စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 12, 2011

သီတင်းကျွတ်


          သီတင်းကျွတ်ပြီဆိုရင် ငယ်ဘ၀လေးကို ပြန်ပြန်သတိရမိပါတယ်။  ကျွန်တော်က ပုသိမ်မြို့မှာမွေး ပုသိမ်မှာကြီး ပုသိမ်မှာ ၁၀ တန်းအောင်တာခင်ဗျ။  ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ကလေးချစ်တဲ့ သွားဆရာဝန်ကြီးရှိတယ်။  သူ့မှာက သားတစ်ယောက်၊ သမီးတစ်ယောက်။  သားက ကျွန်တော်နဲ့ အသက်တူ အတန်းတူ၊ အထက်တန်းကျတော့ ကျောင်းတူ။  သမီးက ကျွန်တော်တို့ထက် ၂နှစ်ငယ်။ နောက် ရပ်ကွက်ထဲက ကလေးပေါင်း တစ်သိုက်နဲ့ ညညဆိုရင် ကလေး ၁၀ ယောက်ထက် မလျှော့ဘူး ဆရာဝန်ကြီးအိမ်မှာ ကလေးတွေအသံနဲ့ ဆူညံလို့။  သီတင်းကျွတ်ဆို သာတောင်ဆိုးသေး။  ကျွန်တော်တို့ တစ်တွေ ဖယောင်းတိုင်ရယ် ကျားဘမ်းဘူး ခွံလေးတွေရယ် ရေပုံးရယ်ရရင် အလုပ်က ဖြစ်နေပြီ။  ငရဲမီး ဆော့သကိုး။  မြေကြီးမှာ ကျွင်းတူး၊ ဖယောင်းတိုင် ငုတ်တိုကလေးထည့် ကျားဘန်းဘူး ထဲ ဖယောင်းလေးတွေ ခြစ်ထဲ့၊ ဆူအောင်ထား ဆူပြီဆိုရင် မီးစာလေးနဲနဲကျွေး မီးလေးနည်းနည်းတောက်တာနဲ့ ရေနဲ့လောင်း ရှဲခနဲ မီးတွေထတောက် ဒါကိုဘဲပျော်။  ဗျောက်အိုး၊ ရမ်းသေနတ်၊ ရွှီဒိုင်း ဒါတွေက ရပ်ကွက်တကာလှည့် လူကြီးတွေကို လိုက်ကန်တော့ ရလာတဲ့ မုန်းဖိုးနဲ့  ဘောင်းဘီအိတ်ထဲနဲ့ လွယ်အိတ်ထဲ သီတင်းကျွတ်ချိန်ဆို အပြည့်။  တစ်ညလုံးဆော့ မျောက်ရှုံးအောင်ဆော့၊ ဗိုက်ဆာလာရင် ဆရာဝန်ကြီးကျွေးတဲ့ ဆီထမင်းဖြစ်ဖြစ်၊ အို ဘာမုန့်ဖြစ်ဖြစ် စုံအောင်စား။  စားလို့ဝရင်ပြန်ဆော့ တယ်ပျော်စရာကောင်းတဲ့ ကလေးဘ၀လေးပါဘဲ။
  မီပုံးကတော့ ဘာလွှတ်သလဲမမေးနဲ့ အထုတ်လိုက်ကို လွှတ်တာ။  ဟိုဘက်ရပ်ကွက်က တစ်လုံးတက်လာရင် ကျွန်တော်တို့ကလည်း တစ်လုံး၊  ဟိုဘက်က အလုံးတစ်ရာတက်ရင် ဒီဘက်ကလည်း အလုံးတစ်ရာ ကောင်းကင်တစ်ခုလုံး မီပုံးရောင်စုံနဲ့… အဲ မီးတော့ သတိထားရတာပေါ့လေ….  ပြီးရင် ၀ါးလုံးချောင်းလေးတွေကိုဆက် ငါးဖမ်းပိုက်လုပ်ရင်သုံးတဲ့ ကော်နဲ့လုပ်ထားတဲ့ အ၀ိုင်းလေးတွေဝယ်၊ ဒါမှ မဟုတ်ရင် ဂျပန်ဖိနပ်ကို အ၀ိုင်းလေးတွေရအောင်ဖြတ် အဲ့ဒါမျိုးလေးခုရရင် ကားဘီးရပြီ။ ဘော်ဒီကတော့ ဟို ၀ါးချောင်းတွေကို သပ်၊ ပြီးရင် ၀ါးလုံး သေးသေးလေးနဲ့ဆက် စတီယာရင်လုပ်၊ အဲ့ဒါဆိုရင် ပြိုင်ကားရပြီ အဲ့ဒီပြိုင်ကားလေးရဲ့ စတီယာရင် ဘယ်ဘက်ကွေ့ရင် ဘယ်ဘက်၊ ညာဘက်ကွေ့ရင် ညာဘက် ကားလေးကကွေ့သဗျ။  တွေ့ဖူးကြလားတော့မသိဘူး။  ကားလေးက လက် ၂ ၀ါးစာသာသာရယ် ပြီးတော့ဝါးလုံးလေးနဲ့ဆက်လိုက်ရင် စတီယာရင်က ကျွန်တော်တို့ ရင်ညွှန့်လောက်ရောက်သပေါ့လေ….. အဲ့ဒီ ကားမျိုးနဲ့ ကလေးတစ်သိုက် ရပ်ကွက်စုံပတ်၊ အိမ်က ကျွန်တော့်ရဲ့ ခွေး ၁၂ ကောင်ပါ ကလေးတစ်သိုက်နဲ့လိုက်၊  ရပ်ကွက်ကျော်ရင် ဟိုဘက်ရပ်ကွက်က ခွေးတွေနဲ့ ကျွန်တော်တို့ ခွေးတွေနဲ့ ကိုက်၊  ကိုယ့်ခွေးဘက်က ကိုယ်အားပေး မနိုင်ရင် ခွေးရော၊ လူရော၊ ဟိုကားတွေရောနဲ့ ဖုံတစ်လုံးလုံးထအောင်ပြေး၊ နိုင်ရင် နီးရာဆိုင်က မုန့်ဝယ် ခွေးတွေကို ကျွေး ကလေးတွေလည်းစား တယ်ပျော်ဖို့ကောင်းသကိုး။  ကျောင်းအားရက် နေ့လည်အားရင် အိမ်နောက်ဖေးက ခြံထဲမှာ မြေကြီးတွေတူး လမ်းတွေဖောက် မြို့ဆောက်တမ်းကစားတာ အိမ်နီးနားချင်းတွေရဲ့ သဲတွေ၊ ဘိလပ်မြေတွေ၊ ကျောက်စရစ်တွေလည်း ကုန်တာဘဲ။  အဲ လမ်းတွေဘာတွေပြီးပြီဆိုရင်တော့ ကားသေးသေးလေးတွေနဲ့ ကိုယ်ဖောက်ထားတဲ့ လမ်းတွေပေါ်မှာ ကားလေးတွေ တွန်းဆော့။  ကျန်ကျောင်းကလည်း ခေတ်စားလေတော့ ကျန်ကျောင်ဓားဆိုပြီး ၀ါးလုံးတွေသပ် ဓားရိုးတွေ ဓားအိမ်တွေလုပ်၊ ဓားခုတ်တမ်းကစားလိုက်တာ အိမ်မှာရှိတဲ့ သီးပင် စားပင်တွေအကုန်လုံး ၀ါးခြမ်းပြားစာမိ။  တယ်သတိရမိပါတယ်။

          တက္ကသိုလ်ရောက်တော့ ထူးထူးထွေထွေသိပ်မရှိလှတော့ဘူး။  သီတင်းကျွတ်ဆို တစ်ခါတစ်လေ ပုသိမ်ကိုပြန် ညဈေးတန်းလျှောက် ဟိုဟာဝင်စား ဒီဟာဝင်စား။  ရန်ကုန်မှာဆိုရင်လည်း ကြည့်မြင်တိုင်ဘက် သူငယ်ချင်းနဲ့လိုက်ချင်လိုက် ဒီလောက်ကလွဲလို့ စိတ်ဝင်စားစရာ သိပ်ကိုမရှိတော့တာ အခု အလုပ်လဲ လုပ်ရော သီတင်းကျွတ်နဲ့ ကိုယ်နဲ့ ဘာမှ မဆိုင်သလို ဖြစ်နေတာ အခုလပြည့်နေ့မှာ ဒီဟာလေးရေးပြီး စမြုံသာ ပြန်နိုင်ပါတော့တယ် အရပ်ကတို့ရေ။

10 comments:

  1. ငယ်ဘ၀ထဲမှာရော သံယောဇဉ်လေးတွေမကျန်ခဲ့ဘူးလား
    ထဲ့ရေးရမှာကြောက်လို့ သိပါတယ်ဌဲဌဲဌဲ...

    ReplyDelete
  2. သီတင်းကျွတ်ပြီး မိုးလေကွင်းလွတ်တော့မည်...

    ReplyDelete
  3. ဟက်ပီး သီတင်းကျွတ်ပါ ခင်ဗျား ..... အမှတ် တရလေးတွေ ခံစားသွားပါတယ်

    ReplyDelete
  4. ပျော်ရွင်ဖွယ်သီးတင်းကျွတ်လေးပါ မောင်လေးရေ...အမှတ်တရလေးတွေ ခံစားရင်းးးးး လွမ်းထှာာာနော်....:(

    ReplyDelete
  5. ကိုအေအိတ် က ပုသိမ်သားကိုးး) ပုသိမ်သူတွေက ပုသိမ်ထီးနဲ့ ပါးကွက်ကျားနဲ့ ဆိုတော့ ပုသိမ်သားတွေကကော ဘယ်လိုဝတ်စားကြလဲဗျ ။


    ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေဗျာာာ ။

    ReplyDelete
  6. အမှတ်တရတွေ အများကြီး ရှိခဲ့တာပဲ.. ပျော်စရာကြီး... :D

    ReplyDelete
  7. ပုသိမ်သားလေး မောင်အောင်ထွဋ်ရေ ငယ်စဉ်ခါက ကြုံခဲ့ရပုံလေးအကြောင်း ကြည်နူးစွာဖတ်သွားတယ်နော်။ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ငယ်စဉ်ကလေးဘဝရဲ့ ခံစားချက်တွေကတော့ တခြားစီပေါ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ကျွန်မရဲ့ ဇာတိမြေမှာလည်း သီတင်းကျွတ်ဆို သိပ်ပျော်ဖို့ကောင်းတာ
    သင်္ကြန်ထက်တောင် ပိုပျော်သေးတယ်
    ခုတော့လည်း အဝေးကနေ လွမ်းနေရတယ်
    ဘယ်နေရာရောက်ရောက် ကိုယ့်မွေးရပ်မြေက ပျော်စရာအချိန်တွေကိုဘဲ သတိတရ ရှိနေကြရတာဘဲနော်

    ReplyDelete
  9. သီတင်းကျွတ်အမှတ်တရလေးတွေက လူတိုင်းမှာ ရှိတတ်တယ်။

    ReplyDelete
  10. အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ... :)

    ReplyDelete