ကျွန်တော့် ကျောင်းသားဘ၀ မမေ့နိုင်တာတွေထဲမှာ
တစ်ခုက Sea Training ပါ။ Sea Training ဆိုတာက
အဓိက တက္ကသိုလ်က ရေကြောင်းအင်ဂျင်နီယာ ကျောင်းသားတွေ(Marine Engineering)၊ ရေယာဉ်မောင်းနှင်မှု့
ပညာရပ် (Nautical Science) ကျောင်းသားတွေကို ရည်ရွယ်ပြီးတော့ သင်္ဘောနဲ့ လက်တွေ့ မောင်းနှင်စေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပထမဆုံး အပတ်စဉ်တုန်းက နောက်ဆုံးနှစ်
ဖိုင်နယ်မှာ ကျောင်းသား ၁၀၀ ကျော်ကျော်ပဲ ကျန်လေတော့ ပါချုပ်ကလည်း ငါ့တပည့်လေးတွေ ပင်လယ်ပင်ကို
နဖူးတွေ့ ဒူးတွေ့ကြုံပါစေဆိုတဲ့ စေတနာနဲ့ ရှိသမျှ မေဂျာ ၆ ခုက တပည့်တွေကို သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ရေယာဉ်ဗိသုကာ မေဂျာက ကျွန်တော်တို့တွေလည်း
ပထမဆုံးအကြိမ် သင်္ဘောကြီးနဲ့ အုပ်စုလိုက်ကြီး ပင်လယ်ထဲ ထွက်ဖြစ်တယ်ဆိုပါတော့။
ကျောင်းသား ၁၅၀ ကျော်ကို သင်္ဘော တစ်စီးထဲ
တင်ပေးလိုက်တယ်ဆိုထဲက စဉ်းစားသာကြည့်။ ဆရာ
ဆရာမ ကျွန်တော်ထင်တယ် ၁၀ ယောက်လောက်ပါမယ်နဲ့တူတယ်။ တစ်ပျော်တစ်ပါးကြီးပေါ့။ ပျော်ပျော်ပါးပါးကို သင်္ဘောထွက်ရမယ်ဆိုလေတော့
ကျောင်းသားတွေ အိမ်က မိဘတွေ၊ အဒေါ်တွေ၊ ဦးလေးတွေကလည်း အကြော်၊ အခြောက်၊ အခြမ်း၊ ဆေး၊
ပိုက်ပိုက်ကအစ လိုလေးသေးမရှိအောင် ထည့်ပေးလိုက်ပါတယ်။ အဲ့ ကျွန်တော်တို့ကတော့ တစ်နိုင်တစ်ပိုင်ဆိုသလို
ဂစ်တာ၊ ဖဲထုပ်၊ ၀ီ၊ ရမ် အမြည်း စသည်ဖြင့် အဲလေ.. စာအုပ်၊ ဘောပင်၊ ကာဗာအော (အဲ့ဒီတုန်းကတော့
ဘွိုင်လာစွပ် လို့ခေါ်သဗျ အပေါ်အောက် ၀မ်းဆက် စက်ခန်းထဲမှာ ၀တ်တဲ့ ၀တ်စုံပေါ့) အဲ့ဒါတွေ
ဝယ်ကြတယ်ပေါ့ဗျာ။ ကဲ ဖတ်ရတာပိုအဆင်ပြေအောင်
အခန်းလေးတွေ ခွဲရေးပေးလိုက်ပါတယ်ခင်ဗျာ။
ပထမနေ့ သင်္ဘောပေါ်အတက်
သင်္ဘောပေါ်မှာ ရိုက်ထားတဲ့ပုံ- ကျောင်းသားတွေရော ခရီးသည်တွေရော
ကျွန်တော်တို့ လိုက်ရမယ့် သင်္ဘော တောင်ကြီး
သင်္ဘောလို့ခေါ်သဗျ။ အထွေထွေကုန်တင်သင်္ဘောပါ။ သိပ်တော့ မကြီးလှဘူး။ ကဲထားပါတော့ သင်္ဘောပေါ်မှာက ခရီးသည်တစ်ဝက်၊ ကျောင်းသားတစ်ဝက်။ မနက်အစောကြီးထ ကျောင်းကယူနီဖောင်း အဖြူရောင်ရှပ်လက်တိုနဲ့၊
စတိုင်ဘောင်းဘီ နက်ပြာရောင်နဲ့ နံကထိုင်နဲ့ ရှုးဖိနပ်နဲ့ အကျအန သင်္ဘောဆိပ်ကို တဖွဲဖွဲ
ရောက်လာကြသပေါ့ဗျာ။ ဟိုရောက်တော့ သင်္ဘောတံခါးဖွင့်တာနဲ့
ပြေးတက်လိုက်၊ နေရာယူလိုက်နဲ့ ချွေး ဖုန်တွေ ပေသွားလိုက်တာ နေရာလေးက မဆိုးလှပါဘူး အမိုးရှိတယ်
ဘေးက ကုန်းပတ် ခုံလေးတွေကြားထဲမှာ ကျွန်တော်တို့ တစ်စု နေရာရသဗျ။ တစ်ချို့ ကျောင်းသားတွေကတော့ လွတ်လပ်ပွင့်လင်းတဲ့
သင်္ဘော အပေါ်ဆုံးထပ်မှာ လမင်းကြီးကို ကြည့်ရင်း ပင်လယ်ခရီး ပျော်ပျော်ကြီး ထွက်မယ်ဆိုပြီးတော့
နေရာယူကြတယ်။
အဲ.. ခဏနေတော့ သင်္ဘော ကက်ပတိန်(ကျွန်တော်တို့အခေါ်
သူကြီး)၊ စက်ချုပ်နဲ့ ဆရာ ဆရာမတွေက ခေါ်ပြီး သြ၀ါဒပေးတာပေါ့လေ။ လိမ်လိမ်မာမာနဲ့ ကြိုးစားကြဖို့၊ စည်းစည်းလုံးလုံးနေကြဖို့၊ လက်တွေ့လုပ်ကိုင်ရတဲ့
အတွေ့အကြုံတွေ ရသလောက်ယူကြဖို့ စသည် စသည်ပေါ့လေ။
အားလုံးကလည်း ဟုတ်ကဲ့ဆို တစ်ညီထဲ။ ညီဆို ဘောလုံးပွဲဆိုရင် အကုန်အတန်းလစ် ကန်တဲ့သူရော
အားပေးတဲ့လူရော တစ်ဖွဲ့ကြီး အတန်းလိုက်ပျောက်တာ အဆန်းမှမဟုတ်တာကိုး။ စာမှစာ အရမ်းကြိုးစားတဲ့ သုံး လေးယောက်ကလွဲရင် အတန်းအခွံကြီးကို
ဆရာတွေ သင်ရတာ အချိန်ပေါင်းနည်းမှ မနည်းတော့တာ။
ရန်ဖြစ်ပြီ စီကနဲကြားလိုက်လို့ရော ဘာထူးတုန်း တစ်ကျောင်းလုံး ကားစီးလုံးတွေငှားပြီးတော့
ရန်ဖြစ်နေတဲ့ ကျောင်းအထိလိုက်ပြီး သြဘာပေးသေးတာကိုး။ ထားပါတော့လေ… အဲ့ဒါနဲ့ တာဝန်တွေခွဲတမ်းချ၊ သင်္ဘောမောင်းမယ့်သူတွေက တစ်စု၊ အင်ဂျင်ခန်းထဲဝင်မယ့်လူတွေက တစ်စု၊ ကျွန်တော်တို့
ယောင်တောင်ပေါင်တောင်တွေက ဟိုဘက် ဒီဘက် ခွဲတမ်းချ။ လူပေါင်းတစ်ရာကျော် ဂျူတီခွဲလိုက်တော့ ခရီးစဉ်တစ်ခေါက်လုံးမှ
ကျွန်တော်အလှည့်က ၂ ခေါက်လားရယ်။ အသွားတစ်ခေါက်
အပြန်အတွက် တစ်ခေါက်နဲ့တူတယ်။ အဲ့ဒါနဲ့ ပြန်လာ
ဂစ်တာလေး ဂေါင်ဂင် ဂေါင်ဂင်ခေါက်၊ သီချင်းတွေဆို၊ ပျော်စရာကြီးပေါ့ဗျာ။
ဒုတိယနေ့
လက်တွေ့ဆင်းခြင်း
ဒုတိယနေ့ကျတော့ အင်ဂျင်ခန်းထဲဝင် အင်ဂျင်အကြောင်းနည်းနည်းမေး၊ သူကြီးဆီက သင်္ဘောပုံတွေတောင်းကြည့် ဟိုမှတ်ဒီမှတ်
မှတ်စုစာအုပ်ထဲ လျှောက်မှတ်တာပေါ့၊ တွေ့သမျှ အကုန်မှတ် အဲ့ဒီနေ့က တစ်ခါပဲ ၀တ်လိုက်ရတာ
ဘွိုင်လာစွတ်ပါ။ နောက် ဘယ်တော့မှ ပြန်ကို မ၀တ်ဖြစ်တော့တာ။ မှတ်စုစာအုပ်ကတော့ ရေစိုမှာစိုးလို့ ကျွတ်ကျွတ်အိပ်နဲ့ထဲ့ပြီး
တစ်ခါထဲ ချောင်ထိုးထားလိုက်ရော။ ဟုတ်တယ်လေ
ဂျူတီဆိုတာက အသွားတစ်ကြောမှ တစ်ချိန်ထဲကိုး။
ပြီးတာနဲ့ သင်္ဘောကို လေ့လာရေးဆင်းတာပေါ့လေ အိမ်သာဘယ်နှစ်လုံးရှိလဲ၊ မိုးပက်ရင်
ဘယ်လိုကာမလဲ၊ ကန်တင်း အခြေအနေ စသည်ဖြင့်ပေါ့။ ကျန်တာကတော့ ကြုံရင် ကြုံသလို မေးစမ်းပြီးတော့ သင်္ဘောအကြောင်း ပညာယူရတာပေါ့လေ။ ထားပါတော့။
အင်ဂျင်ခန်းထဲက အမှတ်တရလေးတွေ တစ်ချို့တစ်ဝက် ပဲ တင်တော့မယ်
တောင်ကြီးပေါ်က
စားတော်ဆက်
စားတော်ဆက်ဆိုတာက သင်္ဘောတစ်စီးလုံးမှ တစ်ခုထဲရှိတာ။
ခပ်ကျဉ်းကျဉ်းလေး။ အဲ့ဒီတော့ ကျောင်းသားတွေကို
အသုတ်လိုက်၊ အသုတ်လိုက်ခွဲပြီးတော့ ကျွေးတာပေါ့။
စရောက်ခါစကတော့ အသည်းအသန်ကို တိုးဝှေ့ပြီး တန်းစီတာဗျ။ ဟုတ်တယ်လေ ဗိုက်ကလည်း စာပြီကိုး။ ဟင်းကလည်း ကောင်းသလားမမေးနဲ့။ စားသောက်ဆိုင်က ဦးလေးကြီးတွေကလည်း တယ်သဘောကောင်းတာကို
ဟင်းအနှစ်လေးပေးပါဦးဆို အင့်ရော့ဆို ဟင်းခပ်တဲ့ ယောက်ချိုကြီးနဲ့ တစ်ဇွန်း၊ စားလို့ကောင်းလိုက်သည်ဖြစ်ခြင်း၊
ကြက်သား၊ ၀က်သား၊ ငါး အစုံရသဗျ။ သတိထားမိတာတစ်ခုကတော့
ပန်းကန်ဆေးတဲ့ နေရာကိုပါ။ ကျွန်တော်တို့ကတော့
ရေဖြတ်လို့ခေါ်သဗျ။ ရေဖြတ်ဆို စားပြီးသား ပန်းကန်ကို
ပီပါ ခပ်သေးသေးထပ် စွပ်ဆိုပြီး ဖြတ်ထည့်လိုက်တာ ထမင်းရော၊ ဟင်းရော အကုန် ဟိုရေထဲကျန်ခဲ့ပြီး
ပန်းကန်လေးက ပလွတ်လို ရေထဲက ထွက်လာတာကိုး။
အဲ့ဒါကို အထပ်လိုက်ပြန်တင်ထားတယ်။ နောက်လူထပ်စားရင်
အဲ့ဒီပန်းကန်နဲ့ ပြန်ကျွေးသကိုးဗျ။ “ဟင့်”လို့တော့
မမဲ့ နဲ့ဆရာ သင်္ဘောတစ်စီးလုံး စားသောက်ဆိုင် အဲ့ဒီတစ်ခုပဲရှိတာ စားချင်စား မစားချင်နေ။ ကျွန်တော်တို့ကတော့ အို ပန်းကန်လေးက ဟင်းနံလေးတောင်မွှေးသေး၊
ကိုက ကြက်သားဟင်းစားတာ၊ ငါးဟင်းနံလေးတောင် အစစ်ကပ်ပါသေးဆိုပြီး လွေးတာကိုး။ နောက် ၃ ရက်လောက်နေမှ သတိထားမိတယ်။ ကျွန်တော်တို့ ဟင်းအနှစ်ဆိုပြီး စားနေတဲ့ အနှစ်တွေက
သူတို့ဆီမှာ ပီပါလိုက် ချက်ပြီးသားကြီးကိုဗျ။
ကြက်သားဆိုလဲ ပြုတ်တယ်ထင်ပါ့ ပြီးတော့ အဲ့ဒီ ဟင်းအနှစ်နဲ့ရော ဟပ်ချလောင်း ကြက်သားဟင်းဖြစ်ကရော၊ ၀က်သား၊ အမဲသား၊ ငါး ထိုနည်းလည်းကောင်း။ ဘယ်နှစ်ရက်စားနိုင်မလဲဗျာ နောက် ဟင်းမြင်တာနဲ့ကို
“ဟင်” ကနဲ့ပဲ။ “ဟင်” သာဟင်တယ် ပင်လယ်ထဲရောက်နေတော့
ဘယ်ပြေးလွတ်မလဲ ဒီဆိုင်နဲ့ပဲ တစ်နေ့ တစ်နေ့ ပြန်ညားရတော့တာပေါ့လေ။ တစ်စီးလုံး ၀မ်းလျှောရတဲ့
အဖြစ်က အဲ့ဒီကနေစတယ်ထင်ပါ့။ နောက်ကျမှ ကျွန်တော်တို့နှင့်
ပန်းကမ္ဘာသို့ဆိုပြီး သပ်သပ်ခွဲရေးတော့မယ်။ ဒီစားသောက်ဆိုင်ကို အဲ့ဒီတုန်းက ရိုက်ဖို့မေ့ခဲတာ။ ခုတော့ နှမျောစရာကြီးကို ဖြစ်လို့။
ဖဲလောကရဲ့
စိန်ခေါ်သံ
ဒါကတော့ အထူးပြောစရာကို မလိုတာ။ ဒီခရီးမစခင်ကထည်းက
ကျောင်းသားတစ်ယောက်ကို အနည်းဆုံး ဖဲထုပ် ၅ ထုပ်ကနေ ၁၀ ထုပ်လောက်အထိ ပါပြီးသား။ ဘယ်ပြောကောင်းမလဲ သင်္ဘောတစ်စီးလုံးကို ၀ိုင်းလိုက်ကြတာ
သန်ရာ သန်ရာ ရှိုးတဲ့လူက ရှိုး၊ ပိုကာဝိုင်းက ပိုကာ၊ ရှမ်းဝိုင်းကရှမ်း၊ ဟောလီးဝုဒ်က
ဟောလီးဝုဒ်၊ မောပြီး မရိုက်နိုင်ရင်လို့ နှစ်ယောက်သားနားနေရင်တော့
တွမ်တီးဝမ်းလောက်ကတော့ အချင်းချင်းဝေပြီး ရိုက်တာကိုး။ အဲ့ ဟိုး သင်္ဘော ခေါင်မိုးပေါ်က ကျောင်းသားတွေလည်း
နေပူရင် ဦးထုပ်ဆောင်း၊ ထီးဆောင်းပြီး အားကြိုးမာန်တက် ရိုက်လိုက်တာများ သင်္ဘောတစ်စီးလုံး
လိုက်ဦးမလား၊ ရှိုး၊ ကာလာရမ်း၊ လက်ရှောင် အနှုတ်အသိမ်း လုပ်မယ်၊ ဖဲနှစ်ချပ်ကို ဖြန်းကနဲ့ရိုက်
ဟောဒီလို ပွင့်တယ်ကွဆိုပြီး အော်တဲ့လူကအော်….ဒီအသံတွေချည်းပဲ။
၅
ရက်လောက်နေတော့ သင်္ဘောက ပင်လယ်ထဲရောက်တဲ့အချိန်မှာ မိုးကစရွာပါတော့တယ်။ မိုးလည်းရွာရော ကြယ်တွေစုံတဲ့ညလုပ်နေတဲ့ သင်္ဘောခေါင်မိုးက
လူတွေလည်း ကြွက်စုတ်တွေဖြစ်ပြီး အောက်ထပ်ကို ဆင်းပြေးလာကြပါလေရော။ နေရာကျပ်ပါတယ်ဆိုမှ
အပေါ်ကလူတွေကလာ မိုးတွေကရွာ၊ မိုးရွာတော့ သင်္ဘောပေါ်က ပိုးဟပ်တွေ၊ ကြွက်တွေက ဟိုပြေးဒီပြေး
လူတွေက လည်းဟိုပြေးဒီပြေး၊ တာလပတ်တွေချ အို ရှုပ်ရှက်ကို ခတ်သွားတာပဲ။ တာလပတ်ချလိုက်တော့ လေကမ၀င် လှိုင်းကမူးလေတော့ အများ
သဘောတူညီချက်နဲ့ ဘာမှ မကာပဲ ဒီတိုင်းထားလိုက်တော့တာ။ အဲ့ဒါမှ မကြိုက်တဲ့လူဆိုရင်တော့ ထီးဆောင်းပြီး မိုးကာအကျီင်္ဝတ်၊
ဒါဘဲရှိတော့တာကိုး။ အဲ့ မှတ်မှတ်ရရ အဲ့ဒီညကတော့
ဖဲဝိုင်းတွေ မ၀ိုင်းနိုင်ကြတော့ပါဘူး။ ဒါပေမယ့်
နောက်နေ့ကျတော့ မိုးရွာလည်းရွာ၊ နေပူလည်းပူ ဖဲရိုက်ကတော့ မပျက်ရေးချ မပျက်ပေါင်ဆရာ။ မိုးရွာလို့ ဖဲခင်းလို့မရရင် လေထဲမှာ ကလားဖန်ထိုးတယ်။ လေထဲမှာ ဖဲထုပ်ကိုချိုးတယ်။ ထိုးသားကလည်း တစ်အိမ်ကို
နှစ်ယောက်၊ ဒိုင်ကလည်း အနည်းဆုံး နှစ်ယောက် ဒါမှ ဖဲဝေတဲ့လူက ဝေ၊ ပိုက်ဆံ အနှုတ်အသိမ်းနဲ့
ထီးမိုး မိုးကာမိုးပေးတဲ့လူက မိုးပေးလို့ရမှာကိုး။ အဲ့ဒီလိုနဲ့ ဖဲရိုက်လာလိုက်တာ ကိုကိုးကျွန်းကျော်….
မြိတ်နားရောက်တော့ မိုနိုပိုလီဆော့သလိုပဲ ပြောင်တဲ့လူကပြောင်၊ နိုင်တဲ့လူက နိုင်ပေါ့လေ။
အဲ့ဒီ
ပြောင်သွားတဲ့ အထဲမှာ ထူးထူးခြားခြား မှတ်မိတာက ရွှေပြည်နန်းကိုပါ။ ရွှေပြည်နန်း နာမည်တွင်ရတာက ဟို တီဗီမှာ ထက်ထက်မိုးဦးနဲ့
လွင်မိုးနဲ့ “ဟို အရင်တုန်းကတော့ အသားညိုသူမို့ လူတွေကြားထဲ တို့မျက်နှာငယ်” ဆိုပြီး
ရွှေပြည်နန်း အသားဖြူသားနပ်ခါးကို လွင်မိုးကြီးက မဲအိုးသုတ်ပြီး တစ်ခါရိုက်လိုက်၊ မဲအိုးဖျက်ပြီး
တစ်ခါရိုက်လိုက်ဆိုတော့ မျက်နှာက နုထင်းဥ၀င်း လာသကိုးဗျ။ အဲ့ ကျွန်တော့် အကောင်ကြီးက အဲ့ဒါမြင်တော့ သဘော
အကျကြီးကျလေပြီးတဲ့ သကာလာ ရွှေပြည်နန်း အသားဖြူသနပ်ခါးနဲ့ မနက်တစ်ခါ ညတစ်ခါ သူ့မျက်နှာကို
ထုံးမံ မံသပေါ့ဗျာ။ ခက်တာက ဟိုက လွင်မိုးက
နဂိုဖြူ၊ သူက ညဘက် ရယ်ပြလိုက်ရင် သွားပဲ မြင်ရလေတော့
မည်သို့ပင် ကြိုးစားသော်လည်းပဲ အချည်းအနှီးသာဖြစ်လေသတည်းပေါ့။ ဂလိုနဲ့ သူ့နာမည် ရွှေပြည်နန်းလို့ တွင်စေသတည်းဖြစ်သွားပါတယ်။ အဲ့ဒီ အနှီ သူငယ်ချင်းဟာ ရိုက်လိုက် ရှုံးလိုက်နဲ့
ရိုက်တိုင်းရှုံးလိုက်တာ မြိတ်ဝင်ခါနီးတော့ ပိုက်ပိုက် တစ်ပြားမှ မကျန်တော့ပါဘူး။ အဲ့ဒါနဲ့ သူငယ်ချင်းတွေက သူငယ်ချင်း မင်း အိတ်တွေစောင့်ပေး၊
ငါတို့ မြိတ်ရောက်ရင် မြို့တက်လည်မယ် မင်းကို တစ်ယောက် ၂၀၀ ပေးမယ်ဆိုတဲ့ သဘောတူညီချက်
ရလေ၏ပေါ့။ သူလည်း တစ်ညထဲနဲ့ ငွေ ၃ သောင်းလောက်
ခိုင်လေတော့ အင်းဆိုပြီး သဘောတူညီချက်ရပါတယ်။
ဒါပေမယ့် နောက်တစ်နေ့ မနက်မှာ အဲ့ဒီငွေ အားလုံး ဖဲပြန်ရှုံးလို့ ဒုံရင်းကနေ ဒုံရင်း
ပြန်ဖြစ်ပြီး ကော့သောင်းရောက်တော့လည်း ထိုနည်းလည်းကောင်း ထပ်မံ ရှုံးကာ အိမ်ပြန်မလှ
ဖြစ်သွားပါတယ်။ ထူးထူးခြားခြား အဲ့ဒီတစ်ခေါက်တုန်းက
ကျွန်တော်တို့ အဖွဲ့ ဖဲနိုင်လိုက်ပုံများ အားလုံးပေါင်းလိုက်ရင် ငွေ ၈ သိန်း နဲ့ ၁၀
သိန်းကြားလောက် နိုင်တယ်ထင်သဗျ။ ဒိုင်ကိုင်လည်း ပွင့်၊
ဘေးကထိုးလည်းနိုင်။ သို့သော်လည်း အဆိုပါ ပိုက်ပိုက်များအားလုံးသည်
ကော့သောင်းသို့အရောက် ဆီးဖု (ပင်လယ်စာ)၊ ဘီယာ၊ ဟော်တယ်ခ၊ ရှော့ပင် စသည် စသည်များ အားလုံးသို့
အလှုကြီးပေးသောကြောင့် တက်တက်ပြောင်သွားသည်သာမက မုန်တုန်းကမိ သင်္ဘောက မထွက်နိုင်သဖြင့်
ကော့သောင်းမှ ၂ ပတ်ကျော် ခွေးဖြစ်ခဲ့ရပါသည်ခင်ဗျား။ ဖဲဝိုင်းက ပုံတွေကတော့ တင်လိုက်ရင် ကျွန်တော့် သူငယ်ချင်းတွေ ကျွန်တော့်ကို ၀ိုင်းသတ်ကြမှာမို့လို့ မတင်တော့ပါဘူး ခင်ဗျား။
ဒုတိယပိုင်း မျှော်.....
မော်လမြိုင်မှာ ဆင်းသွားတဲဟာပါဘူးလား??
ReplyDeleteပါဝူးလေ... မုန်တုန်းမိပြီးတော့ ကော့သောင်းမှာ သောင်တင်နေတာ ဘယ်လိုလုပ် မော်လမြိုင်ပါတော့မှာတုန်း
ReplyDeletePhotos တွေ facebook မှာတင်လိုက်ရတော့မလား ဆြာထွဋ်..:D
ReplyDeleteကဲ..ဒုတိယပိုင်းလေး စောင့်နေကြောင်းပါ..
ReplyDeletewaiting second espoid :-)
ReplyDeleteအတွေ့အကြုံလေးတွေ စောင့်မျှော်အားပေးနေပါတယ်လို့...
ReplyDeleteအကြော်၊ အခြောက်၊ အခြမ်း၊ ဆေး၊ ပိုက်ပိုက်ကအစ လိုလေးသေးမရှိအောင် ထည့်ပေးလိုက်ပါတယ်။ အဲ့ ကျွန်တော်တို့ကတော့ တစ်နိုင်တစ်ပိုင်ဆိုသလို ဂစ်တာ၊ ဖဲထုပ်၊ ၀ီ၊ ရမ် အမြည်း စသည်ဖြင့် အဲလေ.ဟုတ်ပါဘူး
ReplyDeleteအဲဒီစာကြောင်းလေးကိုပဲ သိပ်ကြိုက်မိပါတယ်
ဒုဒုကဘယ်တော့လဲ..မျော်လျှက်
Waiting for coming posts bro!
ReplyDeleteWell Done! Carry on! :)
ဟေ့ကောင်ရွှေပြည်နန်းဆိုတာဘူသူတုန်းဟ ငါမသိပါလား
ReplyDelete