မြန်လှသည်၊ ဘာလိုလိုနဲ့ ၂ နှစ်ပြည့်သွားပါပြီ။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲ ပြီးတော့
ဘ၀လမ်းကို အတူလျှောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ် သူ့ကို ကျေးဇူးတင်ပါတယ်။ သူ့ကိုစတွေ့ခဲ့တဲ့ အချိန်ကနေပြီးတော့ သမီးရည်းစားဖြစ်တဲ့အချိန်အထိ
၈ နှစ်လောက် ကြာခဲ့တယ်။ ချစ်သူသက်တမ်းကလည်း
၆ နှစ်ကျော်ကျော် ဟော ခုတော့ လက်ထပ်တာလည်း ဘာလိုလိုနဲ့ ၂ နှစ်ပြည့်သွားပြန်ပြီ။
စတွေ့တော့ ကျွန်တော်က ၅ တန်း၊ သူကလည်း ၅
တန်း မြင်ကထည်းက ဘယ်လိုခံစားချက်ရယ် မပြောတတ်ဘူး တစ်နေ့ သူ့ကို ယူမယ်လို့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီလိုနဲ့ သူ့ကိုတွေ့ပြီး ၇ နှစ်အကြာမှာ ကျွန်တော်
သူ့ကို ချစ်ကြောင်းပြောဖြစ်တယ်။ သူ့ကိုတွေ့ပြီး
၈ နှစ်မြောက်မှာ သူနဲ့ ကျွန်တော် ချစ်သူတွေဖြစ်ခဲ့တယ်။ နောက်ထပ် ၆ နှစ်ကြာတဲ့အခါမှာ ငါ့ကို လက်ထပ်ပါလို့
ကျွန်တော်သူ့ကို ပြောတယ်။ သူ့ကို လက်ထပ်ဖို့
ငါပြင်ဆင်သလောက်တော့ ပြင်ဆင်ပြီးပြီလို့ ကျွန်တော် ဆုံးဖြတ်ချက်ချတဲ့ တစ်နေ့ပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘ၀ စခဲ့ကြတယ်။
ချစ်သူဘ၀နဲ့ အိမ်ထောင်သည် ဘ၀ ဘာကွာသွားလည်း? အားလုံးကွာသွားတယ်။ ပိုပြီး ရင်းနှီးလာတယ်၊ မျက်နှာဖုံးစွပ်တွေ ခွာကြတယ်။ တစ်ယောက်စိတ်ဓာတ်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း
သိလာတယ်။ ပိုပြီး ငြှိနှိုင်းယူရတွေများလာတယ်။ တာဝန်တွေ ခွဲဝေယူလာကြရတယ်။ ကိုယ့်တာဝန် ကိုယ်နိုင်အောင်ထမ်းဖို့လည်းလိုတယ်၊
မဟုတ်ရင် တရွတ်တိုက်ကြီးနဲ့ ခရီးက ဖင့်တယ်။
လေးတယ်၊ နှေးတယ်။ ချစ်တာ ဟာ ချစ်တာပေါ့…၊
ချစ်လို့လည်း ဘ၀စဖို့ သဘောတူကြတာပေါ့။ တစ်ဦးနဲ့တစ်ဦး
လက်ထပ်တာဟာ တစ်ဦးကို တစ်ဦးဖေးမတာ။ တစ်ဦးက
တစ်ဦးကို မှီခိုတာ။ ဒါပေမယ့် တစ်ယောက်ချင်းစီလည်း
အမှီအခိုကင်းနိုင်ရမယ်။ ကျွန်တော်တို့ အချိန်မရွေး
သေသွားနိုင်တယ်။ ရင်သွေးလေးတွေရလာလို့ တစ်ဦးဦး
သေဆုံးသွားခဲ့ရင် ဒီရင်သွေးလေးတွေအတွက် ကျန်ရစ်သူဟာ အသင့်ဖြစ်နေရမယ်။ စီးပွားရေး၊ လူမှု့ရေး၊ စီမံခန့်ခွဲမှု့ စတဲ့ အိမ်တစ်ခုရဲ့
တာဝန်အားလုံးကို ဆက်လက် အောင်မြင်အောင် ထမ်းဆောင်နိုင်ရမယ်။ ဒီရင်သွေးကို ဘယ်လောက် ဆိုးတဲ့ အခြေအနေမျိုးတွေနဲ့
ကြုံနေပါစေ ကိုယ်ထက် တော်တဲ့၊ ကိုယ့်ထက် သာတဲ့ နေရာကို ရောက်အောင် အဖေရော၊ အမေရောက
ပံပိုးပေးနိုင်ရမယ်။ ဒီအတွက် စီမံကိန်း ရှိသင့်တယ်။ ကျွန်တော်သေသွားလို့ သူ့ကို ဒုက္ခ အများကြီးပေးခဲ့သလိုမျိုး
မဖြစ်စေရသလို၊ သူသေသွားလို့လည်း ကျွန်တော် ဒုက္ခတွေ ပင်လယ်ဝေပြီး ကျန်ခဲ့မှာ မဟုတ်ဘူး။ ဒီကစပြီး ကျွန်တော်တို့ ပြင်ဆင်ကြတယ်။
ဒီလိုနဲ့ အခက်အခဲတွေ ကျော်ဖြတ်ကြတယ်၊ အတူတူ ရယ်မောခဲ့ကြတယ်။ ကျွန်တော် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးနေစဉ် အချိန်မှာပဲ
ငါတည်ထောင်တဲ့ မိသားစုအပေါ်မှာ ငါသည် တာဝန်ကျေစေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ ထည့်ထိုးထားခဲ့တယ်။ ဒီအတွက် ကျွန်တော် တာဝန်ကျေအောင် ကြိုးစားတယ်။ သူ့ကိုလည်း နားလည်းအောင်ရှင်းပြတယ်။ သူ့ကလည်း သူ့ယူဆချက်တွေကို ပြောပြတယ်။ လက်မထပ်ခင်ကထည်းက သဘောတူညီချက်တစ်ခုရှိတယ်၊ ရန်ဖြစ်ရင်
အော်လားဟစ်လား မလုပ်ဖို့ သဘောတူညီချက်ပါ။ ဒါကိုလည်း
ခုထိ နှစ်ယောက်စလုံး စောင့်ထိန်းနေကြတုန်းပဲ။
နောင်လည်း ကျွန်တော်တို့ စောင့်ထိန်းသွားမယ်လို့ ကျွန်တော် ယုံကြည့်တယ်။ သူက ကျွန်တော် သူ့ကို “မင်း” လို့ခေါ်တာ မကြိုက်သလို၊
ကျွန်တော်ကလည်း သူ ကျွန်တော့်ကို “နင်” လို့ ခေါ်တာကို လုံးဝမကြိုက်ပါဘူး။ ဒီအတွက် မည်မျှ စိတ်ဆိုးနေသည်ဖြစ်စေ လေသံကို ထိန်းသလို
အဲ့ဒီ စကားလုံးတွေကိုလည်း မသုံးနှုံးပါဘူး။
ကျွန်တော်တို့ အရမ်းစိတ်ဆိုးလာကြရင် စကားမပြောတော့ပါဘူး။ ပြောတိုင်းမှာ အမှားပါနိုင်ပါတယ်။ နှစ်ယောက်စလုံး ဒေါသထိန်းနိုင်တဲ့ အချိန်ကျတော့မှ
ပြန်လည်ညှိနှိုင်းကြတယ်။ ဒါကြောင့် ကျွန်တော်တို့ ရန်ဖြစ်ရင် အသံတိတ်ဖြစ်တယ်လို့
အိမ်က လူတွေက ပြောတတ်ကြတယ်။
ဒီလိုနဲ့
၂ နှစ်ပြည့်လာပြန်ပြီ။ ခဏလေးလိုပဲ။ ပြီးခဲ့တဲ့ နှစ်က သူ့ကို ဘာပေးနိုင်ခဲ့သလည်း ဘာမှမပေးနိုင်ခဲ့ပါဘူး။ ဒီနှစ်ရော ဘာပေးနိုင်လည်း၊ လူကိုယ်တိုင် တောင် အနားမှာမှ
မရှိတာ ကျန်တာ ဘာပေးနိုင်ဦးမှာတုန်း။ ကျွန်တော်ချစ်တယ်၊ သူ့ကို ချစ်တယ်။ အဲ့ဒီတော့ အနည်းဆုံး ဒီစာလေးတော့ ပေးချင်ပါတယ်။ ဒါလေးကိုဖတ်ပြီးတော့ပဲ သူ ပျော်ရွှင်ပါစေလို့ ကျွန်တော်
မျှော်လင့်ပါတယ်။