မုန်တိုင်းခင်ဗျ၊ အဲ့ဒီနှစ်က မုန်တိုင်းတော်တော်ကြီးလို့ “မာလာ”ဆိုတဲ့ မုန်တုန်း နာမည်ပေးလိုက်တယ်ထင်ပါ့။ အဲ့ဒီအကြောင်းကိုတော့ နောက်အပိုင်းတွေမှ ဆက်ရေးတော့မယ်။




ကိုကိုးကျွန်း သို့ ဆိုက်ရောက်ခြင်း
ကိုကိုးကျွန်းက အဝေးရပဲ လှမ်းရိုက်လို့ရလို့ အဝေးကပဲ ရိုက်ခဲ့ပါတယ်။

          ကိုကိုးကျွန်းကတော့ သင်္ဘော ကပ်လို့မရပါဘူး။  စစ်ဋ္ဌာနချုပ်ဖြစ်နေတာက တစ်ခု၊ ရေတိမ်တာကတစ်ခုဆိုတော့ ကဲ့ယူမယ့် စက်လှေတွေ ထွက်လာကြပြီး သင်္ဘောပေါ်က ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ မီးသွေး တွေ သယ်ကြပြီး၊ အုန်းသီးတွေ ပြန်တင်ပေးကြတယ်။  ကိုကိုးကျွန်းလို့ မဆိုရဘူး ပေါလိုက်တဲ့ အုန်းပင်တွေ ပြွတ်နေတာဘဲ အုန်းသီးတွေကလည်း။  ခွေးသအို့မနို့တိုက်နေသလားမှတ်ရတယ်။  မှတ်မှတ်ရရ ကိုကိုးကျွန်းရောက်တော့ ပုဇွန်အခွံတွေကို ဘောင်ကွပ်ပြီး အလှရောင်းတာ။  ကျွန်တော်လည်း တစ်ကောင်၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပုဇွန်နှစ်ကောင်ပါတဲ့ဟာ တစ်ခု အဲ့ဒါဝယ်ဖြစ်တယ်။  ကျန်တာကတော့ ပင်လယ်ထဲက ဆယ်လို့ရလာတဲ့ ခရုတွေရောင်းတာ။ ဈေးကလည်း ချိုသလားမမေးနဲ့၊ သူတို့အတွက်ကတော့ အလကားရတာကိုး၊ ကျွန်တော်တို့ကလည်း ချောင်းသာတို့ ဘာတို့မှာဆိုရင် ဈေးကြီးပေးရလေတော့ ၀ယ်၊ ပြီးတော့ ခရုတွေကို အဆံထုတ် နေပူလှန်း၊ ခရုခွံသိမ်းမယ်ဆိုပြီး ၀ယ်ကြလေသတည်းပေါ့။  ကျွန်တော်က ကျွန်တော့် မဟေသီအတွက် အဲ့ဒီအချိန်တုန်းကတော့ ချစ်သူတွေပေါ့ဗျာ၊ အဲ့သူအတွက်ဆိုပြီး ခရု စုံတွဲလေးတွေ (စုံတွဲဆိုတာက အထီး၊အမကို သိတာမဟုတ်ဘူး၊ အရောင်တူ၊ ပုံစံတူ၊ အရွယ်တူလေးတွေကိုပြောတာ) အဲ့ဒါလေးတွေ ၀ယ်သဗျ။ ခုထိ ရှိသေး အမှတ်တရဆိုပြီး သိမ်းထားတာ။ ကိုကိုကျွန်းအတွေ့အကြုံ့တော့ ဒီလောက်ပါပဲ၊  ပြီးတော့ ကုန်တင်၊ ကုန်ချ ခဏစောင့်ပြီး မြိတ်မြို့သို့သင်္ဘောထွက်လေ သတည်း။
အဲ့ဒါက ကျွန်တော်ဝယ်တဲ့ ကျောက်ပုဇွန် အခုတော့ မရှိတော့ဘူး :)

ဟောဒါက ကျွန်တော့ သူငယ်ချင်းဝယ်တဲ့ ပုဇွန် နှစ်ကောင်ပုံ 


မြိတ်မြို့သို့ တစ်ခေါက် 
          မြိတ်မြို့ဆိုတာက ကြားသားကြားဖူးတာ အဲ့ဒီ အချိန်ကြမှ ရောက်ဖူးတာ။  မြို့အ၀င်ကိုက ပင်လယ်ပြင်က၀င်ရတော့ တစ်မျိုးလေးလည်း ထူးဆန်းပါတယ်။  ရေကတော့ ခပ်နောက်နောက်ရယ်၊  ငါဖမ်းစက်လှေတွေကတော့ အပုံလိုက်ကို တွေ့ရတာ၊ မြို့အ၀င်ကတည်းကနေပြီး ကမ်းတစ်လျှောက် ဘယ်ကြည့်ကြည့်ငါးဖမ်းလှေတွေ ချည်းပဲ။  မြိတ်စကားက ထားဝယ်စကားနဲ့ မယိုးစွဲတူပေမယ့် ပုဇွန်တောင်ဈေးရှင်း အဲလေ လေသံကွာတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ မသိဘူး၊ ဘာပြောပြော နားကို မလည်တာ၊  ထမင်းစားပြီးပြီလားကို မန်းစားလား ဆိုတဲ့ သုံးလုံးလောက်ပဲ ကြားလိုက်ရပြီး ကျန်တာတွေက လုံးသွားတာကိုး။ 
          အဲ့ မြိတ်ဆိုတော့ ကျွန်တော့်တို့ အတန်းထဲက သူငယ်ချင်းက ဘိတ်သားခင်ဗျ။  နောက် ကျွန်တော်တို့ ကျောင်းတက်တုန်းက စမ်းချောင်းမှာ ငှားထားတဲ့ အိမ်ခန်း၊ အိမ်ခန်းဆိုပေမယ့် ကျောင်းသားတွေစုနေကြတော့ အဆောင်ပေါ့ဗျာ၊ အဲ့ဒီအဆောင်မှာ နေသွားတဲ့ သူငယ်ချင်း ဘိတ်သား နောက်တစ်ယောက်လည်းရှိတယ်။  ဘိတ်ကြိုမ၀င်ခင်ထဲက တောင်ကြီး သင်္ဘောလာတော့မယ် ဆိုတဲ့ သတင်းကြိုရလေတော့ အဲ့ဒီ အကောင်ကြီးကလည်း လာကြိုရှာပါတယ်။  အဲ့ဒီတော့ ဘိတ်မြို့ခံ နှစ်ယောက်ရလေတော့ မြိတ်တမြို့လုံး ၀ုန်းလို့ရပြီလို့ အားခဲထားပေမယ့် သင်္ဘောက နှစ်ညသာ (နှစ်ညလို့ထင်တယ် အတိအကျ မမှတ်မိတော့ဘူး) ကပ်လေတော့ သိပ်ပြီး အားမရလှပါဘူး။
          ဒီကြားထဲ ဟို သူငယ်ချင်း မြို့ခံ ဘိတ်သားကလည်း ကျွန်တော်တို့ အုပ်စုကို ကြောက်လို့ထင်ပါ့၊ သူ့ညီမကို တရားစခန်းပို့ထားသတဲ့။  သူ့အမကတော့ သူ့အိမ်က ပွဲရုံမှာ ဆိုင်ထိုင်တယ်။  ကျွန်တော်တို့ ရောက်တော့ သူ့အမနဲ့ကို စကားပြောမခံတာ၊ မျက်ထောက်နီကြီးနဲ့ လှမ်းလှမ်းကြီးလိုက် ဘိတ်လို လှမ်းလှမ်းဆဲလိုက်နဲ့ ရယ်နေရတယ်။  မှတ်မှတ်ရရရှိတာက သူငယ်ချင်းအိမ်မှာ ဒူးရင်းသီး ငါးလုံး ခွဲစားကြ၊ ပြီးတော့ ခရီးပန်းလေတော့ တစ်ရေးတစ်မော အိပ်ကျပါတယ်။  နိုးလာတော့ ဘိတ်ကက်ကြေးကိုက် ကောင်းတယ်ဆိုတဲ့ဆိုင်ကို ဆိုင်ကယ်ကိုယ်စီနဲ့ ချီတက်ကြပါတယ်။ ဆိုင်ကိုယ်တွေကတော့ မြို့ခံ သူငယ်ချင်းနှစ်ယောက် စီစဉ်ပေးတာ။ သြော် နောက်ပြီး ဟိုင်းလပ်က တစ်စီးပါသေးတယ်။  အဲ့ဒီမှာ ကက်ကြေးကိုက် စားကြတယ်။ ကောင်းလိုက်သည်ဖြစ်ခြင်း ဟို သင်္ဘောပေါ်က ထမင်းဆိုင်နဲ့ ကွာပါ့။  ပြီးတော့ မြိတ်က ဘုရားတွေ သွားဖူးကြတယ်။ ရွှေသာလျှောင်းဘုရား၊ ဆုတောင်းပြည့်စေတီ စသည်ဖြင့်ပေါ့လေ။


မြိတ်မြို့က ရွှေသာလျှောင်း ဘုရား

ဆုတောင်းပြည့် စေတီ


          ညကျတော့ အဲ့ အဲ့ဒီညက FA Cup ဖိုင်နယ် ရှိတယ်ဗျ။ လီဗာပူးနဲ့ ၀က်စ်ဟမ်း တွေ့တာ။  ဘီယာဆိုင်သွား အကင်စားရင်း ဘောလုံးပွဲသွား ကြည့်ကြတယ်။ ဘီယာဆိုင်မှာ ထူးထူးခြားခြား မှတ်မိတာတစ်ခုရှိတယ်။ အဲ့ဒါက တိုက်ဂါး စူပါကိုးလ်ဒ်။ ရန်ကုန်မှာတောင် မရောက်သေးဘူး။ ဘီယာက ပိုက်ခေါင်းကထွက်လာတာနဲ့ အနှုတ်ရောက်အောင်အေးတယ်၊ နောက်ပြီးတော့ ဘီယာခွက်က နှစ်ထပ် အပြင်သားက ရေကို ရေခဲထားတာ။ အတွင်းမှာက ဘီယာထဲ့ထားတာပေါ့လေ။ သောက်လို့ ကောင်းလိုက်သည်ဖြစ်ခြင်း။  ပွဲပြီးတဲ့အထိ ၃ -၃ နဲ့ သရေကျနေလို့၊ ပယ်နယ်တီမှာ လီဗာပူးက နိုင်ပြီးတော့ ချန်ပီယံဖြစ်သွားပါတယ်။  ဘောလုံးပွဲကြည့် ပြီးတော့ ဘီယာသောက် နောက် တစ်ချို့က ဘိတ်ကြီးအိမ်မှာ အိပ်ကြတယ်၊ ကျွန်တော်တို့ကတော့ သင်္ဘောပေါ်ပြန်တက်လာခဲ့ကြတယ်။ 

          နောက်တစ်နေ့ကျတော့ ဆီးဖု သွားစားကြတယ်။ ဟော့ပေါ့၊ ဘာပြောကောင်းမလဲ ခရု၊ ကမာ၊ ဂုံး၊ ဂဏန်း၊ ပြည်ကြီးက ကအစ ဘိတ်မှာ ထွက်သမျှ တီတွတ် ကျွတ် အကုန်လုံးကို စုံနေအောင် ဟော့ပေါ့ထဲထည့်စားတာ။ အဲ့ဒါကလည်း ပန်းကမ္ဘာကို ရောက်အောင် တွန်းပို့တယ်ထင်ပ။  တစ်ချို့ကျောင်းသားတွေကတော့ ဘိတ်က ငါးဖမ်းသင်္ဘောတွေ (၀ါးလတ်တို့၊ ၀ါးတန်းတို့) အဲ့ဒါတွေ သစ်သားနဲ့ဆောက်တာကို သွားပြီးလေ့လာကြတယ်။ တစ်ချို့ကတော့ ဂဏန်း၊ ပုဇွန်၊ ကမာ၊ ငါး စတဲ့ မွေးမြူရေးကန် တွေ သွားပြီးလေ့လာကြတယ်ပေါ့လေ။  ကျွန်တော်တို့ကတော့ မြို့ခံ ဘိတ်ကြီးကိုပဲ မေးဖြစ်တယ် ကိုယ်တိုင်မသွားဖြစ်ဘူး။  ဒီကောင်ကိုတိုင်ကလည်း စက်လှေ ပိုင်ရှင်ဖြစ်လေတော့ တော်တော်လေးရှင်းပြနိုင်သဗျ။
မြိတ်က စက်လှေ ရေချတဲ့ ပုံဗျ

ဟောဒါက Launching လုပ်ရင် သုံးတဲ့ Slipway ခေါ်မလား အဲ့သလိုဟာ အပေါ်က ကြိုးနဲ့ ဆိုင်းပြီးတော့ လျှောလျှောချတာ။


ဟောဒါက ဂဏန်းသားပေါက်တွေတဲ့ 

အဲ့ဒါလေးတွေကို ဟောဒီလို မွေးသဗျ

ဟောဒီအရွယ်လေးတွေပေါ့

ဟောဒါကြီး က ဂဏန်းအကြီးကြီး အိတ်စပို့ အိတ်စပို့


          အဲနောက် ပြီးတော့ မြိတ်က ရေတံခွန်ကို သွားဖြစ်ကြသေးတယ်။ အဲ့ဒီတစ်ခေါက်က ဆိုင်ကယ်ကိုယ်စီနဲ့။  ဆိုင်ကယ်တွေငှားပြီးတော့သွားတာ အဲ့ဒီတုန်းက တစ်နေကုန် အပြတ်ငှား ဆီမပါကို ၇၀၀၀ ထောင်နဲ့တူတယ်။ ကယ်ရီသမားကို ဂိတ်မှာထားခဲ့ပြီး ကျွန်တော်တို့တွေ ကိုယ်တိုင်မောင်းကြတာ။  မြို့ထဲလမ်းတွေက အတက်အဆင်း နဲနဲကြမ်းတယ်။  မြို့ပြင်ထွက်လိုက်တော့ လမ်းတွေက ဖြူးလို့ ကောင်းလိုက်သည်ဖြစ်ခြင်း။  မြိတ်မြို့က ခပ်လပ်လပ်မြို့ကလေးရယ် စီးပွားရေးက အားလုံးကောင်းကြသဗျား။  လူတိုင်းနီးပါး တစ်အိမ်တော့ ဆိုင်ကယ်တစ်စီး စီးနိုင်သဗျ။  ချမ်းသာတဲ့ လူတွေကတော့ မပြောနဲ့တော့ပေါ့လေ။  စိုက်ပျိုးရေးအတွက် မြေကတော့ သိပ်မရှိလှဘူး ကျွန်းဖြစ်နေတာကြောင့်ပါမယ်။ မီးကတော့ မှန်တယ်၊ မှန်ဆို တစ်မြို့လုံး မီးစက်ထောင်ထားပြီး အချိုးကျ ပြန်ပေးတာကိုးဗျ။  မီတာခကတော့ ဈေးကြီးသဗျို့။  ဓာတ်ဆီနဲ့ ဒီဒယ်ဆီကတော့ သူတို့မြို့ရဲ့ အသက်ဗျ၊ စက်လှေလည်း ဆီနဲ့မောင်း၊ ကား ဆိုင်ကယ်တွေလည်း ဆီနဲ့မောင်း၊ မီးရဖို့လည်း ဒီဆီနဲ့ပဲ မောင်းတာဆိုလေတော့ တစ်မြို့လုံး လှောင်ထားလိုက်တဲ့ဆီတွေ နည်းမယ်ကို မထင်ဘူး။  အဲ့ဒါကြောင့် မြိတ်မီးလောင်ရင် ပြေးစရာမရှိဘူးလို့ပြောကြတာ၊ ဒီဆီတွေ မီးလောင်မှတော့ ဘယ်လိုလုပ်ငြှိမ်းရလွယ်မှာတုန်း။ 
မြိတ် တက္ကသိုလ်

          အဲရေတံခွန်အကြောင်းပြောမလို့ ဘယ်တွေရောက်ကုန်မှန်းမသိဘူး။  ရေတံခွန်က တစ်အားမကြီးဘူး ကျွန်းပေါ်က ချောင်းကလေးမှ တောင်ကြားက ရေတွေထွက်နေတဲ့ နေရာလေး ချောင်းတစ်လျှောက်၊ ရေတံခွန်တစ်လျှောက်ဆိုပါစို့လေ ရေလွှာလျှောစီးသလို လျှောစီးလိုက်၊ ရေကူးလိုက်၊ မျှောလိုက်သွားလို့ရတယ်။  ရေတံခွန်ကပုံတွေက သူငယ်ချင်းတွေပါနေလို့ မတင်တော့ပါဘူး။ ရေတွေက အေးစိမ့်ပြီးတော့ တော်တော်လေး ပျော်ဖို့ကောင်းသဗျ။  အဲ့ဒီမှ တစ်ဝကြီးရေချိုး ပြီးတော့ပြန် အဲ့ဒါပါပဲ။  အဲ အပြန် မြိတ်တက္ကသိုလ် ခဏ ၀င်ကြည့်ကြသေးတယ်။  မြိတ်မြို့ကထွက်တော့ မာလာမုန်တိုင်းကလည်း စတာပါပဲ။  အဲ့ဒီအကြောင်းကို တော့ အပိုင်း ၃ ကျတော့မှ ဆက်ပြီး ရေးပါရစေခင်ဗျား။

6 comments:

  1. *** Special Credit to Mr. Kyaw. ချန်ပီယံလိဂ်နဲ့ FA ဖလား ဖိုင်နယ်နဲ့ မှားသွားတာကို ထောက်ပြပေးတဲ့အတွက်ရော၊ ကိုကျော်လင်းရဲ့ ဓာတ်ပုံအချို့ကိုပါ ယူသုံးတဲ့ အတွက်ပါ။

    ReplyDelete
  2. စောင့်မျှော်လျှက်ပါ အပိုင်း(၃)သို့.....:)

    ReplyDelete
  3. စိတ်ဝင်စားတယ်..
    မြန်မာပြည်ထဲမှာ မရောက်ဖူးသေးတဲ့ ပြည်နယ်နဲ့ တိုင်း ၃ခုဘဲကျန်တယ်
    အဲဒီထဲမှာ တင်္နသာရီပါ ပါတာပေါ့.. ရောက်ဖူးချင်ပါသေးတယ်..
    ဒီနှစ် အားလပ်ရက်တော့ ရခိုင်ဘက်သွားမယ်လို့ မှန်းထားတာဘဲ.. ရောက်မရောက်တော့မသိဘူး.
    အဲဒီလို ကိုယ်မရောက်ဖူးတဲ့နေရာတွေက အကြောင်းအရာတွေ ရှုခင်းတွေ ဓလေ့စရိုက်တွေကို စိတ်ဝင်စားမိတယ်
    သူဌေးကျွန်းက ခမ်းနားလှချည်ရဲ့နော်.. လောင်းကစားဝိုင်းတွေ ပေါလို့မို့ထင်ရဲ့.. မကာအိုလိုများ လုပ်ဦးမလား မသိ :)

    ReplyDelete
  4. မြိတ်မှာသောင်းကျန်းသွားတာ ဘယ်သူတွေများလည်းလို့ ဗျာ။ ဟဟ။ မြိတ်မှာ ထူးဆန်းတာ တစ်ခုရှိသေးတယ်ဗျ။ ဘောပွဲလောင်းတာ။ သူတို့ မှာ ကြေးဖွင့်တာက မြန်မာပြည်နဲ့  အတော်လေး ကွာတယ်။ သူငယ်ချင်းတွေ ဆွယ်လို့  စမ်းလောင်းကြည့်သေးတယ်။ ၂ ခါမှ တစ်ခါ အပြည့်နိုင်တယ်။

    နောက်တစ်ခုက ဘီယာဆိုင်၊ ဘီယာဆိုင်မှာ အဆိုတော်မလေးတွေ အလှည့်ကျ ခေါ်ထုတ်တာ အတော်ရီရတယ်ဗျ။ သူငယ်ချင်းနဲ့  ကျနော်ဆို တစ်ခွိခွိပဲရယ်။ မြန်မာပြည်မှာ “အလှည့်ကျတဲ့ အဆိုတော် ဘယ်သူပါ” ဒီလောက်ပဲလေ....... သူတို့ ကျမှ “ခုတစ်ခါ အလှည့်ကျတဲ့ သူက မေသူ ပါ.........”ပြီးတော့ ဆက်ပြီး “မြင့်မိုရ်” ဆိုပြီး အစမရှိ အဆုံးမရှိ တုံးတိ ကြီး ကြေငြာပါတယ်။ နောက်တော့မှ သိတာက နောက်ဆက်တွဲ စကားလုံးက နောက်တစ်ခေါက် ဆိုမယ့် သူကို ကြိုပြီး Alert လုပ်တာတဲ့ဗျာ။ ကြားရတဲ့သူမှာတော့ တခွိခွိပဲ။

    ReplyDelete
  5. မအိန်ဂျယ်ရေ အပိုင်း ၃ ကရေးနေတုန်းခင်ဗျ... ဆင်ဆာလွတ်အောင် အများကြီးရှောင်ရတယ်ဆိုတော့ ဖျက်လိုက်ရေးလိုက် ဖြစ်နေတာ... :)

    အမ ချောကို လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ သဋ္ဌေးကျွန်းက မကာအို အသေးစားလေးခင်ဗျ၊ အဲ့ဒီမှာ လင်းပိုင်လေးတွေလည်းရှိတယ်လို့ပြောတယ်၊ လောင်းကစား နာမည်ကြီးတဲ့ ကျွန်းကလေးပါ။

    ကိုအလင်းစက်ရေ ကျွန်တော်က တစ်ရက်နှစ်ရက်ပဲ နေလိုက်ရတာဆိုတော့ စင်တင်ဘက်မရောက်ဖြစ်လိုက်ဖူးခင်ဗျ.... ဘောလုံးပွဲပြတဲ့ နေရာပဲ ရောက်ဖြစ်လိုက်တယ်....

    ReplyDelete
  6. စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေး.....
    အပိုင်း- ၃ မျှော်နေပါတယ်

    ReplyDelete