စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 17, 2011

နီတာ့ ပစ္စည်းတစ်ခုမှ မပါဘူး


          ဒီဟာသလေးကတော့ ကျောင်းနေဖက် ကျွန်တော့်သူငယ်ချင်း ဇော်သန်း ပြောပြတဲ့ ဟာသလေးပေါ့။  ပုံပြင်မပြောခင် ဇော်သန်းဆိုတာက ကျွန်တော်နဲ့ ရေကြောင်းတက်ခဲ့တဲ့ ငါးနှစ်လုံးလုံး တစ်ဆောင်ထဲနေကြထဲ သူငယ်ချင်းတွေထဲကတစ်ယောက်။  သူက ဒလ ဟိုဘက် တွံတေး ဇာတိ။  ကျောင်းပိတ်ရက်ဆိုရင် သူတို့ရွာသွားလည်၊ ဘောလုံးကန်၊ ထန်းရေသောက် ပျော်စရာအတော်ကောင်းသား။  ဇော်သန်းရဲ့ အဖေနဲ့ အမေကလည်း အတော်သဘောကောင်းသဗျ။  ကျွန်တော်တို့လာရင် ၀က်သားကို လုံးချက်ချက်၊ ငပိရည်နဲ့ တို့စရာနဲ့ လွေးလို့တယ်ကောင်း။ 
          ဒါတင်ဘဲလားဆိုတော့ မဟုတ်ဘူး၊ တစ်ခါတစ်လေ သူ့ အဖေနဲ့ အမေနဲ့ အဆောင်ကို လာလည်တတ်သေးတယ်။  လာရင်တော့ ဟင်းတွေ ထမင်းတွေ ကျွန်တော်တို့ တစ်ဝစားရတာပေါ့ဗျာ။  ဇော်သန်းရဲ့ အဖေကြီးလာလည်တော့ ကျွန်တော်တို့က ဘောလုံးဂျာနယ် ဖြန့်ခင်းပြီးတော့ လက်ချာရိုက်လိုက်တာ ဦးလေးကြီးလည်း ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင် လေပစ်၊ ဟိုဘက်ကကောင်းတယ်၊ ဒီဘက်က ကောင်းတယ်နဲ့ ဘောလုံးကို ၀ါသနာပါသွားတာပဲ။  လူကြီးကိုလည်း မချန် အဲ့သလို ပျက်စီးကြတာ။  ကမ္ဘာ့ဖလားတုန်းကဆို ဖိုင်နယ်ပြီးမှ ရွာပြန်တဲ့အထိကို ဖြစ်ရော။ 
          အဲ့ နီတာ ပစ္စည်းတစ်ခုမှ မပါဘူးဆိုတာက တစ်ကယ့်အဖြစ်အပျက်ဗျ။  သူတို့ရွာမှာ ကိုနီတာဆိုတဲ့ လက်သမားကြီးရှိတယ်။  လက်ရာသေသပ်တာရယ်၊ အလုပ်ကို စနစ်တကျ လုပ်တာရယ်ကြောင့် အိမ်တိုင်း အိမ်တိုင်း အိမ်ဆောက်တာတို့ အိမ်ပြင်တာတို့ဆိုရင် ကိုနီတာကြီးက လက်စွဲပေါ့။  ကိုနီတာကြီးကလည်း အိမ်ဆောက်လို့ပြီးရင်ဖြစ်ဖြစ်၊ အိမ်ပြင်လို့ပြီးလို့ အပိုကျန်တဲ့ ၀ါးလေးတွေ၊ ဓနိလေးတွေကို အိမ်ရှင်ဆီခွင့်တောင်းပြီး ယူတယ်ခင်ဗျ။  တစ်ရွာလုံး ဘယ်သူ့အိမ် အလှဆုံးလဲဆို ကိုနီတာကြီးအိမ်က အသပ်ရပ်ဆုံး။  သပ်ရပ်ဆို ကိုယ်တိုင်ကလည်း လက်သမားကိုး။  ဓနိမိုးဆိုလဲ ကျိုးတိုးကျဲတဲမဟုတ်ဘူး၊  ချပ်ချပ်ရပ်ရပ်၊  ထရန်ကာ၊ ကြမ်းခင်း အားလုံးပြောစရာကို မရှိအောင် သေသေသပ်သပ်လေးနဲ့ လှနေတဲ့ ကိုနီတာကြီးအိမ်ကို အားလုံးက ချီမွမ်းကြတာပေါ့။  တစ်နေ့တော့ ကိုနီတာကြီးအိမ်မီးလောင်ပါလေရောတဲ့။  မီးလောင်တော့ ရွာသားတွေလည်း အပြေးအလွှား ကိုနီတာကြီးအိမ်ဖက်ကို ရေပုန်းတွေ ဆွဲပြီး ပြေးကြတာပေါ့လေ။  ဟိုလည်းရောက်ရော မီးကတော်တော်ကြီးနေတော့ သတ်လို့ကလည်းမရ။  တစ်အိမ်လုံးလောင်ပါလေရောပေါ့လေ။  အဲ့ဒီအချိန်မှာ ကိုနီတာကြီးကတော့ အိမ်ပေါ်ဒ ဒန်အိုး ဒန်ခွက် အ၀တ်အစားတွေနဲ့ ဆောင့်ကြောင့်ကြီးထိုင်၊ ဆေးပေါ့လိပ်ကြီးကိုဖွာရင် သူ့အိမ်မီးလောင်တာကို ပြုံးပြုံးကြီးနဲ့ ကြည့်နေလေရဲ့။  အဲ့ဒါနဲ့ ရွာသားတွေလည်း ဟေ့ ကိုနီတာ ခင်ဗျားနှယ် အိမ်မီးလောင်တာကိုမှ ပြုံးပြုံးကြီးကြည့်နေရတယ်လို့ ဆိုလေတော့ ကိုနီတာကြီးကပြန်ပြောသတဲ့။
“လောင်ပလေ့စေ….. အဲ့ဒီအိမ်ထဲမှာ နီတာ့ ပစ္စည်း တစ်ခုမှ မပါဘူးတဲ့ဗျား”
ရယ်ဖို့လည်းကောင်းသလို ကိုနီတာရဲ့ စည်းကမ်းရှိပုံလေးကိုလည်း သဘောကျလှပါတယ်။  သူများအိမ်တွေ ဆောက်ရင်း ပိုတဲ့ ပစ္စည်းလေးတွေနဲ့ သူ့အိမ်ကို မွမ်းမံတယ်ဆိုပဲ၊  ဓနိတစ်ချပ်ရရင် သူ့အိမ်က သိပ်မကောင်းတဲ့ ဓနိနဲ့ လဲတယ်၊ ၀ါးတစ်လုံးရ ၀ါးတစ်လုံးနဲ့ နောက်ဆုံး တစ်အိမ်လုံး သူ့ပစ္စည်း ဘာမှ မပါတော့ဘူး တဲ့။

5 comments:

  1. ဟုတ်ပါ့ဗျာ။ အဲဒါပဲ သဲတပွင့်နဲ့ အလုပ်ဖြစ်တယ်ဆိုတာ :P

    ReplyDelete
  2. သူပြောတော့လဲဟုတ်သလိုလိုပါပဲ
    လောငါပလေ့စေပေါ့ သူ့ပစ္စည်းမှ မဟုတ်တာကိုး
    ခင်ခင်မင်မင် jasmine

    ReplyDelete
  3. သူ့ပစ္စည်မပါပေမဲ့ အိမ်ဆောက်ရတဲ့ သူ့စွမ်းအားတော့ပါမှာပဲလေ

    ReplyDelete
  4. ဟားဟားး) မှန်တာပဲ
    ဒါပေမယ့် သူ့စနစ်လေးကတော့ အတုခိုးချင်စရား)

    မောင်ဘကြိုင်

    ReplyDelete
  5. အင်း.... နီတာ့ ပစ္စည်းတစ်ခုမှ မပါဘူး ..

    ReplyDelete